ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ရန်ပုံငွေရှာဖွေရေးနှင့် ဘဏ္ဍာရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်  အောက်တိုဘာ  ၁၃ 


ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ရန်ပုံငွေ ရှာဖွေရေးနှင့်   ဘဏ္ဍာရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင်   နေပြည်တော်ရှိ   ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌   ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။


အစည်းအဝေးကို  လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဖြစ်သူ  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ် ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် က ဦးဆောင်၍    ပြည်ထောင်စုဝန်ကြီးဌာနများ နေပြည်တော်ကောင်စီအပါအဝင်  တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များ၊  နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊   ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်းတို့မှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့သည်။  


အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရေး၊  ပြည်ထောင်စုအဆင့်   လုပ်ငန်း ကော်မတီများနှင့်  တိုင်းဒေသကြီး/  ပြည်နယ်တို့မှ လုပ်ငန်းဆပ်ကော်မတီများ၏ ဘဏ္ဍာငွေလျာထားမှု နှင့်   သုံးစွဲမှုများတွင်   အမျိုးသားကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ  ဆောင်ရွက်ရေးနှင့် နှစ်စဉ် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ၏  ဘဏ္ဍာ ငွေလိုအပ်ချက်ကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ရှာဖွေရေးကိစ္စများကို ပြောကြားသည်။


ထို့နောက် တက်ရောက်လာသော ပြည်ထောင်စု ရန်ပုံငွေရှာဖွေရေးနှင့် ဘဏ္ဍာရေးလုပ်ငန်း ကော်မတီ ဝင်များနှင့်   တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရန်ပုံငွေရှာဖွေရေးနှင့်        ဘဏ္ဍာရေးလုပ်ငန်း ဆပ်ကော်မတီဝင်များက    ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် Mini Budget ခြောက်လအတွက် ဘဏ္ဍာငွေ လျာထား ခွင့်ပြုမှုများ၊    အခြားသောရန်ပုံငွေရင်းမြစ်များ ရရှိနိုင်ရေးကိစ္စများနှင့် လုပ်ငန်းကော်မတီမှ ရှေ့ဆက် လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။


သတင်းစဉ်