
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိရာ ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ခွင့်ရခဲ့သည့် ဝမ်းသာပီတိရင်တွင်း ခံစားချက်များကို ရေးသားဖော်ပြလိုက်ရပါသည်။
ဦးအာစိဏ္ဏ (ရမည်းသင်းမြို့နယ်)
ဘုရားကြီး စတည်ကတည်း က လာရောက်ဖူးမြော်ချင်ခဲ့တာပါ။ ခရီးသွားရင်တော့ အမြန်လမ်း ကနေ လှမ်းပြီးဖူးနေခဲ့ရပါတယ်။ စကျင်ကျောက်တုံးကြီးတွေ သယ် တုန်းကလည်း တံတားဦးတိုးဂိတ် မှာ နှစ်ခါလောက်ဖူးခဲ့ရတယ်။ အဲဒီ အချိန်ကတည်းက အားရဝမ်းသာ ရှိနေခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဉာဏ်တော် ဒီလောက်မြင့်တဲ့ ကျောက်ဆစ်ဘုရားကြီး မမြင် ဘူးဖူး။ ရှိလည်း မရှိခဲ့ပါဘူး။ ဒါကြောင့် ဒီလိုဘုရားမျိုးဟာ ဒီတစ်ဆူပဲရှိတဲ့အတွက် အလွန်ကို ဝမ်းသာပီတိဖြစ်မိပါတယ်။ ကမ္ဘာ မှာလည်း ကျော်ကြားနေပါပြီ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ ဒီဘုရားကြီးနဲ့ပတ်သက်လို့ ကမ္ဘာ မှာ လူသိများနေပါပြီ။ နိုင်ငံတော် အစိုးရကလည်း အားကြိုးမာန်တက် နဲ့ ဗုဒ္ဓဘာသာတည်တံ့နိုင်အောင် ထုဆစ်ပူဇော်ခဲ့ခြင်းလည်း ဖြစ်ပါ တယ်။ သတင်းစာနဲ့ရုပ်မြင်သံကြား တွေမှာလည်း ဘုရားကြီးအား စည်ကားများပြားစွာ လာရောက် ဖူးမြော်ကြတယ်ဆိုတာကို နေ့စဉ် တွေ့ခဲ့ရပါတယ်။ ဒါကြောင့် လာဖြစ် အောင်ကို လာရောက်ဖူးမြော်ခြင်း ဖြစ်ပါတယ်။ ဘုရားကြီးကို တည် ဆောက်ပူဇော် ပေးကြသူတွေ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ မကြာခဏလာရောက် ဖူးမြော်ဖို့ကို လည်း ရည်မှန်းထားပါတယ်။ ဒါယကာ၊ ဒါယိကာမတွေလည်း လာရောက်ဖူးမြော် ကြစေလိုပါ တယ်။
မောင်ပြည့်စုံမောင်
(ကျောင်းသား နေပြည်တော်၊
ဇေယျာသီရိမြို့နယ်)
မာရဝိဇယ ဘုရားကြီးအား ဖူးမြော်ဖို့ ကျွန်တော်တို့ကျောင်းကလိုက်ပို့ပေးတာ ဖြစ်ပါတယ်။ ဘုရားကြီးအား ရုပ်မြင်သံကြား တွေ၊ သတင်းစာတွေမှာ မြင်ဖူးပေ မယ့် ကိုယ်တိုင်လက်တွေ့ဖူးမြင် လိုက်ရတဲ့အခါမှာ အလွန်ကို အံ့ဩ မိပါတယ်။ ကျွန်တော့်စိတ်ထဲ အဲဒီ လောက်ဉာဏ်တော် မြင့်လိမ့်မယ် လို့ မထင်မိဘူး။ ကျွန်တော်က အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင် တာပါ။ ဒါကြောင့် ဒီဘုရားကြီးအားတည်ထားပူဇော်ဆောင်ရွက်ခဲ့ကြ တဲ့ အင်ဂျင်နီယာပညာရှင်တွေ၊ ဗိသုကာပညာရှင်တွေကို ချီးကျူး မိပါတယ်။ သူတို့လို တော်တဲ့သူ ဖြစ်အောင် ကြိုးစားသွားဖို့လည်း ဘုရားကြီး စရောက်ကတည်းက ဆုံးဖြတ်ချက် ချထားပြီးပါပြီ။ ဘုရားကြီးအား မဖူးမြော်ရသေးတဲ့ အိမ်ကမိသားစုကိုလည်းဖုန်းဆက် ပြီး လာရောက်ဖူးမြော်ကြဖို့ ပြော ထားတယ်။ ဒီလိုသူငယ်ချင်းတွေနဲ့ လည်း ဘုရားဖူးသွားရတာပျော်ရွှင် မိပါတယ်။ တခြားမြို့နယ်တွေက ကျောင်းသား ကျောင်းသူတွေ လည်း လာရောက်ဖူးမြော်ကြပါလို့ ပြောကြားလိုပါတယ်။
ဒေါ်ကြည်ကြည်လှ
(နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်)
အရင်ရက်တွေ ကတည်းက လာရောက်ဖူးမြော်ဖို့ ကြိုးစားနေ ခဲ့ပေမယ့် အလုပ်မအားတဲ့အတွက် အခုမှ လာရောက်ဖြစ်တာပါ။ မနက်စောစော လူရှင်းမယ် ထင်ခဲ့ပြီးလာခဲ့ပေမယ့် အံ့ဩစရာ ကောင်းလောက်အောင် ဘုရားဖူး ပြည်သူတွေ များပြားနေတာ တွေ့ရပါတယ်။ ဘုရားရဲ့ တန်ခိုး တော်ကြောင့်ပဲ ရာသီဥတုက သာယာနေတဲ့အတွက် အေးအေး ဆေးဆေးနဲ့ ဖူးမြော်ခွင့်ရခဲ့ပါ တယ်။ ဘုရားရင်ပြင်တော်မှာ လည်း နေ့ခင်းရောက်လာတာနဲ့ အမျှ ဘုရားဖူးသူတွေ အလွန် များပြားလာပါတယ်။ တကယ့်ကို ကြည်နူးပျော်ရွှင်ဖွယ်ကောင်းတဲ့ မြင်ကွင်းပါ။ ဘုရားကြီးရဲ့ မျက်နှာ တော်ကလည်း လွန်စွာကြည် ညိုစရာကောင်းလွန်းလှပါတယ်။ နောက်ပြီး တည်ထားပူဇော်ထား တဲ့ သာသနိက အဆောက်အဦတွေ ကို သွားရောက်လေ့လာရတာလည်း ပင်ပန်းတယ်လို့ကို မခံစားရပါဘူး။ ဒါကြောင့် လာဖြစ်အောင်လာပြီး ဖူးမြော်ကြပါလို့ တိုက်တွန်းလိုပါ တယ်။
ဦးချစ်လှိုင်(နေပြည်တော်၊
ဥတ္တရသီရိမြို့နယ်)
ကျွန်တော့်အနေနဲ့ မာရဝိဇယ ဘုရားကြီးအား လာရောက်ဖူးမြော် ရတာ အတော်ကို ဝမ်းသာအားရရှိ ပါတယ်။ ဒီဘုရားကြီးက ကျွန်တော့် အတွက်တော့ အံ့ဩစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ဘုရားကြီး ပရိဝုဏ်အတွင်းမှာရှိတဲ့ ဗိသုကာ လက်ရာတွေကလည်း အဆင့် အတန်းမြင့်မြင့်နဲ့ လက်ရာမြောက် တာတွေ့ရတော့ လာရောက်ဖူးမြော် ရကျိုးနပ်ပါတယ်။ ဘုရားကြီးဟာ မြန်မာနိုင်ငံမှာ သာမက ကမ္ဘာမှာ ပါ အထင်ကရဘုရား တစ်ဆူဖြစ် လို့ အထူးဝမ်းမြောက်ပြီး ဂုဏ်ယူ မိပါတယ်။ ဘုရားကြီးဘေးမှာရှိတဲ့ ဂန္ဓကုဋိတိုက်တော်တွေ အတွင်း က ဗိသုကာလက်ရာတွေကလည်း မြင်ဖူးတဲ့ လက်ရာတွေထဲမှာ အပြောင်မြောက်ဆုံးလို့ ထင်မြင်မိပါ တယ်။ အခွင့်အခါ ရတိုင်းလည်း လာရောက်ဖူးမြော်ဦးမှာ ဖြစ်ပါ တယ်။
