
ရန်ကုန် ဒီဇင်ဘာ ၂၄
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ၂၀၂၁-၂၀၂၂ Mini Budget ၌ လုပ်သား ၄၂၄ ဦးကို စစ်ဆေးအကဲဖြတ်ရန် လျာထားချက်ပြည့်မီစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် (၆၃) ရပ်ကွက် စက်မှုလမ်းရှိ Arbourfield Assessment Center သို့ သွားရောက်ကြည့်ရှုသည်။
ကြည့်ရှုစဉ် Arbourfield Assessment Center မှ တာဝန်ရှိသူက သင်တန်းကျောင်း တည်ထောင်ထား ရှိမှုနှင့် သင်တန်းဖွင့်လှစ်ပို့ချနေမှုကိုလည်းကောင်း၊ Chief Assessor က Welder Level-1 အလုပ်အကိုင် အတွက် လုပ်သား၂၀ ကို ကျွမ်းကျင်မှုစစ်ဆေးအကဲ ဖြတ်ရေးဆောင်ရွက်နေမှုကိုလည်းကောင်း ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက အရည်အချင်းပြည့်ဝရန် နှင့် ကျွမ်းကျင်လုပ်သားအများဆုံး လိုအပ်သော အလုပ်အကိုင်များကိုသာ စစ်ဆေးရန်မှာကြားခဲ့ပြီး လုပ်သားများ ကျွမ်းကျင်မှုစွမ်းရည် ဖြေဆိုနေမှုကို ကြည့်ရှုစစ်ဆေး အားပေးသည်။
အလုပ်သမားဝန်ကြီးဌာနက Focal Ministry အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု "စံ" သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ကို ၂၀၀၇ ခုနှစ်တွင် စတင်ဖွဲ့စည်း၍ မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက် ရှိသည်။
လုပ်သားများကို အမျိုးသားအဆင့် အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ရေးအတွက် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးလုပ်ငန်းစဉ်များကို ၂၀၁၄ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ အလုပ်အကိုင် အမျိုးအစားပေါင်း ၃၀ အတွက် လုပ်သား ၁၈၅၃၆ ဦးကို စစ်ဆေးအကဲဖြတ်နိုင်ခဲ့ရာ အရည်အသွေး ပြည့်ဝသူ လုပ်သား ၁၆၇၃၃ ဦးကို မွေးထုတ်နိုင်ခဲ့ပြီး Welder Level-1 (MMAW, GMAW, FCAW) အလုပ် အကိုင်အတွက် ကျွမ်းကျင်မှုအဆင့် (၁) လုပ်သား ၁၅၆၄ ဦးနှင့် ကျွမ်းကျင်မှု အဆင့် (၂) လုပ်သား ၁၅ဦး စုစုပေါင်း လုပ်သား ၁၅၇၉ ဦးကို အသိအမှတ်ပြု နိုင်ပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်