ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာများအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံသို့ တင်ပြလျှောက်ထားပြီး ဩဝါဒခံယူ

နေပြည်တော် မတ် ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏ သီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထား ပူဇော်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်း ဆိုင်ရာများအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံသို့ တင်ပြလျှောက်ထားခြင်း နှင့် ဩဝါဒခံယူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်မင်္ဂလာနေရာ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသဆရာတော်ကြီး၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် ဘွဲ့တံဆိပ်တော်ရ ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော် မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ် ဌာနချုပ်တိုင်းမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ကြည်ညိုကြသည်။

ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ရေးနှင့် စပ်လျဉ်း၍ တင်ပြလျှောက်ထားရာတွင် နေပြည်တော် ၌ ဉာဏ်တော် ၈၁ ပေအမြင့်ရှိ စကျင်ဆင်းတုတော် ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက် စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူဖြစ်စေရန်ဟူသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါကြောင်း။

အဆိုပါ ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် ထုဆစ်ပူဇော်မည့် စကျင်ကျောက်တော်ကြီးကို Angelo Mining Com-pany မှ ဦးအောင်ခိုင်သန်းမိသားစုတို့က ၂၀၁၃ ခုနှစ် တွင် Shwe Foundation သို့ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် Shwe Foundation ၏ မေတ္တာရပ်ခံချက်အရ တပည့်တော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ခုနှစ်ရက်သားသမီး ဘုရားဒါယကာ၊ ဒါယိကာမတို့က သီတဂူဆရာတော် ဘုရားကြီး၊ ရွှေသုဝဏ်ဆရာတော်ဘုရားကြီးနှင့် ပါမောက္ခချုပ်ဆရာတော် ဘုရားကြီးတို့၏ ဩဝါဒ များနှင့်အညီ ခေတ်မီနည်းစနစ်များဖြင့် ထုဆစ်ပူဇော် နိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် တွင် လေ့လာရေးလုပ်ငန်းများကို စတင်ဆောင်ရွက် ခဲ့ပြီး စကျင်ကျောက်တော်ကြီးမှ ထွက်ရှိလာနိုင်သည့် အတိုင်းအတာ၊ ထုထည်နှင့် အပြစ်အနာအဆာရှိမှု အခြေအနေများကို သိရှိနိုင်ရန် ကျောက်တော်ကြီး အား တူးဖော်၍ xRay ရိုက် စမ်းသပ်စစ်ဆေးခဲ့ရပါ ကြောင်း၊ ထိုမှတစ်ဆင့် ထွက်ပေါ်လာသည့် ကျောက် တော်ကြီးအားလှဲ၍ အကြမ်းထည်ပုံဖော်ကြည့်ရှု ရာတွင် ဉာဏ်တော် ၆၅ ပေ ထွက်ရှိနိုင်သည်ကို တွက်ချက်ရရှိကာ ပလ္လင်တော် ၁၈ ပေ ထပ်မံ ထည့်သွင်းနိုင်ရေး လုပ်ဆောင်ခဲ့ရပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် သီတဂူဆရာတော်ဘုရား ကြီးအား ပင့်ဆောင်၍ လိုအပ်သည့် လမ်းညွှန်မှာကြား မှုများကို ဩဝါဒခံယူခဲ့ပါကြောင်း၊ ထို့အတူ ရွှေသုဝဏ် ဆရာတော်ဘုရားကြီး၊ ပါမောက္ခချုပ်ဆရာတော် ဘုရားကြီးနှင့် ပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော်ကြီးတို့ထံမှလည်း ဩဝါဒ နာယူခဲ့ပါ ကြောင်း။

