
နေပြည်တော် ဇန်နဝါရီ ၇
နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက် အရ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီး ချုပ် Samdech Akka Moha Sena Padei Techo HUN SEN သည် အလုပ်သဘော ခရီးစဉ်အဖြစ် ယနေ့နံနက်ပိုင်းတွင် အထူး လေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိသည်။
ကမ္ဘောဒီးယားနိုင်ငံဝန်ကြီး ချုပ်အား သံတမန် ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန် နှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘော ဒီယားနိုင်ငံ သံအမတ်ကြီး H.E. Mr. CHHOUK Bunna တို့က အထူးလေယာဉ်ပေါ်၌ ခရီးဦး ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကို ကိုလှိုင်၊ ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်နှင့် တာဝန်ရှိသူ များက ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ယင်းနောက် ကမ္ဘောဒီးယား နိုင်ငံမှ လှူဒါန်းသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများအား ကမ္ဘောဒီးယား ဝန်ကြီးချုပ်က လွှဲပြောင်း ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က လက်ခံရ ယူခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက် ကြသည်။
ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာ နိုင်ငံသို့ယနေ့တွင် ကိုဗစ် -၁၉ ရောဂါဆိုင်ရာ ကာကွယ်ရေး ပစ္စည်းများ ဖြစ်သည့် Face Mask သုံးသန်း၊ N- 95 Mask နှစ်သိန်း၊ Goggle တစ်သိန်း၊ PPE ဝတ်စုံ ၃၀၀၀၀၊ Face Shield ၃၀၀၀၀၊ Safety Plastic Boots PR ၃၀၀၀၊ Ventilator Machine Unit ၅၀၊ Patient Monitor + accessories Unit ၅၀ ၊ Oxygen Concentrator Unit ၅၀ တို့ကို ပေးအပ် လှူဒါန်းကြောင်း သတင်းရရှိသည်။
သတင်းစဉ်