ကချင်ပြည်နယ်လမ်းဦးစီး လမ်းပေါင်း ၅၆ လမ်းကို အဆင့်မြှင့်တင်

 

မြစ်ကြီးနား   ဇွန်   ၂၆


ကချင်ပြည်နယ်လမ်းဦးစီးဌာနသည်       ပြည်နယ် အတွင်းရှိ ပြည်သူများ ရာသီမရွေး သွားလာနိုင်ရန် ရည်ရွယ်၍ ပြည်နယ်အတွင်းရှိ လမ်းပေါင်း ၅၆ လမ်း မိုင်ပေါင်း ၂၀၈၀ မိုင် ငါးဖာလုံကို မြေလမ်း၊ အမာခံ လမ်းမှ ကွန်ကရစ်ကတ္တရာ AC လမ်းအထိ အဆင့် မြှင့်တင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 


လမ်းများ အဆင့်မြှင့်တင်ရာတွင် မြစ်ကြီးနား- ဆွမ်ပရာဘွမ်-ပူတာအိုလမ်း  အရှည် ၂၁၈ မိုင်သည် ယခင်က    မြေလမ်းအမျိုးအစားဖြစ်သော်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အထိ ကွန်ကရစ်လမ်း ၁၀၆ မိုင် လေးဖာလုံ ခင်းနိုင်ခဲ့သည့်အတွက် မြစ်ကြီးနားမှ ပူတာအိုကို   နေ့ချင်းပေါက်     သွားလာနိုင်ပြီဖြစ် ကြောင်း သိရသည်။

 


ထို့ပြင်  မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနား လမ်း မြစ်ကြီးနားမှ ဗန်းမော်အပိုင်းသည် ၁၁၆ မိုင် ရှိပြီး မူလပြောင်းဖူးစေ့လမ်းကို   ၂၀၁၇  ဘဏ္ဍာ နှစ်မှစ၍ ၂၀၁၈ ဘဏ္ဍာနှစ်အထိ ကွန်ကရစ်ကတ္တရာ AC  လမ်းအဖြစ် ၆၂ မိုင် ခုနစ်ဖာလုံကို  ပြည်နယ် လမ်းဦးစီးဌာနက ဆောင်ရွက်နိုင်ခဲ့သည်။ ဆက်လက် ၍ ဘဏ္ဍာငွေရရှိသည့်အပေါ်မူတည်၍    ၁၁၆    မိုင်ကို ကွန်ကရစ်ကတ္တရာ AC လမ်းအဖြစ်  ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

 


၎င်းအပြင် မိုးမောက်-ကျောက်စခန်း-စိန်လုံး- လွယ်ဂျယ်လမ်းသည် စုစုပေါင်း ၄၇ မိုင် လေးဖာလုံ ဖြစ်ပြီး ပြောင်းဖူးစေ့ကျောက်စီလမ်း အမျိုးအစား ဖြစ်သည်။ ၎င်းလမ်းအား ဆောက်လုပ်ရေးဝန်ကြီး ဌာန ကချင်ပြည်နယ် လမ်းဦးစီးဌာန၏ တာဝန်ပေး ချက်အရ တင်ဒါအောင်ကုမ္ပဏီက BOT စနစ်ဖြင့် နိုင်လွန် ကတ္တရာ AC ခင်း၍ အဆင့်မြှင့်တင်လျက် ရှိသည်။ ၎င်းလမ်းပြီးသွားပါက    တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲ လုံချွန်ခရိုင် ကျန်ဖုန်း မြို့နှင့် ကချင်ပြည်နယ် ဗန်းမော်မြို့တို့ကြား ကုန်စည် စီးဆင်းမှု  မြန်ဆန်လာမည်ဖြစ်ကြောင်း သိရသည်။

 


ထို့ပြင်    မိုးကောင်း(ပါဟုတ်)-ကာမိုင်း-ဖားကန့် လမ်း ၅၃ မိုင် သုံးဖာလုံကိုလည်း  အဆင့်မြှင့်တင် ဆောင်ရွက်ရန် E.O.T ခေါ်ယူခဲ့ကာ လျှောက်ထား လာသည့်ကုမ္ပဏီများအား BOT စနစ်ဖြင့် လုပ်ကိုင် ခွင့်ပြုရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။           
ခရမ်းစိုးမြင့်