ရုပ်ပွားတော်မြတ်ကြီးကို ထုဆစ်ပူဇော်ရာတွင် မြတ်စွာဘုရားရှင်၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာ တော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် သင့်လျော်ညီညွတ်သော ဘူမိဖဿမုဒြာဟန်ဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပြီး ပလ္လင်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော်အမြင့် ၆၃ ပေ၊ စုစုပေါင်း ၈၁ ပေ အမြင့်ရှိမည်ဖြစ်ပြီး ခန့်မှန်းအလေးချိန်အနေဖြင့် ဆင်းတုတော် ၁၇၂၀ တန်၊ ပလ္လင်တော် ၃၀၆၀ တန်၊ စုစုပေါင်း တန်ချိန် ၄၇၈၀ တန် ရှိမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် တည်ထားကိုးကွယ်ထားရှိသည့် ကျောက်တော်ကြီးဘုရားများအနေဖြင့် မြန်မာ သက္ကရာဇ် ၁၀၉၂ ခုနှစ်၊ အင်းဝမြို့တွင် တနင်္ဂနွေ မင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် မဟာလောက သရဖူ ကျောက်တော်ကြီးဘုရား (ဉာဏ်တော် အမြင့် ၂၇ ပေ ၆ လက်မ)၊ မြန်မာသက္ကရာဇ် ၁၁၄၈ ခုနှစ်၊ အမရပူရမြို့တွင် တောင်မင်းကြီး ကိုးကွယ်ခဲ့သည့် တောင်မင်းကြီးကျောက်တော်ကြီးဘုရား (ဉာဏ်တော် အမြင့် ၁၃ ပေ ၉ လက်မ)၊ မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ်၊ မန္တလေးမြို့တွင် မင်းတုန်းမင်းကြီး တည်ထား ကိုးကွယ်ခဲ့သည့် မဟာသကျမာရဇိန်ကျောက်တော် ကြီးဘုရား (ဉာဏ်တော်အမြင့် ၂၆ ပေ ၃ လက်မ)၊ မြန်မာသက္ကရာဇ် ၁၃၆၃ ခုနှစ်၊ ခရစ်နှစ် ၂၀၀၁ ခုနှစ်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက်တွင် ရန်ကုန်မြို့၌ တည်ထား ကိုးကွယ်ခဲ့သည့် လောကချမ်းသာအဘယလာဘမုနိ ကျောက်တော်ကြီးဘုရား (ဉာဏ်တော်အမြင့် ၃၇ပေ ၇ လက်မ) နှင့် မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်၊ ခရစ်နှစ် ၂၀၁၅ ခုနှစ်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက် တွင် နေပြည်တော်၌ တည်ထားကိုးကွယ်ခဲ့သည့် မဟာသကျရံသီကျောက်တော်ကြီးဘုရား (ဉာဏ်တော် အမြင့် ၃၂ ပေ) တို့ပင် ဖြစ်ပါကြောင်း၊ ပြည်ပနိုင်ငံများရှိ ထိုင်တော်မူ ဆင်းတုတော်ကြီးများကို လေ့လာခဲ့ရာ တွင် ၁၉၈၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ သဲကျောက်၊ နှမ်းဖတ်ကျောက်တို့ဖြင့် တည်ထားကိုးကွယ်ခဲ့သည့် Great Buddha ဘုရား (ဉာဏ်တော်အမြင့် ၆၄ ပေ)၊ အေဒီ ၁၂၅၂ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ ကြေးပြားသွန်းလုပ် ပူဇော်ထားရှိသည့် Kamakura Daibutsu ဘုရား (ဉာဏ်တော်အမြင့် ၄၃ ပေ ၈ လက်မ) နှင့် ၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၌ အာစီကွန်ကရစ်ဖြင့် တည်ဆောက်ထားပြီး စကျင်ကျောက်ကပ်ထားသည့် Phuket Big Buddha ဘုရား (ဉာဏ်တော်အမြင့် ၁၄၈ ပေ) တို့ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယခုဆင်းတုတော်ကြီး တည်ထားကိုးကွယ် ပြီးစီးပါက မြန်မာတွင်မက ကမ္ဘာ့နိုင်ငံများတွင်ပါ စကျင်ကျောက်တော်ကြီးဖြင့် ထုဆစ်သည့် ဆင်းတု တော်ကြီးများအနက် အကြီးဆုံး၊ ဉာဏ်တော်အမြင့် မားဆုံး ဆင်းတုတော်ကြီးဖြစ်လာမည် ဖြစ်ပါ ကြောင်း။

