
ဆောင်းပါး
=======
ကိုယ်ပိုင်မိခင်မျိုးရိုးဗီဇစစ်စစ် ပိုင်ဆိုင်သော၊ နိုင်ငံတော်အတွက် အရေးပါသော မြန်မာ့နွားမျိုးများ
========================================================
မောင်မိုး(မွေး/ကု)
နွားမျိုးများ၏မျိုးရိုးဆင်းသက်လာမှုရာဇဝင်
နွားမျိုးများသည် လွန်ခဲ့သောနှစ်ပေါင်း ၂ ဒသမ ၅ သန်းကျော်၊ ကျောက်ခေတ်ဦး (Palaeolithic age) ကာလတွင် တည်ရှိခဲ့သော အော်ရိုချ် (Auroch) ခေါ် နွားရိုင်းများမှ ဆင်းသက်လာပြီး တဖြည်းဖြည်း ယဉ်ပါးလာကြကာ အိမ်မွေးနွားမျိုးများ (Domestic Cattle) အဖြစ် ဆင့်ကဲပြောင်းလဲဖြစ်ပေါ်လာပြီး စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများတွင် အသုံးပြုကြသည်ဟု မျိုးရိုး ဗီဇ သုတေသနပညာရှင်များက လေ့လာရှာဖွေဖော်ထုတ်ခဲ့ ကြသည်။
အိမ်မွေးနွားမျိုးများတွင် သမပိုင်းဒေသ၌ ကောင်းစွာရှင်သန်နိုင်သောနွားမျိုး (Bos taurus)နှင့် အပူပိုင်းဒေသတွင် ကောင်းစွာရှင်သန်နိုင်သောနွားမျိုး (Bos indicus) ဟူ၍ နှစ်မျိုးရှိပါသည်။ အိမ်မွေးနွားမျိုးများ ကို နို့စားနွား၊ အသားစားနွား၊ ခိုင်းနွား စသည်ဖြင့် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် မွေးမြူကြသည်။ ၂၀၁၈ ခုနစ်တွင် ကမ္ဘာပေါ်၌ နွားကောင်ရေ စုစုပေါင်း ၁ ဒသမ ၀၀၂ ဘီလီယံ မွေးမြူလျက်ရှိသည်။ မြန်မာနိုင်ငံတွင် အေဒီ ၄၂၀ တွင် သုံးစွဲခဲ့သော ကင်းမြီးကောက်-သီရိဝစ္ဆ ကောက်ကြောင်းဒင်္ဂါးတွင်လည်းကောင်း၊ အေဒီ ၄၅၄ တွင် သုံးစွဲခဲ့သော ဒေဝစြန္ဒင်္ဂါးတွင် လည်းကောင်း နွားလားဥသဘပုံများကို အမြတ်တနိုးရိုက်နှိပ်၍ ထည့်သွင်းအသုံးပြုခဲ့ကြပါသည်။ ထို့အပြင် ပုဂံခေတ်တွင် “လယ်ထွန်မင်္ဂလာ” ပြုခဲ့သည့်အကြောင်းကို သံခိပ်ကျမ်း တွင် အကျယ်တဝင့်ဖော်ပြထားခြင်းကြောင့်လည်း မြန်မာနိုင်ငံတွင် အိမ်မွေးနွားမျိုးများကို ရှေးအစဉ် အဆက်ကတည်းကပင် မွေးမြူခဲ့ကြောင်း သိသာနိုင်ပါ သည်။ ယနေ့ခေတ်တွင်လည်း မြန်မာနိုင်ငံတွင် အိမ်မွေး နွားမျိုးများကို လယ်ယာစိုက်ပျိုးရေးတွင်လည်းကောင်း၊ နို့ထုတ်လုပ်ရေးအတွက် လည်းကောင်း၊ အသားစားနွားမွေးမြူရေးအတွက်လည်းကောင်း၊ သယ်ယူပို့ဆောင်ရေး အတွက် လည်းကောင်း ရည်ရွယ်ချက်ပေါင်းများစွာဖြင့် ကျယ်ပြန့်စွာမွေးမြူလျက်ရှိပါသည်။
မြန်မာ့နွားမျိုးများ၏ နိုင်ငံတော်ဝင်ငွေအတွက် အရေးပါသောအခန်းကဏ္ဍတွင်ပါဝင်မှု
