
ညောင်ဦး နိုဝင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ရှိ သစ်တောဦးစီးဌာန လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် မြန်မာ့ကြယ်လိပ်များအား ခြံလှောင်မွေးမြူထားသည်။ ကြယ်လိပ်များသည် မြန်မာတစ်နိုင်ငံတည်းမှာသာ ရှိသည့် ဌာနေဖွားမျိုးစိတ်ဖြစ်ပြီး နေရင်းဒေသများတွင် မျိုးသုဉ်းရန်အလွန်နီးကပ်နေသော အခြေအနေ ရှိခြင်းကြောင့် မျိုးဆက်မပျက်သုဉ်းစေရေးအတွက် မွေးမြူ၍ ပေါက်ပွားလာစေရန်၊ တိုးပွားလာသော သားပေါက်များကို ၎င်းတို့၏ နေရင်းဒေသများသို့ စေလွှတ်ပေးရန်၊ ဝါသနာရှင်များ၊ ပညာရှင်များ သုသေသန ပြုလုပ်နိုင်ရန်နှင့် အများပြည်သူ အနီးကပ်ကြည့်ရှုလေ့လာနိုင်ရန် ရည်ရွယ်ကြောင်း သိရှိရသည်။
မျိုးဆက်မပျက်သုဉ်းစေရေးအတွက် မွေးမြူ ပေါက်ပွားလာစေရန်ဆိုသည့် ရည်ရွယ်ချက်ကို အကောင်အထည်ဖော်သည့်အနေဖြင့် လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် ကြယ်လိပ်အထီး ၄၂ ကောင် နှင့် အမ အကောင် ၄၀ စုစုပေါင်း ၈၂ ကောင်ကို ၂၀၀၁ ခုနှစ်က စတင်မွေးမြူခဲ့သည်။ စတင်မွေးမြူ စဉ်က ခုဂဏန်း၊ ဆယ်ဂဏန်းမျှသာ ပေါက်ပွားနှုန်းရှိခဲ့ သော်လည်း လွန်ခဲ့သော ၁၀ နှစ်မှစ၍ ရာဂဏန်း ထောင်ဂဏန်းအထိတိုး၍ ပေါက်ပွားလာခဲ့သည်။ယခု နှစ် ၂၀ အကြာ ၂၀၂၁ ခုနှစ်တွင်မူ ကြယ်လိပ်ငယ် ကောင်ရေ ၁၃၅၀ ထပ်မံပေါက်ပွားလာခဲ့ရာ ယခင် ရှိပြီး ၇၄၈၄ ကောင်နှင့်ဆိုပါက လက်ရှိတွင် အရွယ်စုံ ကြယ်လိပ် ၈၈၃၄ ကောင်ရှိသည်။ ရည်ရွယ်ချက် အတိုင်း နေရင်းဒေသသို့ လွှတ်ပေးခဲ့သည့် ကောင်ရေ ၁၆၅၀ နှင့်ဆိုပါက စုစုပေါင်း အရွယ်စုံကြယ်လိပ် ၁၀၄၈၄ ကောင်ရှိပြီဖြစ်၍ အကောင်ရေ တစ်သောင်း ကျော်သွားပြီဖြစ်သည့်အတွက် ယခု ၂၀၂၁ ခုနှစ် ကို လောကနန္ဒာဘေးမဲ့တောဥယျာဉ် ကြယ်လိပ်ခြံ ၏ သောင်းပြည့်နှစ်ဟုလည်း ခေါ်ဆိုနိုင်ကြောင်း လောကနန္ဒာဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်က ပြောသည်။
ယခုကဲ့သို့ တိုးလာခဲ့ခြင်းသည် ယခင်နှစ်များ က အတွေ့အကြုံကို အခြေခံ၍ နည်းစနစ် များ ပြောင်းလဲပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ လုပ်ရင်းသင်၊ သင်ရင်းလုပ်ခဲ့ကြ၍လည်း ဖြစ်ကြောင်း၊ ဥယျာဉ်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်ညွှန်ကြားပြသမှု၊ WCS/TSA မှ တိ-ကု ဆရာဝန် ဒေါက်တာတင့်လွင် ၏ ဆေးပညာနှင့်ကုသခြင်းဆိုင်ရာ ကျွမ်းကျင်မှု၊ အနီးကပ်ထိန်းသိမ်းစောင့်ရှောက်သူ ဝန်ထမ်းများ၏ တာဝန်ကျေပွန်မှုများကြောင့် ကြယ်လိပ်များမှာ အာဟာရရှိသောအစာများကို စားသုံးနိုင်ကြပြီး အရွယ်ရောက် အထီး၊ အမများမှာ ကျန်းမာရေး ကောင်းမွန်ကြကာ ဥဥနှုန်းမှာလည်း မြင့်တက်လာခဲ့၍ ယခုကဲ့သို့ ကောင်ရေတိုးပွားလာခဲ့ခြင်းဖြစ် ကြောင်း၊ ပေါက်ပွားနှုန်းမှာ ၆၈ ရာခိုင်နှုန်းအထိ စံချိန်တင် ထားကြောင်း ဥယျာဉ်အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။
