
မြစ်ကြီးနား မေ ၁၀
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအတွင်းရှိ မိုင်းနားဖွံ့ဖြိုးရေးခြံ KBC စခန်းရှိ နေရပ် စွန့်ခွာ အိမ်ထောင်စုများအား ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များက မေ ၉ ရက်က သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယာယီခိုလှုံရာစခန်းများတွင် ၁၀နှစ် ကျော်ကြာ ကြံ့ကြံ့ခံ့နေထိုင်လာခဲ့ကြသည့်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးနိုင်ရေး အတတ်နိုင်ဆုံး ဆောင်ရွက်ပေးခဲ့ ကြောင်း၊ ဒါ့အပြင် နေရပ်စွန့်ခွာစခန်းများမှ အိမ်ထောင်စုများအား နေရပ်ကျေးရွာများတွင် ပြန်လည်အခြေချ နေထိုင်ရာတွင်လည်း နေထိုင် စားသောက်ရေး၊ ရေ၊ မီး လိုအပ်ချက်များကို အတတ် နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့တွင်အခြေခံစားသောက်ကုန်များ ထောက်ပံ့ ပေးအပ်မည့်အပြင် မိသားစုများ၏ လိုအပ်ချက် များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများက အဆိုပါမိုင်းနားဖွံ့ဖြိုးရေးခြံ KBC စခန်းရှိ အိမ်ထောင်စု ၃၀၈စု၊ လူဦးရေ ၁၆၀၉ ဦး အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ် ၄၈၆ အိတ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာနှစ်ပတ်စာအတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်း ၆၇၅၇၈၀၀ နှင့် နယ်စပ်ရေးရာဝန်ကြီး ဌာနမှ ထောက်ပံ့သည့် ငွေကျပ် ၇၅၀၀၀၀၀ တန်ဖိုးရှိ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကုလားပဲ စသည့် အခြေခံစားသောက်ကုန်များနှင့် ကျောင်းသုံး ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများကို ထောက်ပံ့ ပေးအပ်သည်။
ဆက်လက်၍ နောင်ဟီး IDPs စခန်းမှ ၎င်းတို့၏ မူလနေရပ် အမှတ်(၃)ရပ်ကွက်သို့ ပြန်လည် ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စု ၁၂ စု၊ လူဦးရေ ၅၇ ဦးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ပြောင်းရွှေ့စရိတ်အဖြစ် တစ်အိမ်ထောင်လျှင်ငွေကျပ် တစ်သိန်း၊ ဆန်တစ်အိတ်၊ ဆီတစ်ပိဿာစီတို့ဖြင့် စုစုပေါင်းပစ္စည်းနှင့် ငွေသားတန်ဖိုးငွေကျပ် ၂၂၃၂၀၀၀၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနက ဆန်ရိက္ခာဖိုးငွေကျပ် ၅၁၃၀၀၀၊ ပြောင်းရွှေ့ စရိတ်အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်တစ်သိန်း နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၂၀၀၀၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးအပ် သည်။
ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးက နေရပ်စွန့်ခွာစခန်းနေပြည်သူများ ပြန်လည်နေရာချထားရေးအတွက် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းချိတ်ဆက်၍ ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး စခန်းများ နေ အိမ်ထောင်စုများက လျှပ်စစ်မီးလိုအပ်ချက်၊ လမ်းကောင်းမွန်ရေး၊ ကလေးငယ်များ ပညာရေးနှင့် ရွှေ့ပြောင်းနေထိုင်နိုင်ရေးအတွက် လိုအပ်ချက်များ ကူညီဖြည့်ဆည်းပေးနိုင်ရေး တင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်
(ပြန်/ဆက်)