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံ ဖြစ်သောကြောင့် လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးမှုအတွက် မြန်မာ့နွားမျိုးများသည် ရှေးအစဉ်အဆက်မှပင် မွေးမြူ ခဲ့သော တိရစ္ဆာန်အရင်းအမြစ် (Animal resources) ဖြစ်ပါသည်။ ယခုအချိန်အခါတွင် မြန်မာ့နွားသည် နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေရှာဖွေမှုအတွက် တစ်ဖက် တစ်လမ်းမှပါဝင်၍ တစ်နှစ်ထက်တစ်နှစ် တရားဝင်အခွန် ဘဏ္ဍာငွေများကို ရှာဖွေပေးလျက်ရှိသည်ဟု ဆိုလျှင်လည်း မှားမည်မထင်ပါ။ မြန်မာ့ကျွဲ၊နွားများမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်တွင် အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၃၅ သန်းကျော် ကို လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အမေရိ ကန်ဒေါ်လာ ၆၈၄ ဒသမ ၆၂ သန်းကျော်ကို လည်းကောင်း ဘဏ္ဍာ နှစ် နှစ်နှစ်အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၃၅ ဒသမ ၉၇ သန်းကျော်ကို နိုင်ငံတော်အတွက် ရှာဖွေပေး နိုင်ခဲ့ပါသည်။ ၎င်းအပြင် မြန်မာ့နွားများမှ အာဟာရပြည့်ဝ သော အသား၊ နို့ အပြင် လယ်ယာစိုက်ပျိုးရေးနှင့် သယ်ယူ ပို့ဆောင်ရေးတို့တွင် ယနေ့အထိတိုင် အသုံးချလျက်ရှိသော လုပ်အား၊ စိုက်ပျိုးရေးတွင် အော်ဂဲနစ်မြေဩဇာအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသော မြန်မာ့နွားများ ၏နွားချေး စသည်တို့ကို ထုတ်လုပ်ပေးလျက်ရှိသောကြောင့် မြန်မာနိုင်ငံအတွက် အရေးပါလှပေသည်။
ထို့ကြောင့် မြန်မာ့နွားမျိုးများသည် မြန်မာနိုင်ငံအတွက် အရေးပါသော တိရစ္ဆာန်အရင်းအမြစ်အဖြစ် တည်ရှိခဲ့သည်မှာ မုချဧကန် မလွဲ ဖြစ်ပါသည်။
မြန်မာ့နွားမျိုးများ
မြန်မာ့နွားမျိုးများကို နွားနီအုပ်စု၊ နွားပြာအုပ်စု၊ နွားနက်အုပ်စုနှင့် နွားဖြူအုပ်စုဟူ၍ အရောင်အပေါ်မူတည်ပြီး အုပ်စုခွဲ၍ အလွယ်တကူ ခေါ်ဆိုကြသည်ဟု ဆရာဦးအောင် စိုးက မြန်မာ့ကျွဲ၊ မြန်မာ့နွားစာအုပ်တွင် ရေးသားဖော်ပြထား ပါသည်။ ထို့အပြင် ဒေသအခေါ်အဝေါ် ပေါ်မူတည်ပြီး မြန်မာ့ နွားမျိုးများကို နွားနီအုပ်စုတွင် နွားနီ၊ နွားရွှေနီ၊ နွားကျစ်၊ နွားကျစ်နီ၊ နွားကျစ်ကျား၊ နွားနီထိပ်ကွက်၊ နွားနီမြီးစွပ်၊ နွားနီကျား၊ နွားနီရဲရဲတောက်၊ နွားဝါနီ၊ ချိပ်နီ၊ ပုစွန်ဆီ၊ အုန်းခွံ၊ ဇော်နီကွမ်းသွေး၊ နွားဝါ၊ နွားဝါဖွဲနုနှင့် နွားဝါခြောက်ဟူ၍လည်းကောင်း၊ နွားပြာအုပ်စုတွင် နွားပြာ စိမ်း၊ နွားပြာခြောက်၊ နွားပြာဝါ၊ နွားပြာဖြူ၊ နွားပြာကျား၊ နွားပြာထိပ်ကွက်၊ နွားပြာမြီးစွပ်၊ နွားပြာသံရောင်၊ နွားပြာ နှမ်း၊ နွားပြာနီကွမ်းသွေးနှင့် နွားနှမ်းဟူ၍လည်းကောင်း၊ နွားနက်အုပ်စုတွင် နွားနက်၊ ဩဇာချိပ်၊ သံရောင်ချိပ်၊ နွားနက်ကျား၊ နွားနက်စွပ်၊ နွားနက်ထိပ်ကွက်၊ နွားညို သံရောင်၊ နွားပြေ၊ နွားပြေညို၊ နွားပြေနီ၊ နွားပြေ ထန်းသီးနှင့် နွားပြေသံရောင် ဟူ၍လည်းကောင်း၊ နွားဖြူ အုပ်စုတွင် စာဥ၊ စံပယ်ဖြူ၊ စံပယ်၊ စာဥဝါ၊ စာဥဝါကျား၊ စာဥထိပ်ကွက်၊ စာဥပြာ၊ စာဥအုန်းခွံ၊ စာဥနှာပြောက်၊ စာဥ မြီးတံကြောင်၊ စာဥမြီးစွပ်နှင့်စံပယ်နီဟူ၍ လည်းကောင်း ဒေသအလိုက် ခေါ်ဝေါ်ကြသည်။
အခြားသော ဒေသ အခေါ်အဝေါ်များလည်း ရှိနိုင်ပါ သေးသည်။ ၎င်းတို့သည် မျက်မြင်အားဖြင့် ရုပ်သွင်ပြင် လက္ခဏာ (အရောင်)ပေါ်မူတည်၍ ရှေးအစဉ်အဆက် ကတည်းက ခေါ်ဝေါ် သုံးစွဲခဲ့သည်။ မြန်မာ့နွားမျိုးများကို ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ နိုင်ငံအတွင်း တိရစ္ဆာန်ကွဲပြား ခြားနားမှုသတင်းပေးစနစ် (Domestic Animal Diversity Information System- DADIS) တွင် ပြာစိမ်း၊ ရွှေနီကြီး၊ ရှမ်းနွားပု၊ ထားဝယ်နွား၊ ကျောက်ဖြူနွား၊ ကန်တုံတ (Kantonda) ဟူ၍ မှတ်တမ်းပေး ပို့ထားရှိပါသည်။ ထို့အပြင် မွေးမြူရေးနည်းစနစ်နှင့် ပတ်သက်၍ ဒေသနွားမျိုးမြှင့်တင် မွေးမြူရေး နည်းစနစ် များကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာရဲထွန်းဝင်း ရေးသားခဲ့ပြီး ၂၀၁၃ ခုနစ် တွင် သုတပဒေသာ (အသုံးချ သိပ္ပံ) အမျိုးသားစာပေဆု ရရှိခဲ့သော “သဘာဝပတ်ဝန်း ကျင်အကျိုးပြုနို့စားနွား မွေးမြူရေး”စာအုပ်တွင်လည်း ပြည့်စုံစွာဖော်ပြထားပါ သည်။ သို့သော် ၂၀ ရာစုအထိ မော်လီကျူလာနည်းပညာကို အသုံးပြု၍ မြန်မာ့နွားမျိုးများ၏ ဒီအင်န်အေတွင် ပါရှိသော မျိုးရိုးဗီဇများကို သုတေသနပြု၍ လေ့လာခဲ့မှုများ မရှိခဲ့ပေ။ စာရေးသူသည် ၂၀၁၃ ခုနစ်မှ ၂၀၁၉ ခုနစ်အထိ ဂျပန်နိုင်ငံ ကာဂိုရှီး တက္ကသိုလ်၌ မြန်မာ့နွားမျိုးများ၏ မျိုးရိုးဗီဇများကို မော်လီကျူလာနည်းပညာကို အသုံးပြုပြီး ပါရဂူဘွဲ့အတွက် သုတေသနပြု ဆောင်ရွက်ခဲ့ပါသည်။
မိုက်တိုကွန်ဒရီးယားဒီလု (Mitochondrial d-loop)
အပေါ်မူတည်၍ နွားမျိုးများကွဲပြားခြင်း
