
ယဉ်လာဒ်
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ဟာ ထင်းရှူးရနံ့တွေနဲ့ အေးမြတဲ့ တောင်ပေါ်မြို့လေးလို့ ခရီးသွားအများစု ရင်းနှီး ကျွမ်းဝင်ထားတဲ့ မြို့တော်တစ်ခု ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကလောမြို့ရဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ ဆုတောင်းပြည့် နှီးဘုရားပွဲတော်ကိုကျင်းပနေပါပြီ။
ခရီးသွားမြို့တော် တစ်ခုဖြစ်တဲ့ ကလောမြို့ကိုရောက်ပြီဆိုရင် အထင် ကရ လည်ပတ်စရာတွေ များစွာရှိပါ တယ်။ အဲဒီအထဲကမှ ခရီးသွားတွေ အရင်ဦးဆုံး မဖြစ်မနေ သွားရောက်လေ့ ရှိကြတဲ့ နေရာကတော့ ကလောမြို့ (၈)ရပ်ကွက်ထဲက နှီးဘုရားလမ်းမပေါ်မှာ တည်ရှိတဲ့ မြို့ရဲ့အထင်ကရ နှီးဘုရား ဖြစ်ပါတယ်။
ဒုံးလွှတ်ပွဲတော်
‘‘ဆုတောင်းပြည့် နှီးဘုရားပွဲတော်က ကလောမြို့ရဲ့ အထင်ကရပွဲတော်လေ။ နှစ်စဉ် ကဆုန်လဆန်း ၁၃ ရက်နေ့မှာ ကျင်းပကြပါတယ်။ အရင်တုန်းကဆို မီးရှူး မီးဒုံးကြီးတွေ ပစ်လွှတ်ပြီး ကျင်းပ ခဲ့တာပါ။ အခုကတော့ အလွန်မကြီးဘဲ သေးသေးလေးတွေ ပါမယ်ထင်ပါတယ်။ ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး တချို့က တော့ ဒုံးလွှတ်ပွဲတော်လို့ ခေါ်ကြပါတယ်။ နှစ်တိုင်း ပွဲတော်နေ့ဆိုရင် နှီးဘုရားကို သွားရောက် ဖူးမြော်ကြပါတယ်”လို့ ကလောမြို့ (၉)ရပ်ကွက်နေ ဒေသခံ ဒေါ်နီနီအောင်က စာရေးသူကို ပြောပြ ပါတယ်။
နှီးဘုရားပွဲတော်ကို မေ ၁၉ ရက်က နေ ၂၀ ရက်အထိ နှစ်ရက်တည်းသာ ကျင်းပပြီး စည်ကားလှတဲ့ ပွဲတော်ဖြစ် ကာ ဒေသခံလူငယ်တွေရဲ့ ကပြသီဆိုမှု တွေနဲ့ ပျော်စရာပွဲတော်တစ်ခုလည်း ဖြစ်ကြောင်း (၃)ရပ်ကွက်နေ ဒေသခံ တစ်ဦးက စာရေးသူကို ပြောပြပါတယ်။
ရှေးဟောင်းရုပ်ပွားတော်မြတ် ကလောနှီးဘုရားကြီး
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်ခန့် က ရက်လုပ်ခဲ့တဲ့ ရှေးဟောင်းရုပ်ပွား တော်မြတ် ကလောနှီးဘုရားကြီးဟာ ဉာဏ်တော် ရှစ်ပေ လေးလက်မရှိပြီး ဘူမိဖဿမုဒြာပုံတော် ဖြစ်ပါတယ်။ ဘွဲ့တော်အနေနဲ့ မဟာမုနိနှီးဘုရားလို့ ခေါ်ဆိုကြပါတယ်။ ဟိုးအရင်တုန်းက တော့ ကလောမြို့ ပင်မာကုန်းကျေးရွာမှာ သစ်စေးသုတ်ပြီး ပူဇော်ထားရှိခဲ့တယ်လို့ ဆိုပါတယ်။ အခုအချိန်မှာတော့ လက်ရှိ နှီးဘုရားကြီးတည်ရှိရာ ဂန္ဓကုဋိတိုက် ကြီးအတွင်းမှာ ရွှေသင်္ကန်းကပ် ရုပ်ပွား တော်အဖြစ် ထားရှိပူဇော်ထားပါတယ်။
ခရီးသွားဧည့်သည် အများစုကတော့ ကလောမြို့ကို ရောက်ပြီဆိုရင် ပထမဆုံး ကလောနှီးဘုရားကြီးဆီကို သွားရောက် ဖူးမြော်ကြပါတယ်။ ရွှေသင်္ကန်းကပ် ရုပ်ပွားတော်အဖြစ် ထားရှိပူဇော်ထားတဲ့ နှီးဘုရားကြီးကို ဖူးမြော်ပြီး ဆရာလေး တွေ ကျွေးမွေးဧည့်ခံကြတဲ့ ရေနွေးကြမ်း နဲ့ လက်ဖက်ကို စားသောက်ရင်း နားနား နေနေနေကာ ဖူးမြော်ကြလေ့ရှိတာက ရိုးရာတစ်ခုလို ဖြစ်နေပါပြီ။