နေပြည်တော်သို့ ဆက်လက်ပင့်ဆောင်

ဆင်းတုတော်ကြီးအား နေပြည်တော်တွင် တည်ထားကိုးကွယ်နိုင်ရေးအတွက် ပင့်ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် ထုထည်ပမာဏ ကြီးမားသောကြောင့် မူလဉာဏ်တော်အမြင့်ကို မထိ ခိုက်စေဘဲ အစိတ်အပိုင်း ၄ ပိုင်းခွဲ၍ လည်းကောင်း၊ ပလ္လင်တော်ကို အစိတ်အပိုင်း ၅ ပိုင်းခွဲ၍လည်းကောင်း အပိုင်းလိုက်ဖြတ်တောက်၍ သယ်ယူနိုင်ရန် စီစဉ် ဆောင်ရွက်ခဲ့ရပါကြောင်း၊ သယ်ဆောင်နိုင်ရေး အတွက် စကျင်ကျောက်တော်ကြီးတည်ရှိရာ မတ္တရာ မြို့နယ်၊ စကျင်တောင်မှ မြောင်မြစ်အထိ မြေကြီး ကျင်းပေါင်း ၉၂၅၀၇ ကျင်းရှိသည့် တူးမြောင်း ဖောက်လုပ်ကာ Barge ရေယာဉ်ပေါ်သို့ တင်ဆောင် နိုင်ရေးလုပ်ဆောင်ခဲ့ရပါကြောင်း၊ ယင်းမှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း မြင်းခြံမြို့နယ်ရှိ ဆီမီးခုံ ဆိပ်ကမ်းသို့ ပထမအဆင့် ပင့်ဆောင်ပူဇော်ရပါ ကြောင်း၊ ဆီမီးခုံဆိပ်ကမ်းတွင် အလေးချိန်လျှော့ချ ခြင်းလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး ယင်းမှတစ်ဆင့် မန္တလေး-ရန်ကုန်အမြန်လမ်းအတိုင်း Modular Trailer များဖြင့် နေပြည်တော်သို့ ဆက်လက် ပင့်ဆောင်ခဲ့ရခြင်း ဖြစ်ပါကြောင်း။

အကျယ်တဝင့် တင်ပြလျှောက်ထား

လက်ရှိအချိန်အထိ နေပြည်တော်သို့ စုစုပေါင်း ၅ ကြိမ် သယ်ဆောင်ပြီးစီးခဲ့ပြီး ထပ်မံသယ်ယူ ပင့်ဆောင်ရန် ၂ ကြိမ် ကျန်ရှိမည်ဖြစ်ကာ စုစုပေါင်း အလေးချိန် တန်ချိန် ၇၆၃၂ တန်ကို သယ်ဆောင် ရမည်ဖြစ်ပါကြောင်း၊ နေပြည်တော်သို့ အားလုံး ရောက်ရှိပါက အစိတ်အပိုင်းများအားလုံး ပြန်လည် တွဲဆက်ခြင်းလုပ်ငန်းများကို ခိုင်ခိုင်မာမာဖြစ်အောင် အဆင့်မြင့်နည်းပညာများဖြင့် လုပ်ဆောင်မည် ဖြစ်ပြီးCNC Machine များဖြင့် ပုံဖော်ထုဆစ်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဆင်းတုတော်ကြီးတည်ထားမည့် ဥယျာဉ်တော်အတွင်း၌ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာ ပြည်သူများ အဆင်ပြေစေရေးအတွက် ဂန္ဓကုဋိတိုက် များ၊ ဓမ္မာရုံများ၊ မော်ကွန်းတိုက်များ၊ သုဓမ္မာဇရပ်၊ ဘုတ်တလုတ်ရေကန်၊ ရေပန်းများကို ရတနာပုံခေတ် လက်ရာများအတိုင်း ထည့်သွင်းတည်ဆောက်သွား မည်ဖြစ်ပါကြောင်း၊ ဂန္ဓကုဋိတိုက်အတွင်း၌လည်း ဗုဒ္ဓယဉ်ကျေးမှုများ၊ ဗုဒ္ဓဝင်များကို စကျင်ကျောက်များ ဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပါကြောင်း၊ ခန့်မှန်း ကုန်ကျစရိတ်အနေဖြင့် ငွေကျပ်သန်းပေါင်း ၃၅၃၇၈ ဒသမ ၆ သန်း၊ အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၄ သန်းခန့် ကုန်ကျမည်ဖြစ်ပြီး လက်ရှိအချိန်အထိ အလှူငွေ လက်ခံခြင်းမရှိသေးဘဲ ဆရာတော်ကြီး များကို တင်ပြလျှောက်ထားပြီးချိန်မှသာ အလှူငွေ များကို လက်ခံသွားမည်ဖြစ်ပါကြောင်းဖြင့် Power-point Presentation များ၊ အထူးပြုလုပ်ချက် Video Clip များဖြင့် အကျယ်တဝင့် တင်ပြလျှောက်ထား သည်။

