ကံ့ကော်မြေက လူမှုကရုဏာခရီးအစ

Type
၁

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်

=========================

 

ကံ့ကော်မြေက လူမှုကရုဏာခရီးအစ

========================

 

ကိုနိုင်(နိုင်ငံရေးသိပ္ပံ)

 

တစ်ယောက်နဲ့တစ်ယောက် တစ်မြို့ဆီ တစ်နယ်ဆီ နေကြသော်လည်းလေ × × × × ×

အလှရွှန်းဆိုသာမောရာ မြကျွန်းညိုကဗျာတောမှာ ခဏကွန်းခိုလာသောအခါ× × ×

တစ်ဦးနဲ့တစ်ဦး မိတ်ဆွေအပေါင်းအသင်း ဖြစ်သွားကြတာတွေ × × ×

စိတ်အနေပြောင်းရင်း ချစ်သွားကြတာတွေ × × ×

တက္ကသိုလ်ကျောင်းက ငွေလမင်းသီချင်းသည် မြကျွန်းညိုရဲ့ ရင်ခွင်တွင် ကြီးပြင်းခဲ့ရသူတို့၏ နှလုံးသား ကို လှုပ်ခါစေသည်။ သြော်.........ကျွန်ုပ်တို့၏ တက္ကသီလာ (ဝါ) မြကျွန်းညိုသည် ရာပြည့်သို့ပင် တိုင်ခဲ့လေပြီ။ ထို သီချင်းသံသည် ရာပြည့်သဘင်ကျင်းပရာ ဘွဲ့နှင်းသဘင် ခန်းမဆီမှ ဖြစ်လေမည်။ ထိုသီချင်းထဲကအတိုင်း စာရေး သူ မိမိသည် မုံရွာဆိုသည့်နယ်မြို့မှ အမိရန်ကုန် တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ယူ လာခဲ့သည်မှာ လေးနှစ်တိုင်ပြီ ဖြစ်သည်။ တစ်မြို့ဆီ တစ်နယ်ဆီက သူငယ်ချင်းပေါင်းစုံနှင့် မိတ်ဆွေအပေါင်း အသင်းဖြစ်ခဲ့ပါသော်လည်း စိတ်အနေမပြောင်းခဲ့ပါလေ။ သို့သော် အမိတက္ကသိုလ်တွင် အမှတ်တရများစွာနှင့် ပျော်ရွှင်ဖွယ်အတိဖြစ်ခဲ့သည်။ ထိုအထဲမှ စာ‌ရေးသူ တက္ကသိုလ်ရောက်စဉ်ကတည်းက ပါဝင်လှုပ်ရှားခဲ့သည့် ရန်ကုန်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲသည် အမှတ် တရအများအပြားနှင့် ဒုတိယမိသားစုကဲ့သို့ပင် ဖြစ်သည်။

 

လူမှုကရုဏာခရီး၏အစ

 

မြကျွန်းညိုညို ကံ့ကော်တောကြီးကို တက္ကသီလာ (ဝါ) ပညာရပ်ဝန်းဟု ဆိုကြပါသည်။ စာရေးသူကဲ့သို့ တက္ကသိုလ် ကြက်ခြေနီစေတနာ့လုပ်အားရှင်များ အတွက်မူ ပညာရပ်ဝန်းဟုဆိုရုံဖြင့် လုံလောက်မည်မထင်။ မေတ္တာနှင့် ကရုဏာရှေ့သွားရှိသော ပညာရပ်ဝန်းဟု ဆိုပါမှ ပြည့်စုံမည်ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အဖြစ် စာစောင်ထုတ်ဝေရာတွင် တက္ကသိုလ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ကြက်ခြေနီ အသင်းခွဲကြီး၏ သမိုင်းကို ပြုစုရန် စာရေးသူကို တာဝန် ပေးလာပါသည်။ ထို့ကြောင့် အစဉ်အဆက် တာဝန်ယူ ပျိုးထောင်ခဲ့ကြသည့် ဆရာကြီး/ဆရာမကြီးများဖြစ်သော ဆရာမကြီးဒေါက်တာခင်မာကြည်၊ ဆရာဦးမျိုးသန့်နှင့် ဆရာမကြီးဒေါက်တာစိုးမြမြအေးတို့ကို မေးမြန်း၍ လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းများကို လေ့လာ၍လည်းကောင်း ကံ့ကော်မြေက လူမှုကရုဏာ ခရီး၏အစကို ခြေရာကောက်လိုက်ရပါတော့သည်။

 