သားပေါက်ချိန်မတိုင်မီ ဂရုစိုက်စောင့်ရှောက်
ကြယ်လိပ်များကို ဥမဥမီကာလမှစ၍ အာဟာ ရရှိသောအစားအစာများ ကျွေးမွေးခြင်း၊ ကျန်းမာရေး ဂရုစိုက်စောင့်ရှောက်ခြင်းများကြောင့် ဥဥနှုန်း တိုးတက်ခဲ့ကြောင်း၊ ဆက်လက်ပြီး လိပ်မများ ဥထား သော ဥကျင်းများကိုလည်း သားပေါက်ချိန်မတိုင်မီ အထိ ဂရုစိုက်စောင့်ရှောက်ခဲ့ရကြောင်း သိရသည်။
ပေါက်ပွားရာသီတွင်လည်း သတ်မှတ်ချိန်ရောက် ၍ ဥကျင်းအတွင်းမှ ထွက်လာခြင်းမရှိပါက ဥကျင်း များကို တူးဖော်ပေး၍ ကျင်းအတွင်း ပေါက်နေပြီး ဖြစ်သော လိပ်ပေါက်များကို စုဆောင်းပြီး အသင့်ပြင် ထားသောနေရာတွင် ထားရှိခြင်း၊ မပေါက်သေးသော ဥကောင်းများကို မြေထည့်ထားသောသေတ္တာတွင် ပြန်လည်မြှုပ်နှံပေးခြင်း၊ ချက်မကြွေသေးသော သားပေါက်များကို ဆေးထည့်ပေးခြင်း၊ လိပ်သား ပေါက်ငယ်များကို ဗီတာမင်ပါသော အစားအစာများ ကျွေးမွေးခြင်း၊ နေ့စဉ်အစာကျွေးချိန်တွင် ကျန်းမာ ရေးစစ်ဆေးခြင်း၊ ကျန်းမာရေးမကောင်းပါက သီးသန့်ခွဲထား၍ ဆေးထိုးကုသပေးခြင်း၊ သဘာဝ ဓာတ်စာများကျွေးခြင်း၊ ဝမ်းချူပေးခြင်း၊ အစာမစား နိုင်ပါက ခွံ့ကျွေးခြင်း၊ အရည်ဖျော်တိုက်ခြင်း၊ သားပေါက်များကို နေ့စဉ် ရေစိမ် ရေတိုက်ပေးခြင်း၊ အပူချိန်မြင့်မားသောအခါများတွင် ရေစိမ်ကန်များ၊ သောက်ရေခွက်များ ပြုလုပ်ပေး၍ အမြဲသန့်ရှင်းသော ရေရှိစေရန် ပြုလုပ်ပေးထားခြင်း၊ ရေစိမ်ရက်များသော လိပ်များအား မှတ်သားထား၍ သီးသန့်ရေဝအောင် ချိုးပေးခြင်းများကြောင့် ပေါက်ပွားနှုန်းကောင်းပြီး သေနှုန်းနည်းလာကာ အကောင်အရေအတွက် တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း ဥယျာဉ်အုပ်ချုပ်ရေးမှူး က ဆက်လက်ရှင်းပြသည်။
သဘာဝတောများထဲတွင် ထိုသို့ လူတို့၏ ပြုစု စောင့်ရှောက်မှုကို မခံရနိုင်ဘဲ ဥဥချိန်တွင် ဥများကို ဖွတ်၊ တောကြောင်၊ မြွေပါ စသည့် အနံ့ခံကောင်း သည့်သတ္တဝါများက ဖော်ယူစားနိုင်ခြင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့် မြေများပြိုကျပြီး ဥကျင်းများ ပေါ်သို့ ဖုံးအုပ်သွားနိုင်ခြင်း (သို့မဟုတ်) ဥကျင်းများ မြေပြိုသည့်အထဲတွင် ပါဝင်သွားနိုင်သည့်အတွက် အချိန်မတိုင်မီ ဥများပျက်စီးကြရခြင်း၊ သစ်မြစ်များ ထိုး၍ ဥကျင်းများပျက်စီးနိုင်ခြင်း၊ ကျင်းအတွင်း အကောင်ပေါက်နေသော်လည်း သစ်မြစ်များက ကျင်းအပေါ်ယံမှ ယှက်သွားနေခြင်းကြောင့် မြေပေါ် သို့ မထွက်နိုင်ကြတော့ဘဲ ပုရွက်ဆိတ်၊ ခြများ နှင့် အခြားပိုးမွှားများကတွင်းထဲဝင်၍ ကိုက်ဖြတ် စားသောက်ခံရခြင်း စသည့်ဆိုးကျိုးများ ရင်ဆိုင် ရနိုင်သည်။
ထိုဆိုးကျိုးများမှ ဖြတ်သန်းလွတ်မြောက်လာ ကြကာ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိသော သားပေါက်ငယ်များသာ ရှင်သန်၍ ကျင်းအတွင်းမှ မြေပေါ်သို့ ရောက်ရှိလာနိုင်ကြမည်ဟု ခန့်မှန်းရ ကြောင်း၊ မြေပေါ်ရောက်ရှိလာသည့်အခါတွင် လည်း မြွေ၊ ကြွက်၊ သိမ်း၊ ဖွတ်နှင့် အခြားအသားစားသတ္တဝါ တို့၏ ကိုက်ဖြတ်စားသောက်မှု ခံရနိုင်သည်။
