ကျွန်းလှမြို့နယ်၌ ဆီထွက်သီးနှံ ဧကပေါင်း ၇၃၀၀ ကျော် စိုက်ပျိုးပြီးစီး မိုးမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ကျွန်းလှ   ဩဂုတ်   ၂၈
စစ်ကိုင်းတိုင်း     ဒေသကြီး ကျွန်းလှမြို့နယ်တွင် စပါးအပြင် ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ဟင်းသီး ဟင်းရွက်နှင့်     အခြားသီးနှံများ စိုက်ပျိုးလျက်ရှိရာ      ယခုနှစ် မိုးရာသီ၌  စိုက်ပျိုးသော   မိုးမြေပဲ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း ဒေသခံတောင်သူ များထံမှ သိရသည်။
“မိုးမြေပဲကို မေလကစတင်ပြီး    သုံးဧက    စိုက်ပျိုးထားပါတယ်။ ဒီနှစ်က  မျိုးစေ့ဖိုး၊  လုပ်အားခနဲ့       သွင်းအားစုပစ္စည်းတွေ    ဈေးနှုန်းတက်ပါတယ်။ စိုက်ပျိုးပြီး မိုးရွာ သွန်းမှုနည်းပေမယ့်    နောက်ပိုင်း မိုးရွာသွန်းလို့ အောင်မြင်ဖြစ်ထွန်း ပါတယ်။  မိုးမြေပဲကို  စားသုံးဆီ အပြင်  ဆောင်းမြေပဲ   စိုက်ပျိုးဖို့  မျိုးအဖြစ် ထားရှိကြပါတယ်”  ဟု        တောင်သူတစ်ဦးက ပြောသည်။
အဆိုပါ မိုးမြေပဲစိုက်ခင်းများ  အောင်မြင်ပြီး          အထွက်နှုန်း ကောင်းမွန်ရန်အတွက်   မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန  ဝန်ထမ်း များက      မြေပဲစိုက်ခင်းများအတွင်း ကျရောက်တတ်သည့်    ရွက်လိပ် ရွက်ကပ် ပိုးကျရောက်မှု    ကြိုတင် ကာကွယ်ရန်၊    သဘာဝပိုးသတ် ဆေးနှင့် ပိုးနှင်ဆေး၊ တမာပိုးသတ် ဆေးများ    ပြုလုပ်သုံးစွဲရန်နှင့် ကာကွယ်ရေး       နည်းစနစ်များ      ကွင်းဆင်းအသိပေးလျက်ရှိသည်။
ကျွန်းလှမြို့နယ်၌     ယာမြေ ဧက  ၄၈၀၀၀ ကျော်ရှိပြီး  ယခုနှစ်   မိုးရာသီ၌   ဆီထွက်သီးနှံစိုက်ပျိုး ရန်     ၇၃၁၄     ဧက    လျာထား ကြောင်း၊     ယနေ့အထိ     မြေပဲ ၇၂၄၃ ဧက၊ နှမ်း ၁၁ ဧက၊ နေကြာ ၆၅  ဧက စုစုပေါင်း  ၇၃၁၉  ဧက  စိုက်ပျိုးပြီးဖြစ်ကြောင်း   မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)