မိုက်တိုကွန်ဒရီးယားဒီအင်န်အေသည် စက်ဝိုင်း ပုံသဏ္ဌာန်ရှိသော ဒီအင်န်အေ အမျိုးအစား ဖြစ်ပြီး မျိုးရိုး ဆက်ခံနိုင်မှုသဘောတရားအရ မိခင်မှ သာ သားသမီးထံသို့ အမွေပေးနိုင်ပါသည်။ ဖခင်မှ သားသမီးထံသို့ အမွေမပေးနိုင်ပေ။ ထို့ကြောင့် မျိုးရိုးဗီဇသိပ္ပံပညာရှင် အများစုသည် မိခင်မျိုးရိုးအဆက်အနွှယ် (Maternal lineage) ကွဲပြားခြားနားမှုကို မိုက်တိုကွန်ဒရီးယား ဒီအင်န်အေအတွင်း၌ရှိသော မိုက်တို ကွန်ဒရီးယားဒီလုကို အသုံးပြု၍ လေ့လာကြပါသည်။ နွားမျိုးများ၏ မိုက်တို ကွန်ဒရီးယားဒီလုကို လေ့လာရာတွင် သမပိုင်းဒေသနွားမျိုး (Bos taurus)၊ အပူပိုင်းဒေသနွားမျိုး (Bos indicus )ဟူ၍ အဓိကအားဖြင့် နှစ်မျိုး ကွဲပြားပါသည်။ ထို့ပြင် မိုက်တိုကွန် ဒရီးယားဒီလု၏ ကွဲပြားခြားနားမှုအပေါ် မူတည်၍ အအေးပိုင်းဒေသနွားမျိုးတွင် မိခင်မျိုးရိုးအုပ်စု ခြောက်ခု ရှိပြီး ၎င်းတို့မှာ Haplogroup R၊ Haplogroup T၊ Haplogroup P၊ Haplogroup Q၊ Haplogroup E နှင့် Haplogroup C တို့ ဖြစ်ကြပါသည်။ အပူပိုင်းဒေသနွားမျိုး Haplogroup တစ်ခုတည်းသာရှိပြီး ၎င်းမှ ဆင့်ပွားအုပ်စု Haplogroup (I1)၊ Haplogroup (I1a) နှင့် Haplogroup (I2)၊ Haplogroup (I2a) ဟူ၍ လေးမျိုး ရှိပါသည်။ ။
မြန်မာ့နွားမျိုးများ၏မိခင်မျိုးရိုးတည်ရှိနေမှု
(က)မျိုးရိုးဗီဇအကွာအဝေးပေါ်မူတည်၍
မျိုးရိုးဗဇဆက်နွှယ်မှု
မိုက်တိုကွန်ဒရီးယားဒီလုကိုအခြေခံပြီး မျိုးရိုးဗီဇ အကွာအဝေးအပေါ်မူတည်၍ ဘိုဘိုင်းဒေး (Bovidae) အမျိုးတို့၏ မျိုးရိုးဗီဇဆက်နွှယ်တည်ရှိမှုကို မက်ဂါ (MEGA) ဟုခေါ်သော မျိုးရိုးဗီဇ ဆော့ဝဲလ်ဖြင့် တွက်ချက်ထားပြီး ပုံ(၁)တွင် ဖော်ပြထားပါသည်။ သမပိုင်းဒေသ နွားမျိုး၊ အပူ ပိုင်းဒေသနွားမျိုးများသည် နွားရိုင်းများမှ ဆင်းသက်လာ ခဲ့ခြင်းကြောင့် အဓိက အကိုင်းအခက်ကြီး ဖြင့် ဆင်းသက် လာကြပါသည်။ သို့သော် မြန်မာနွားမျိုးများ ဖြစ်သော ပြာစိမ်း၊ ရွှေနီ၊ နွားပြာနီနှင့် ရှမ်းနွားပုတို့မှာ အပူပိုင်းဒေသ နွားများနှင့် နီးစပ်ပြီး သမပိုင်းဒေသနွားမျိုး များ ဝေးကွာ လျက်ရှိပါသည်။ မြန်မာနွားမျိုးများ၏ မိခင်မျိုးရိုးသည် သမပိုင်းဒေသနွားမျိုးများနှင့် မျိုးဗီဇဆက်စပ်မှု (Genetic relationship) မရှိပေ။ တစ်နည်းအားဖြင့်ဆိုရလျှင် မြန်မာ နွားမျိုးများ၏ မိခင်မျိုးရိုးသည် သမပိုင်းဒေသ နွားမျိုးများနှင့် ဆွေးမျိုနီးစပ်မှုဝေးကွာပြီး မြန်မာနွားမျိုးများတွင် သမပိုင်း ဒေသနွားမျိုးများ၏ မိခင်မျိုးရိုးများ ဝင်ရောက်လွှမ်းမိုးမှု၊ မျိုးရိုးဗီဇစီးဝင်မှု (Genetic introgression) မရှိပေ။ ထို့ကြောင့် မြန်မာ့နွားမျိုးများ သည် မိမိကိုယ်ပိုင်မျိုးရိုးဗီဇများကိုပိုင်ဆိုင်သော မြန်မာ့ နွားမျိုးများ စစ်စစ်ဖြစ်သည် ဟု ဆိုနိုင်ပါသည်။