ရန်ကုန်တက္ကသိုလ်တွင် ကြက်ခြေနီလှုပ်ရှားမှုများ ကို ဒုတိယကမ္ဘာစစ်ကာလများက စခဲ့သည်ဟု ဆိုရမည်။ စစ်အတွင်းကာလ၌ ၁၉၅၉ ခုနှစ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဖြစ်လာမည့် စိန့်ဂျွန်းသူနာ ပြုတပ်ဖွဲ့၏ လက်အောက်ခံအဖြစ် ရန်ကုန်ကောလိပ် တပ်ခွဲတစ်ခုကို ရန်ကုန်ကောလိပ်တွင် ဖွဲ့စည်းထားရှိပြီး လူမှုကရုဏာ လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ဤသည် ကား ရန်ကုန်တက္ကသိုလ်၏ ကြက်ခြေနီ လူမှုကရုဏာ လုပ်ငန်းများ၏ အစဖြစ်သော်လည်း ကြက်ခြေနီလှုပ်ရှား မှုဟု ခေါ်ဆို၍ မရနိုင်ပါ။

 

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို အမြဲတမ်းလူမှု ကရုဏာအသင်းအဖြစ် နိုင်ငံတော်က ၁၉၅၉ ခုနှစ်တွင် အက်ဥပဒေပြဋ္ဌာန်း၍ ဖွဲ့စည်းခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ထိုဥပဒေကို ပြင်ဆင်လိုက်ပြီး အခြေခံအသင်းခွဲများ ဖွဲ့စည်းခွင့် ပါဝင်လာပါသည်။ ရန်ကုန်တက္ကသိုလ် စိန်ရတု အထိမ်းအမှတ် ထုတ်ဝေခဲ့သော တက္ကသိုလ်ကောလိပ်များ တိုးတက်မှုမှတ်တမ်း ၁၉၂၀-၁၉၉၅ ခုနှစ်အရ ရန်ကုန် တက္ကသိုလ် ကြက်ခြေနီအသင်းကို (၈၈၈၈) အရေးအခင်း ပြီးနောက် စတင်ဖွဲ့စည်းခဲ့သည်ဟု တွေ့ရပါသည်။

 

သို့သော် တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းများနှင့် ထိုစဉ် က တာဝန်ထမ်းဆောင်ခဲ့သော ဆရာ ဆရာမများနှင့် တွေ့ဆုံမေးမြန်းမှုများအရ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း ကတည်းက ရန်ကုန်တက္ကသိုလ်နယ်မြေခွဲများဖြစ်သော ဗိုလ်တထောင်နယ်မြေ၊ လှိုင်နယ်မြေနှင့် ကြည့်မြင်တိုင် နယ်မြေများတွင် နယ်မြေအလိုက် ရှေးဦးပြုစုခြင်းသင်တန်း များပေးခြင်းနှင့် လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက် ခြင်းတို့ဖြင့် ကြက်ခြေနီလှုပ်ရှားမှုများ ကျယ်ပြန့်စွာ ရှိနေပြီး ဖြစ်ကြောင်း တွေ့ရသည်။ ထိုစဉ်ကတည်းကပင် ကမ္ဘာ့ ကြက်ခြေနီနေ့ အထိမ်းအမှတ် ၁၉၈၀ ပြည့်နှစ်၌ ရှေးဦး ပြုစုခြင်းနှင့် စစ်ရေးပြပြိုင်ပွဲတွင် ရန်ကုန်တက္ကသိုလ် ဒေသကောလိပ်(၂)(လှိုင်နယ်မြေ) ကိုယ်စားပြုအဖွဲ့က စစ်ရေးပြပြိုင်ပွဲ တံခွန်စိုက်ဒိုင်းရရှိခဲ့ပါသည်။ အရေး အခင်းအတွင်းနှင့် အရေးအခင်းဖြစ်ပြီးနောက် ကြက်ခြေနီ လှုပ်ရှားမှုများ ရပ်တန့်ခဲ့သည်။

 

ရန်ကုန်တက္ကသိုလ်ကြက်ခြေနီအသင်းခွဲ

 

ယခုလက်ရှိ ကြက်ခြေနီအသင်းကိုမူ ၁၉၉၃ ခုနှစ် တွင်မှ ရန်ကုန်တက္ကသိုလ် ဒေသကောလိပ်(၂) လှိုင်နယ် မြေတွင် ကုန်ထုတ်ဓာတု‌‌ဗေဒဌာန ပါမောက္ခဆရာမကြီး ဒေါက်တာ ‌‌ဒေါ်ခင်မာကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ကာ အင်အား ၁၅၀ ခန့်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်ဖြစ်သော “လူသားများခံစားနေရသော ဆင်းရဲဒုက္ခ နည်းပါး သက်သာစေရန် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်မည်” ဟူသည့်အတိုင်း လူမှုကရုဏာ လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ထပ်မံပြင်ဆင် လိုက်သော မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥပဒေအရ ရန်ကုန်တက္ကသိုလ်ကြက်ခြေနီအသင်းခွဲဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါသည်။

 