နှီးဘုရားကြီး၏ ထူးခြားချက်များ
နှီးနဲ့ရက်လုပ်ထားပေမယ့် နှစ်ပေါင်း များစွာကြာသည့်တိုင်အောင် မပျက်စီး ခြင်း၊ မီးကွင်းခြင်း၊ ဆုတောင်းပြည့်ခြင်း စတဲ့ ထူးခြားချက်တွေ ရှိတာကြောင့် အနယ်နယ်အရပ်ရပ်မှ လာရောက် ဘုရားဖူးသူတွေနဲ့ စည်ကားတဲ့ နေရာ တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။
‘‘မေ ၁၈ ရက် ညနေ ၃ နာရီမှာ နှီးဘုရားကြီးကို ဆွမ်းတော်ကြီးဆန် ကပ်လှူပါမယ်။ ၁၉ ရက်ကစပြီး ပွဲတော် ရက် ဖြစ်ပါတယ်။ တာတက်ပွဲတွေ ပါပါ မယ်’’လို့ ကလောမြို့ရဲ့ (၈)ရပ်ကွက် ဥက္ကဋ္ဌက စာရေးသူကို ပြောပါတယ်။
ဟိုတယ်အခန်းခစျေးနှုန်းတွေ လျှော့ချပေးထား
ဒါ့အပြင် ကလောမြို့ရဲ့ သဘာဝအလှ တရားကို ခံစားချင်သူတွေအတွက် ခရီးသွားဧည့်သည်တွေ မဖြစ်မနေ သွားရောက်လည်ပတ် ဖူးမြော်ကြတဲ့ နှီးဘုရားဆီသွားရာလမ်းမပေါ်က ကုန်းမြင့် ပေါ်မှာ Private ဆန်ဆန် တည်ဆောက် ထားတဲ့ ကလောအိမ်ဟိုတယ်ကလည်း ဟိုတယ်အခန်းခစျေးနှုန်းတွေကို လျှော့ချ ပေးထားကြောင်း ဟိုတယ်ရဲ့တာဝန်ရှိသူ က စာရေးသူကို ပြောပြပါတယ်။
ကလောမြို့မှာ ဆုတောင်းပြည့် နှီးဘုရားအပြင် ခရီးသွားတွေ သွားရောက် လည်ပတ်ကြတဲ့ အခြားနေရာတွေလည်း အများအပြားရှိပါတယ်။ Kalaw City View၊ သိမ်တောင်၊ Hill top Villa၊ မနောလှ၊ Kalaw View point၊ Kalaw Cafeyard၊ အိုးစည်တောင်၊ ဗျိုက်တောင်၊ ပင်းဒယ၊ ရွာငံအသွားလမ်း၊ မြင်းမူကုန်းနဲ့ အလွမ်းတောင်တို့ကတော့ ပြည်တွင်း ခရီးသွားဧည့်သည်တွေ သွားရောက် လည်ပတ်မှုများတဲ့ နေရာတချို့ ဖြစ်ပါတယ်။
နှစ်စဉ် ကလောမြို့ကို သွားရောက် လည်ပတ်တဲ့ ခရီးသွားတစ်ဦးကတော့ ‘‘ကလောမြို့ရဲ့ ညနေဆည်းဆာအလှကို သိမ်တောင်ပေါ်ကနေ ကြည့်တယ်။ ကလောတစ်မြို့လုံးကို အပေါ်စီးကနေ ကြည့်လို့ရတဲ့ Sightseen တစ်ခုပါ။ နှီးဘုရားကြီးဆီကို သွားရောက်ဖူးမြော် တယ်။ Kalaw Cafeyard ကို သွားတယ်။ ကလောမြို့ကိုရောက်ရင် အမြဲတမ်း ဒီနေရာတွေကိုတော့ သွားဖြစ်ပါတယ်’’ လို့ စာရေးသူကို ပြောပြပါတယ်။
လွမ်းမောဖွယ်ရာ ကောင်းလှတဲ့ တောင်တန်းတွေကြားမှာ ဒယ်အိုး ပုံသဏ္ဌာန်တည်ရှိနေတဲ့ ကလောမြို့ လေးကို လာရောက်လည်ပတ်ကြတဲ့ ပြည်တွင်းခရီးသွားတွေအနေနဲ့ ကလော မြို့မှာ နှစ်စဉ်နှစ်တိုင်း မေ ၁၉ ရက်နဲ့ ၂၀ ရက်မှာ ကျင်းပကြတဲ့ နှီးဘုရားပွဲတော် ကိုလည်း တစ်ခါတစ်ခေါက် လာရောက် လည်ပတ်နိုင်စေဖို့ ဒီတစ်ပတ်ရဲ့ ခရီးသွား လမ်းညွှန်အနေနဲ့ ဖော်ပြပေးလိုက်ပါ တယ်။ ။