
(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ - ၈ ရက် )
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ လ ၇ ရက် မှ ၈ ရက်အထိ အလုပ်သဘောခရီးစဉ် လာရောက် ခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ဆက်ဆံရေး၊ ဒေသတွင်းဆိုင်ရာ အကျိုးတူကိစ္စရပ်များနှင့် အလေးပေး ဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်ဖက်ခေါင်းဆောင်များသည် သက်ဆိုင်ရာနိုင်ငံများ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြသည်။
မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်အား မြန်မာနိုင်ငံအစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO)များနှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ အပစ် အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီးဖြစ်ပြီး ၂၀၂၂ နှစ်ကုန်အထိ ထပ်မံ တိုးမြှင့်သွားရန်လည်း အသိပေးခဲ့သည်။ ဆက်လက်၍ သက်ဆိုင်သူများ အားလုံးအနေဖြင့် နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှုလျက် အပစ်အခတ်ရပ်စဲမှုကို လက်ခံရန်၊ အကြမ်းဖက်လုပ်ရပ်များအားလုံးကို အဆုံးသတ်ရန်နှင့် တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက် ကြရန် တောင်းဆိုခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ကလည်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ရရှိရန် သက်ဆိုင်သူများအကြား အပြုသဘောဆောင်သည့် ဆွေးနွေးမှု များ ပြုလုပ်ရေးနှင့် တင်းမာမှုများ လျှော့ချရေးတို့ကို ရည်ရွယ်သည့် ယင်းတောင်းဆိုခဲ့မှုအပေါ် ခိုင်မာစွာထောက်ခံခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၏ ပါဝင်မှုကို ကြိုဆိုခဲ့သည်။ အဆိုပါ အရေးကြီးသည့် လုပ်ဆောင်ချက်သည် အာဆီယံ၏ တူညီဆန္ဒ (၅)ချက်တွင် ထည့်သွင်းဖော်ပြထားသော အချက်ဖြစ်သည်။
နှစ်ဖက်ခေါင်းဆောင်များသည် မြန်မာပြည်သူများအတွက် လူသားချင်းစာနာကူညီပံ့ပိုးမှုများပေးအပ်ရာတွင် အမှန်တကယ် လိုအပ်သူများထံသို့ ရောက်ရှိရန် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စား လှယ်၊ အာဆီယံအတွင်းရေးမှူးချုပ်၊ AHA စင်တာမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံသို့ AHA စင်တာမှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် သက်ဆိုင်ရာ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများကဲ့သို့သော သက်ဆိုင်သူများအကြား အစည်းအဝေးတစ်ရပ် ကျင်းပရေးအတွက် အားပေးသွားမည် ဖြစ်သည်။ အမှန်တကယ်လိုအပ်လျက်ရှိသည့် ပြည်သူများထံသို့ လူသားချင်းစာနာမှုအကူအညီများ ခွဲခြားမှုမရှိဘဲ ပေးအပ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနိုင်ရေးအတွက် သင့်လျော်သည့် ယန္တရား များနှင့် အစီအစဉ်များ သတ်မှတ်ဆောင်ရွက်သွားရန် အရေးကြီး ကြောင်းနှင့် လူ့အသက်ကယ်ဆယ်ရေးသည် အရေးကြီးဆုံးကိစ္စ ဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဖက်ခေါင်းဆောင်များက အသိအမှတ်ပြုခဲ့ကြသည်။
ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၂ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့်အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး H.E. Mr. PRAK Sokhonn အား အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်မည့်အပေါ် ကြိုဆိုကြောင်းနှင့် ၎င်းအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ အာဆီယံတူညီဆန္ဒ (၅)ချက်ကို အကောင်အထည်ဖော်နိုင်ရေးကို အပြည့်အဝပံ့ပိုးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ ထို့ပြင် အာဆီယံ တူညီဆန္ဒ(၅)ချက်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် အပြန်အလှန် အထောက်အကူပြု သင့်ကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က အမျိုးသားပြန်လည်သင့်မြတ် ရေး၊ ထာဝရငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့ ရရှိရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ၏ နှစ်ဦး နှစ်ဖက် အကျိုးရှိသောမူဝါဒကို ရှင်းလင်းမျှဝေခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က ကမ္ဘောဒီးယားနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ရရှိခဲ့သော အတွေ့အကြုံများနှင့် သင်ခန်းစာများအပေါ် အခြေခံ၍ သက်ဆိုင်သည့် အဖွဲ့အစည်းများအားလုံး၏ ပူးပေါင်းပါဝင်မှုနှင့် သဘောတူညီမှုမပါရှိဘဲ အလုံးစုံငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း အလေးထား ပြောကြားခဲ့သည်။ အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်ကို ပံ့ပိုးပေးရန်နှင့် လက်ရှိပြည်တွင်းအခြေအနေများကို ထည့်သွင်း စဉ်းစားလျက် သက်ဆိုင်သည့်အဖွဲ့အစည်းများအားလုံးနှင့် တွေ့ဆုံ နိုင်ရေး ပြောကြားခဲ့သည်။
အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကျပ်အတည်း ဖြစ်ပေါ်နေသည့်ကာလတွင် နှစ်နိုင်ငံပြည်သူများအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်စေမည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာကိစ္စရပ်များအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ်ခဲ့ကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအစိုးရ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ၌ အထောက်အကူပြု နိုင်ရန် နှာခေါင်းစည်း (၃,၂၀၀,၀၀၀)၊ တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ အစုံ (၃၀,၀၀၀)၊ အသက်ရှူအထောက်အကူပြုစက် အလုံး (၅၀)၊ လူနာစောင့်ကြည့်စက် အလုံး (၅၀) နှင့် ဆက်စပ်ပစ္စည်းများ၊ အောက်ဆီဂျင်စက် အလုံး (၅၀) နှင့် အခြားသောဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများ လှူဒါန်းခဲ့မှုအပေါ် ကမ္ဘောဒီးယားအစိုးရနှင့် ပြည်သူများအား လှိုက်လှဲစွာ ကျေးဇူးတင် ရှိကြောင်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံဆွေးနွေးပွဲအား အပြန်အလှန်နားလည်မှုနှင့် ရင်းနှီး ပွင့်လင်းမှုတို့ကို အခြေခံ၍ ဆွေးနွေးကျင်းပခဲ့သည်။
နေပြည်တော်၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ရက်