၁၉၉၃ ခုနှစ်မှစ၍ ယခုအချိန်အထိ ရန်ကုန် တက္ကသိုလ် ကြက်ခြေနီအသင်းခွဲကြီးကို ပြုစုပျိုးထောင် ကာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကြသော ဆရာကြီး/ဆရာမ ကြီးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

 

ကမ္ဘာတစ်ဝန်းက ကြက်ခြေနီစေတနာ့လုပ်အားရှင် များ လက်ကိုင်စွဲရသော အခြေခံမူ ခုနစ်ချက်ရှိပါ သည်။ ၎င်းတို့မှာ လူသားချင်း စာနာထောက်ထားခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်ခြင်း၊ စေတနာ့ ဝန်ထမ်းအကျိုးဆောင်ခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့် ကမ္ဘာတစ်ဝန်း ပျံ့နှံ့ခြင်းတို့ဖြစ်ပါသည်။ ကြက်ခြေနီ စေတနာ့လုပ်အားရှင်များသည် အထက်ပါအခြေခံမူ များကို သံမဏိစည်းမျဉ်းများကဲ့သို့ လိုက်နာလက်ခံ ကျင့်သုံးကြရသည်။

 

လူမှုကရုဏာလှုပ်ရှားမှုများအဖြစ် ပထမနှစ်ဝက် ပညာသင်ကာလတွင် ရှေးဦးပြုစုခြင်း သင်တန်းပေး ခြင်းနှင့် ဒုတိယနှစ်ဝက် ပညာသင်ကာလတွင် သွေးလှူ ဒါန်းပွဲများနှင့် မျက်ကြည်လွှာလှူဒါန်းပွဲများ ပြုလုပ်ခြင်း တို့ကို ပညာသင်နှစ်တိုင်း လုပ်ဆောင်နေပါသည်။ ထို့အပြင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းများကို လည်း အလျဉ်းသင့်သလို ပြုလုပ်ပေးလျက်ရှိသည်။ တက္ကသိုလ်အတွင်းနှင့် တက္ကသိုလ်ပေါင်းစုံ ပျော်ပွဲရွှင်ပွဲ များတွင် ရှေးဦးပြုစုခြင်း အတတ်ဖြင့် ကျန်းမာရေးဆိုင်ရာ အကူအညီများပေးလျက် ရှိသည်။ ထို့အပြင် ကျန်းမာရေး ဆိုင်ရာ ဗဟုသုတဖြစ်ဖွယ် ဆွေးနွေးဟောပြောပွဲများ ကိုလည်း နှစ်စဉ်ပြုလုပ်ပေးလျက်ရှိသည်။

 

၁၉၉၇ ခုနှစ်က ဖြစ်ပွားခဲ့သော ပဲခူးတိုင်းဒေသကြီးရှိ ရွှေကျင်မြစ်ရေကြီးမှုကြောင့် ဘေးဒုက္ခခံစားကြရသော ဒေသများသို့ ရန်ကုန်တက္ကသိုလ် ကြက်ခြေနီအသင်းက စေတနာ့လုပ်အားရှင်များက သွားရောက်ကူညီခဲ့ကြသည်။ ထို့အပြင် ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ခံစားခဲ့ရသော ဒေသများသို့ ရန်ကုန်တက္ကသိုလ် ခြေလျင် တောင်တက်အသင်းနှင့်တွဲဖက်၍ လေးလတိုင်တိုင် ကူညီကယ်ဆယ်ရေးနှင့် လူမှုကရုဏာလုပ်ငန်းများတွင် ပါဝင်ကူညီခဲ့ကြသေးသည်။

 

ထူးချွန်ကြက်ခြေနီ လူငယ်မောင်မယ်များ

 

၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်း အမှတ်အဖြစ် ရန်ကုန်တိုင်း ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ၏ ဦးဆောင်မှုဖြင့် ကျင်းပသော တက္ကသိုလ်၊ ဒီဂရီနှင့် ကောလိပ်ပေါင်းစုံ ရှေးဦးပြုစုခြင်းပြိုင်ပွဲကို ရန်ကုန် တက္ကသိုလ်ကြက်ခြေနီအသင်းခွဲက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ရန်ကုန်တက္ကသိုလ်အသင်းခွဲ ကိုယ်စားပြု ကြက်ခြေနီစေတနာ့လုပ်အားရှင် မသက် နှင်းအိက တတိယဆု ရရှိခဲ့သည်။ ထို့အပြင် ရန်ကုန် တက္ကသိုလ် ကြက်ခြေနီအသင်းခွဲက မမြဝတ်ရည်နန္ဒာနွယ် (၂၀၁၄)၊ မောင်စည်သူမောင်မောင်(၂၀၁၄)၊ မသက်နှင်းအိ (၂၀၁၇)နှင့် မောင်ကောင်းခန့်ပြည့်စုံ(၂၀၁၉)စသည့် ထူးချွန်ကြက်ခြေနီ လူငယ်မောင်မယ်များကို မွေးထုတ် ပေးခဲ့ပါသည်။

