ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် Quarantine Centre များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ ကွင်းဆင်းစစ်ဆေး

 

မြစ်ကြီးနား   ဇူလိုင်    ၇


ကချင်ပြည်နယ်အတွင်း   ကိုဗစ်-၁၉      ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ    ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ရောဂါပိုးတွေ့ရှိသူများအား  စနစ်တကျထိန်းချုပ်ကုသနိုင်ရေးအတွက် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့်အတူ ဇူလိုင် ၆ ရက် မွန်းလွဲ ၃ နာရီတွင် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ် အတွင်းရှိ    ပြည်သူ့ဆေးရုံများနှင့်     Quarantine Centre  များ  ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးကြသည်။


ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌနှင့် အဖွဲ့သည်      မြစ်ကြီးနား   ပြည်သူ့ဆေးရုံအတွင်း လေးထပ်လူနာဆောင်သစ်၌ ပိုးတွေ့လူနာများအား  ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး    ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို     လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဆေးရုံအတွင်း လက်ရှိကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍     ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဆေးရုံအုပ်ကြီးတို့၏ ရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။


ယင်းနောက် မြစ်ကြီးနားမြို့ သားဖွားသင်တန်း ကျောင်းနှင့် သူနာပြုသင်တန်းကျောင်းတို့၌ ကိုဗစ်-၁၉ လူနာများအား  Quarantine  Centre ဖွင့်လှစ်၍ အသွားအလာကန့်သတ်နိုင်ရေး    စီစဉ်ဆောင်ရွက် ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ကျန်းမာ ရေးစောင့်ရှောက်မှုနှင့် လိုအပ်သည့် အကာအကွယ် ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဝိုင်းမော်မြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဆေးရုံ၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများ စနစ်တကျ ကုသဆောင်ရွက်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်နေမှုများကို  လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ဆေးရုံကြီးအတွက် ထောက်ပံ့ငွေ များကို ပေးအပ်လှူဒါန်းခဲ့ကြသည်။


ပြည်နယ် (ပြန်/ဆက်)