ထိုအခြေအနေမှလွတ်မြောက်လာခဲ့ပြီး အရွယ် ရောက်လာသည့်အခါတွင်လည်း တောဝက်၊ တောခွေး စသည့် အသားစားသတ္တဝါများ၏ ဖမ်းဆီး ခြင်း၊ သတ်ဖြတ်ခြင်းကို ခံရနိုင်ခြင်း၊ လူ့ပယောဂများ နှင့် ဂေဟစနစ်များ ပျက်စီးလာခြင်းတို့အပြင် အခြား ပျက်စီးစေနိုင်သော အကြောင်းအမျိုးမျိုးကြောင့် လည်း သဘာဝတောများထဲတွင် မြန်မာ့ကြယ်လိပ် များ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရခြင်း ဖြစ်သည်ဟု ဥယျာဉ်အုပ်ချုပ်ရေးမှူးက သုံးသပ်သည်။
ဥယျာဉ်၏ ဆောင်ရွက်ချက် အောင်မြင်မှုများနှင့် ပတ်သက်၍ “ဒီနှစ်ဟာထူးခြားတဲ့ နှစ်လို့ပဲ ပြောရမှာ ပါ။ လောကနန္ဒာဘေးမဲ့တောဥယျာဉ်မှာ ကြယ်လိပ် များ စတင်မွေးမြူခဲ့တဲ့ နှစ် ၂၀ အတောအတွင်းမှာ ကြယ်လိပ်ကောင်ရေ တစ်သောင်းကျော်သွားတဲ့ နှစ်ဖြစ်လို့ ဖြစ်ပါတယ်။ နှစ် ၂၀ ကာလအတွင်း ပေါက်နှုန်းကောင်းပြီး သေဆုံးနှုန်းနည်းတာကြောင့် မြန်မာ့ဌာနေဖွား မျိုးစိတ်ဖြစ်တဲ့ မြန်မာ့ကြယ်လိပ် များဟာ မြန်မာ့မြေပေါ်မှာ ထာဝရရှင်သန်နေထိုင် နိုင်ကြမှာဖြစ်ပြီး နိုင်ငံ့ဂုဏ်ကိုလည်း ဆောင်နိုင်တော့ မှာ ဖြစ်ပါတယ်”ဟုလည်း ဥယျာဉ်အုပ်ချုပ်ရေးမှူးက ဂုဏ်ယူစွာ ပြောသည်။ ကြယ်လိပ်ကောင်ရေ တစ်သောင်းပြည့်နှစ်အဖြစ် အမှတ်တရ အခမ်း အနားတစ်ခု ကျင်းပကာ စိတ်ပါဝင်စားသူများ ကို ဖိတ်ကြားသွားရန် စီစဉ်ထားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မကျင်းပဖြစ်ခဲ့ကြောင်း၊ အခွင့်အခါသင့်သည့်အချိန်မှသာ ကျင်းပသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
နှစ်စဉ်ကြယ်လိပ်ကောင်ရေ ၁၀၀၀ ကျော် ပေါက်ပွား
လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် ကြယ်လိပ် မွေးမြူရေးခြံသည် ကမ္ဘာပေါ်တွင် ကြယ်လိပ် အကောင်ရေ အများဆုံးရှိသည့် ခြံတစ်ခြံအဖြစ် တည်ရှိနေပြီး နှစ်စဉ်ကြယ်လိပ်ကောင်ရေ ၁၀၀၀ ကျော် ပေါက်ပွားလျက်ရှိကာ လျာထားချက်ထက် ပင် ကျော်လွန်ပေါက်ပွားလျက်ရှိနေခြင်းကြောင့် ကြယ်လိပ်ထုတ်လုပ်သည့်စက်ရုံဟု တင်စားခေါ်ဝေါ် ခံနေရသည်။
ကြယ်လိပ်များကို ၁၅ နှစ်တိုင်တိုင် စနစ်တကျ မွေးမြူထိန်းသိမ်းစောင့်ရှောက်၍ သောင်းနှင့်ချီပြီးတိုးပွားလာအောင် ဆောင်ရွက်ပေးခဲ့ပြီး ယခုထက် ပို၍များပြားသော ကြယ်လိပ်ခြံဖြစ်လာအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေသော လောက နန္ဒာဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေး အောင်ကိုလည်း တာဝန်ကျေပွန်သော ကြယ်လိပ် ထုတ်လုပ်သည့် စက်ရုံမှူးကြီးအဖြစ် ကြယ်လိပ်များ ကို ယခုထက်ပို၍ထုတ်လုပ်နိုင်ပါစေဟု ဆန္ဒပြုလိုက် ရပါသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)