
ရန်ကုန် နိုဝင်ဘာ ၂
မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ကမ္ဘာ့အမွေ အနှစ်စာရင်း တင်သွင်းရေးအတွက် မြောက်ဦးဒေသ အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Mrauk - U COM) ဒုတိယအကြိမ် ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၉ နာရီတွင် ရှေးဟောင်း
သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အမျိုးသား ပြတိုက် (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရပါက မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို အမြင့်ဆုံး ကာကွယ်စောင့်ရှောက်မှုများ ပြုလာနိုင်ပြီး မိမိနိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ဒေသ၏ ဂုဏ်သိက္ခာမြင့်မား တိုးတက်မှုများနှင့်အတူ ဒေသ၏စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးမှုများသည်လည်း ဟန်ချက်ညီစွာ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ မြောက်ဦးဒေသ အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အနေနှင့် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာစေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ပြည်နယ် အစိုးရအဖွဲ့၊ မြောက်ဦးဒေသရှိ ဆက်စပ်အစိုးရ ဌာနများ၊ အဖွဲ့အစည်းများ၊ ပညာရှင်များ၊ ဒေသခံ ပြည်သူများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ရခိုင်ပြည်နယ်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး အစည်း အဝေးတက်ရောက်လာကြသည့် မြောက်ဦးဒေသ အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးထွန်းအုံက မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ကမ္ဘာ့အမွေ အနှစ်စာရင်းတင်သွင်းရေးအတွက် အဆိုပြုစာတွဲ အပြည့်အစုံ (Nomination Dossier-Complete) ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်ပြရေးနှင့် ပတ်သက်၍ လိုအပ်သည်များဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက နိဂုံးချုပ်အမှာစကားပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဇမ္ဗူသီရိ ဗိမာန်တော်၌ ကျင်းပသည့် ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့ထံမှ သြဝါဒခံယူပွဲအခမ်းအနားသို့ တက်ရောက်ကြည်ညိုသည်။
ရှေးဦးစွာ ထေရဝါဒ ဗုဒ္ဓသာသနာပြု သြဝါဒါ စရိယအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့် သော ပရိတ်တရားတော်များကို နာယူကြည်ညိုကြ သည်။
ဆက်လက်၍ ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါ စရိယအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရက နယ်စပ်နှင့် တောင်တန်းဒေသ ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါ စရိယအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ သာသနာပြုဌာန များနှင့် သာသနာပြုပုဂ္ဂိုလ်တို့အတွက် လိုအပ်သည့် စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများကို အပတ်စဉ်၊ လစဉ် ရုံးထိုင်ဆောင်ရွက်နိုင်ရန်နှင့် သာသနာပြု သင်တန်းများ ဖွင့်လှစ်နိုင်ရန်အတွက် ရုံးခန်းနှင့် သင်တန်းခန်းမများ အထူးလိုအပ်လျက်ရှိကြောင်း၊ အထူးအားဖြင့် သာသနာပြုလုပ်ငန်းများအတွက် လိုအပ်သည်များကို လေ့လာသုံးသပ်ပြီး ပြည့်စုံအောင် ပံ့ပိုးဆောင်ရွက်ပေးရန် မေတ္တာရပ်ခံကြောင်း သြဝါဒ မြွက်ကြားသည်။
အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်းက ဇမ္ဗူသီရိဗိမာန်တော် သာသနာ့မြေသမိုင်းကြောင်းနှင့် ဇမ္ဗူသီရိဗိမာန်တော်တည်ဆောက်ခဲ့မှု အခြေအနေ များကို ရှင်းလင်းလျှောက်ထားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့ ရန်ပုံငွေ အတွက် ငွေကျပ်သိန်း ၅၀ ကို ပေးအပ်လှူဒါန်းပြီး ဆရာတော်သံဃာတော်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေသည်။
အခမ်းအနားပြီးဆုံးပြီးနောက် ပြည်ထောင်စု ဝန်ကြီးက ဇမ္ဗူသီရိဗိမာန်တော်ကြီး တရားဟော ခန်းမ၊ ဆရာတော်ကြီးများ သီတင်းသုံးနားနေခန်းများ၊ ဆွမ်းပြင်ဆောင်နှင့် အုပ်ချုပ်မှုရုံးခန်းတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်