လျှောက်ထားတင်ပြမှုအပေါ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရား ကြီးက အကြီးဆုံးဖြစ်လာမည် ဖြစ်သည့်အတွက် ခိုင်ခိုင်ခံ့ခံ့နှင့် ကြည်ညိုဖွယ်ဖြစ်အောင် ထုဆစ် လုပ်ဆောင်ကြစေလိုကြောင်းဖြင့် လည်းကောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော် ဆောင် သန်လျင်မင်းကျောင်းဆရာတော်ကြီးက တင်ပြလျှောက်ထားမှုများအရ ပြည့်စုံမှုရှိပြီး ရဟန်း ရှင်လူအများပြည်သူတို့ ဖူးမြော်ကြည်ညိုကြရာတွင် လေးစားယုံကြည်စွာ ဖူးမြော်နိုင်ရေးအတွက် မျက်နှာ တော်ကို သပ္ပာယ်အောင် လုပ်ဆောင်သင့်ကြောင်း၊ ဂုဏ်တော်ကို အာရုံပြု၍ ဖူးမြော်သည်ဆိုသော်လည်း ရုပ်ပွားတော်က သပ္ပာယ်ဖွယ်ဖြစ်ပါက ဝမ်းမြောက် ဝမ်းသာဖြစ်ပြီး ပိုမိုကုသိုလ်ဖြစ်စေသောကြောင့် မျက်နှာတော်ကို ဂရုစိုက်ထုဆစ်ကြစေလိုကြောင်း ဖြင့်လည်းကောင်း၊ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး များကိုယ်စား ပဲခူးမြို့မကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဂန္ဓမာက ပြောဆိုရန်မရှိအောင် ပြည့်စုံမှုရှိသော် လည်း အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သကဲ့သို့ အခိုင်မာဆုံး၊ အရှည်ကြာဆုံးအထိ တည်တံ့အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ သဒ္ဓါတရားများကို တည်တံ့အောင်၊ ဘာသာသာသနာကို တည်တံ့ခိုင်မြဲ တိုးပွားအောင် လုပ်ဆောင်သွားကြစေလိုကြောင်း ဖြင့် လည်းကောင်း အကြံပြုမိန့်ကြားတော်မူကြသည်။

မိန့်ကြားမှုများအပေါ် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ဆွေးနွေးတင်ပြလျှောက်ထားပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြသည်။

ထို့နောက် ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထား ကိုးကွယ်မည့်ပုံစံအတိုင်း ပြုလုပ်ပုံဖော်ထားသည့် ဥယျာဉ်တော်အကွက်ချပုံစံငယ်များ၊ ရုပ်ပွားတော်ကြီး ပုံစံငယ်များ၊ ရောက်ရှိပြီးဖြစ်သည့် ကျောက်တော် ကြီးများ နေရာချထားမှုနှင့် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ ကို ဆရာတော်ကြီးများက လိုက်လံကြည့်ရှုကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်