
နေပြည်တော် ဒီဇင်ဘာ ၂၃
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် လာမည့် ၂၀၂၂ ခုနှစ် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ဆေးတက္ကသိုလ် (၁) စာကြည့် တိုက်ရှိ အစည်းအဝေးခန်းမမှတစ်ဆင့် Zoom Meeting ဖြင့် တက်ရောက်သည်။
ထိရောက်စွာ အသုံးပြုနိုင်ရေး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် အိန္ဒိယနိုင်ငံမှ ဝယ်ယူထား သည့် Covishield (၁၃ ဒသမ ၄) သန်း၊ Sasakawa foundation မှ လှူဒါန်းသည့် Covaxin နှစ်သန်း၊ အိန္ဒိယနိုင်ငံမှ လှူဒါန်းမည့် Covaxin တစ်သန်း၊ တရုတ်နိုင်ငံမည့် လှူဒါန်းမည့် Sinovac တစ်သန်း ရရှိရန်ရှိပါကြောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် Sputnik Light တစ်သန်း၊ ဖေဖော်ဝါရီလမှစတင်၍ မြန်မာနိုင်ငံတွင် ထုတ်လုပ်မည့် Sinopharm ကာကွယ်ဆေးများ လစဉ် တစ်သန်းခန့် ရရှိရန်ရှိသည့်အတွက် ကာကွယ် ဆေးများကို စနစ်တကျ၊ အလေအလွင့်၊ အပျက်အစီး မရှိဘဲ ထိရောက်စွာ အသုံးပြုနိုင်ရေးကို အထူးဂရုပြု ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကာကွယ် ဆေးများ၏ သက်တမ်းကုန်ဆုံးရက် မတိုင်မီ နိုင်ငံသူ နိုင်ငံသားများအား ကာကွယ်ဆေးများ အာနိသင် မပျက် ကောင်းမွန်စွာ အသုံးပြုနိုင်ရန် ကာကွယ်ဆေး များ လက်ခံ၊ ထိန်းသိမ်း၊ ထားသို၊ ဖြန့်ဝေ၊ ထိုးနှံသည့် အဆင့်တိုင်းတွင် ကာကွယ်ဆေးအလိုက် ထိန်းသိမ်း ထားရှိရမည့် အအေးလမ်းကြောင်းကို အထူး အလေးထား ဂရုပြုဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လာမည့် ၂၀၂၂ ခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ပေါင်းစပ်ညှိနှိုင်း
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်း က ၂၀၂၂ ခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမည့် လုပ်ငန်း၏ ရည်ရွယ်ချက်များနှင့် ဆောင်ရွက်မည့် အစီအစဉ်များအနက် ကာကွယ်ဆေး ထိုးနှံရန် ကျန်သေးသည့် ဦးတည်အုပ်စုအသီးသီးကို ဆက်လက် ထိုးနှံမည့် ဆေးအမျိုးအစားနှင့် အသေးစိတ်စီမံချက် များ၊ ထပ်ဆောင်းထိုးနှံပေးမည့် ဦးတည်အုပ်စု၊ ဆေးအမျိုးအစားနှင့် ထိုးနှံမည့် အစီအစဉ်အသေးစိတ် များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြ ဆွေးနွေးချက်များနှင့်ပတ်သက်ပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါ ကုသဆောင် ငါးထပ်ဆောင်သို့ သွားရောက်၍ ကင်ဆာရောဂါ ဝေဒနာရှင်များ စိတ်ချမ်းသာစွာ ဆေးကုသနိုင်ရေး ကင်ဆာရောဂါ လူနာများ ဓာတ်ရောင်ခြည် ကုသမှုအတွက် စောင့်ဆိုင်းရသည့် အချိန်လျှော့ချနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိ သူများက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားရန် မှာကြားသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခုနစ်ထပ် ဆေးကုသဆောင် (အသစ်) ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှု စစ်ဆေးကာ အလေအလွင့်မရှိစေရေး၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေး၊ သတ်မှတ်အချိန်အတွင်း အချိန်မီပြီးစီး နိုင်ရေး ဆောင်ရွက်သွားကြရန် မှာကြားသည်။
ယင်းနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး Training Center တွင် ရန်ကုန်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများ၊ ပါမောက္ခ၊ ဌာနမှူးများ၊ အထူးကု ဆရာဝန်များ၊ သူနာပြုများနှင့် တွေ့ဆုံ၍ လူနာများ အားကိုးနိုင်သည့် ဆေးရုံဖြစ်ရေး၊ စေတနာဖြင့် လက်ခံကုသမှုပေးရေးတို့ကို မှာကြားပြီး တက်ရောက် လာသူများ၏ တင်ပြဆွေးနွေးချက်များကို ပြန်လည် ဆွေးနွေးကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်