မရီလတ်
(ပျဉ်းမနားမြို့နယ်)
ဒီဘုရားကြီးက ကြီးကျယ် ခမ်းနားပြီး အခုမှတည်ပြီးတာဆို တော့ စိတ်ထဲမှာ ဖူးမြော်ချင်စိတ် တွေဖြစ်မိလို့ လာဖူးတာဖြစ်ပါ တယ်။ ဘုရားကြီးက မြန်မာနိုင်ငံ မှာ ဉာဏ်တော်အမြင့်ဆုံးလည်း ဖြစ်၊ ကြည်ညိုဖွယ်လည်းဖြစ်တော့ ဂုဏ်ယူမိပါတယ်။ မအားတဲ့ကြား က လာရောက်ဖူးမြော်ရတာ လာရ ကျိုးနပ်တယ်လို့ ပြောချင်ပါတယ်။ ကျွန်မ နိုင်ငံတွေတော်တော်များ များက စကျင်ကျောက်နဲ့ ထုဆစ် ထားတဲ့ဘုရားတွေကို ဖူးမြော်ဖူးပါ တယ်။ အဲဒီ ရုပ်ပွားတော်မြတ်ကြီး တွေထဲမှာ မာရဝိဇယဘုရားကြီးက ဉာဏ်တော်အမြင့်ဆုံး၊ အကြီးဆုံး ဖြစ်ပြီးတော့ တော်တော်လည်း ခမ်းနားထည်ဝါပါတယ်။ မြန်မာ နိုင်ငံမှာ တည်ထားတယ်ဆိုတော့ ပိုပြီးဂုဏ်ယူတယ်။ ဗိသုကာပိုင်း ကိုလည်း နားမလည်ဘူးဆိုပေမယ့် ကြည့်လိုက်တာနဲ့တင် လက်ရာ မြောက်တယ်ဆိုတာ ထင်ရှားနေ ပါ တယ်။ အနယ်နယ်အရပ်ရပ်မှာ ရှိတဲ့ ပြည်သူတွေကလည်း ဒီလောက် ခမ်းနားသပ္ပာယ်တဲ့ ဘုရားကြီးအား ဖူးမြော်ဖို့လာချင် နေကြလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒါကြောင့် မရောက်ရောက် အောင် လာဖူးကြ ပါ။ လာဖူးရကျိုး နပ်ပါလိမ့်မယ်လို့ ပြောချင်ပါ တယ်။
ဒေါ်နှင်းပပလှိုင်
(ကျောင်းဆရာမ၊ နေပြည်တော်
ဇေယျာသီရိမြို့နယ်)
ဒီနေ့ကတော့ ကျွန်မတို့ ကျောင်းမှာရှိတဲ့ အလယ်တန်းပြ ဆရာ ဆရာမတွေ ဦးစီးပြီးတော့ Grade 6, Grade 8, Grade 9 အတန်းတွေက ကျောင်းသား ကျောင်းသူလေးတွေနဲ့ လာရောက် ဖူးမြော်ကြတာ ဖြစ်ပါတယ်။ ဘုရားကြီးအား ဖူးမြော်ချင်နေတာ ကြာပါပြီ။ ရုပ်မြင်သံကြားနဲ့ လူမှု ကွန်ရက် စာမျက်နှာတွေထဲမှာ တော့ ခဏခဏဖူးနေရပါတယ်။ အခုကတော့ တပည့်သားသမီး တွေနဲ့ စုစုရုံးရုံးနဲ့ လာဖူးရတော့ ဝမ်းသာပီတိတွေက ပြောမပြ တတ်အောင်ပါပဲ။ ကိုယ့်မြန်မာ နိုင်ငံမှာ ကြီးကျယ်ခမ်းနားပြီး သပ္ပာယ်လှတဲ့ ဘုရားကြီးရှိတယ် ဆိုတော့ ဂုဏ်ယူဝမ်းမြောက်မိပါ တယ်။ ကျွန်မကိုယ်တိုင်ကလည်း နေပြည်တော်မှာ နေတယ်ဆိုတော့ ခဏခဏဖူးမြော်ခွင့်ရမှာဖြစ်တဲ့ အတွက် ပိုတောင်ဝမ်းသာမိပါ တယ်။ ရပ်ဝေးက ပြည်သူတွေက လည်း မရောက်ရောက်အောင် လာဖူးကြပါလို့ ဖိတ်ခေါ်ပါ တယ်။
အောင်ရဲသွင်
ဓာတ်ပုံ - ကိုအေးသန်း