အသိပညာပေးလုပ်ငန်းများ

 

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် ၂၀၁၇ ခုနှစ်တွင် မလေးရှားနိုင်ငံ စီဘူးမြို့၌ ကျင်းပသော International Youth Enlightenment Camp,2017 တွင် မလေးရှား၊ ထိုင်းနှင့် တရုတ်နိုင်ငံမှ လူငယ်ကြက်ခြေနီ စေတနာ့လှုပ်ရှားရှင်များနှင့်အတူ ရန်ကုန်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲက လူငယ်ကြက်ခြေနီ စေတနာ့ လုပ်အားရှင်အဖြစ် စာရေးသူကိုယ်တိုင် ပါဝင်တက်ရောက် ခဲ့ပြီး ရှေးဦးပြုစုခြင်း အဖွဲ့လိုက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ သည်။

၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသော (၁၈)ကြိမ်မြောက် အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစား ပြိုင်ပွဲတွင် ရန်ကုန်တက္ကသိုလ် ကြက်ခြေနီ အသင်းခွဲမှစေတနာ့လုပ်အားရှင် ၁၀ ဦးက ရှေးဦးပြုစုခြင်း အတတ်ဖြင့် နိုင်ငံတစ်ဝန်းမှ ကြက်ခြေနီ စေတနာ့လုပ်အား ရှင်များနှင့်အတူ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ ပေးအပ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မတ်လတွင် ကျင်းပခဲ့သော “တက္ကသိုလ်၊ ကောလိပ်များတွင် သက်ရွယ်ဆင့်တူ ကျန်းမာ ရေး ပညာပေးအစီအစဉ် စတင်ဆောင်ရွက်ခြင်း” အခမ်း အနား၌ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် မူးယစ်ဆေးဝါးအန္တရာယ် ကင်းစင်ပပျောက်ရေး ဆွေးနွေးပွဲ တွင် ရန်ကုန်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲ၏ တွဲဖက် အတွင်းရေးမှူးဖြစ်သော စာရေးသူကိုယ်တိုင် Panelist အဖြစ် ဝင်ရောက်ဆွေးနွေးခဲ့သည်။ ထို့အပြင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစ၍ ရန်ကုန်တက္ကသိုလ်ကို ဆေးလိပ်နှင့် ဆေးရွက်ကြီးကင်းစင်တက္ကသိုလ်ဖြစ်အောင် ဆောင်ရွက် ရာ၌ အသိပညာပေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

 

အဖွဲ့လိုက်ပြိုင်ပွဲများ ပြုလုပ်ပေး

 

၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစ၍ ဥက္ကဋ္ဌဆရာမကြီး ဒေါက်တာစိုးမြမြအေးနှင့် အတွင်းရေးမှူး ဆရာကြီး ဒေါက်တာရဲထွန်းတို့၏ ဦးဆောင်မှုဖြင့် ရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲများအပြီးတွင် ရန်ကုန်မြို့အတွင်း လေ့လာ ရေးခရီးများ ပို့ဆောင်ပေးခဲ့သည်။ လေ့လာရေးခရီးများတွင် ဘိုးဘွားရိပ်သာများသို့ သွားရောက်ပြီး ဘိုးဘွားများ၏ ဘဝနေဝင်ချိန်ကို အဖော်ပြုကာ လူမှုကရုဏာလုပ်ငန်းများ ပြုလုပ်ခြင်းနှင့် ဘာသာရေးဆိုင်ရာ တန်ခိုးကြီးဘုရားများနှင့် အဆောက်အအုံများသို့ သွားရောက်ခြင်းများ ပြုလုပ်ခဲ့ပါ သည်။ ထို့အပြင် ပြည်သူ့ရင်ပြင်နှင့် ကန်တော်ကြီးကဲ့သို့ အများပြည်သူအပန်းဖြေစရာ နေရာများတွင် ရင်းနှီးမှု ဖလှယ်သည့်အနေဖြင့် ရှေးဦးပြုစုခြင်း အဖွဲ့လိုက် ပြိုင်ပွဲများ ပြုလုပ်ပေးပါသည်။

 

ယခုအခါ ရန်ကုန်တက္ကသိုလ် ကြက်ခြေနီအသင်း ခွဲသည် ရှေးဦးပြုစုခြင်း (အခြေခံနှင့် သာမန်)သင်တန်း များမှတစ်ဆင့် လူငယ်ကြက်ခြေနီ စေတနာ့ လုပ်အားရှင် ၁၀၀ ခန့် နှစ်စဉ် မွေးထုတ်ပေးလျက်ရှိပါ

သည်။ ။