မြန်မာ့နွားမျိုးများ၏ တစ်မျိုးနှင့်တစ်မျိုး မျိုးရိုးဗီဇ အကွာအဝေးကို လေ့လာရာတွင် ပြာစိမ်းမျိုးနှင့် ရှမ်းနွားပု မျိုးသည် အခြားမျိုးများနှင့် သီးခြားတည်ရှိလျက်ရှိပါ သည်။ ရွှေနီမျိုးနှင့် နွားပြာနီမျိုးသည် အကိုင်းတစ်ခု တည်းတွင် ရှိနေသောကြောင့် ဆွေမျိုးအလွန်နီးစပ်ပါ သည်။
(ခ)မြန်မာ့နွားမျိုးများ၏ မိခင်မျိုးရိုးဗီဇအုပ်စုကွန်ရက်
ဆက်နွှယ်မှု
မြန်မာ့နွားမျိုးများတွင် မိခင်မျိုးရိုးဗီဇအုပ်စု (Maternal Haplogroup)ကို နက်ဝါ့ခ် (Network)ဟုခေါ်သော မျိုးရိုးဗီဇကိုလေ့လာသောဆော့ဝဲလ်ဖြင့် တွက်ချက်၍ ပုံ (၂)တွင် ဖော်ပြထားပါသည်။
မိခင်မျိုးရိုးဗီဇအုပ်စုအားဖြင့် မြန်မာ့နွားမျိုးများ သည် သမပိုင်းဒေသနွားမျိုးတွင် မပါဝင်ဘဲ အပူပိုင်းဒေသ နွားမျိုး၏ Haplogroup ဖြစ်သော Haplogroup (I)နှင့် ဆင့်ပွားအုပ်စုဖြစ်သော Haplogroup (I1)၊ Haplogroup (I1a)နှင့် Haplogroup (I2) တို့တွင် တည်ရှိသည်ကို တွေ့ရပါသည်။ ထို့ကြောင့် စာရေးသူလေ့လာခဲ့သော နွားများတွင် သမပိုင်းဒေသ နွားမျိုးများ၏ မျိုးရိုးဗီဇ လွှမ်းမိုးမှု၊ စီးဆင်းဝင်ရောက်မှု မရှိသေးကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။ အပူပိုင်းဒေသနွားမျိုး၏ ဆင့်ပွားအုပ်စု Haplogroup (I2a) သည် အိန္ဒိယရှိ နွားမျိုးများတွင် တွေ့ရသော်လည်း မြန်မာ့နွားမျိုးများတွင် မရှိသေးကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။
(ဂ)မိခင်မျိုးရိုးများကွဲပြားတည်ရှိမှု
မြန်မာ့နွားမျိုးများတွင် Maternal haplotype or Ancestor စုစုပေါင်း ၂၇ ခု တွေ့ရှိရပြီး ၎င်းတို့ကို မက်ဂါ (MEGA)ဟုခေါ်သော မျိုးရိုးဗီဇဆော့ဝဲလ်ဖြင့် တွက်ချက် ထားပြီး ပုံ (၃) တွင် ဖော်ပြထားပါသည်။ တစ်နည်းအားဖြင့် ဆိုရသော် မြန်မာ့နွားမျိုးများတွင် မိခင်မျိုးရိုး ၂၇ မျိုး ရှိခဲ့ပြီး ၎င်းတို့သည် အခြားဘိုဘိုင်းဒေး (Bovidae) အုပ်စုဝင်ဖြစ်သော အိန္ဒိယပြောင်၊ အမေရိကန် ပြောင်တို့၏ မိခင်မျိုးရိုးများနှင့် သွေးနီးစပ်မှုမရှိပေ။ ထိုမျှမက သမပိုင်းဒေသနွားမျိုးများ၏ မိခင်မျိုးရိုးများနှင့်လည်း သွေးနီးစပ်မှုမရှိပေ။ ထို့ကြောင့် မြန်မာ့နွားမျိုးများ၏ မိခင်မျိုးရိုးသည် မျိုးစစ်စစ်အဖြစ် တည်ရှိခဲ့သည်။ စာရေးသူတွေ့ရှိခဲ့သော မြန်မာ့နွားမျိုးများ၏ မိခင်မျိုးရိုး ၂၇ ခုအနက် ၁၅ ခုမှာ အမေရိကန်တွင် အခြေစိုက်တည်ရှိ သော မျိုးရိုးဗီဇဘဏ်(GenBank)ရှိ ဇီဝနည်းပညာသတင်း အချက်အလက်အမျိုးသားဗဟိုဌာန (National Center for Biotechnology Information-NCBI)တွင် မှတ်တမ်း တင် စာရင်းထားရှိခြင်းမရှိသေးသော မိခင်မျိုးရိုးများ ဖြစ်ပါသည်။ အသစ်တွေ့ရှိခဲ့သော ၁၅ ခုသည် မြန်မာ့ နွားမျိုးများတွင်သာ တွေ့ရသော မိခင်မျိုးရိုးဗီဇများဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် မြန်မာ့နွားမျိုးများ၏ မိခင် မျိုးရိုးဗီဇများသည် ရှေးယခင်ကပင် သီးသန့်စွာ တည်ရှိ ခဲ့ပါသည်။ မြန်မာ့နွားမျိုးများတွင် တွေ့ရှိခဲ့သော မိခင်မျိုးရိုး ၂၇ ခုကို စာရေးသူအနေဖြင့် မြန်မာ့နွားမျိုးများ၏ Mitochondrial d-loop gene sequence အဖြစ် NCBI တွင် LC377275 မှ LC377301 ဖြင့် မှတ်တမ်းတင်ခြင်း (Registration) ကို ပြုလုပ်နိုင်ခဲ့ပါသည်။
မြန်မာ့နွားမျိုးများအတွက်အနာဂတ်တွင်
ဆောင်ရွက်မည့် အချက်များ
စာရေးသူအနေဖြင့် မြန်မာ့နွားမျိုးများ၏ ဖခင်မျိုးရိုး များ၊ မျိုးရိုးဗီဇတစ်ခုလုံး၏ ဒီအင်န်အေအစီအစဉ်တည်ရှိ နေမှု၊ စီးပွားရေးအရ အရေးပါသော မျိုးရိုးဗီဇလက္ခဏာများ (Economic important genetic traits)၊ အခြားအိမ်နီးချင်း နိုင်ငံများရှိ နွားမျိုးများနှင့် မျိုးရိုးဗီဇဆိုင်ရာ ကွဲပြားခြားနားမှု၊ ဆက်စပ်မှုများကို မောလီကျူလာ နည်းပညာဖြင့် လေ့လာ ခဲ့ပါသည်။ ၎င်းလေ့လာတွေ့ရှိချက်များကိုလည်း ဆက်လက် ဖော်ပြနိုင်ရန် ကြိုးစားလျက်ရှိကြောင်း တင်ပြအပ်ပါ သည်။
အချုပ်အားဖြင့် မြန်မာနိုင်ငံအတွက် အခွန်ဘဏ္ဍာငွေ ရှာဖွေပေးနိုင်သော မြန်မာ့နွား၊ အာဟာရပြည့်ဝသော အသား၊ နို့တို့ကို ထုတ်လုပ်ပေးနိုင်သော မြန်မာ့နွား၊ လယ်ယာစိုက်ပျိုးရေးနှင့် သယ်ယူပို့ဆောင်ရေးတို့တွင် ယနေ့အထိတိုင် အသုံးချလျက်ရှိသော လုပ်အားနှင့် စိုက်ပျိုးရေးတွင် အသုံးချလျက်ရှိသော အော်ဂဲနစ်မြေဩဇာ တို့ကို ထုတ်လုပ်ပေးနိုင်သော မြန်မာ့နွား စသည့်အချက်များ ကြောင့် မြန်မာ့နွားများသည် မြန်မာနိုင်ငံအတွက် အမြဲတမ်း အရေးပါလျက်ရှိကြောင်းနှင့် မြန်မာ့နွားများသည် မိမိ၏ ကိုယ်ပိုင်မျိုးရိုးဗီဇများကို ပိုင်ဆိုင်လျက်ရှိပြီး မျိုးရိုးဗီဇ စစ်မှန်သော မြန်မာ့နွားမျိုးစစ်စစ်များအဖြစ် ရှင်သန်လျက်ရှိ ခဲ့ကြောင်းကို ဗဟုသုတအနေဖြင့် လေးစားစွာ ဖော်ပြ အပ်ပါသည်။ ။
ကျမ်းကိုးစာရင်း-
Ajmone- Marsan et al. (2010). On the Origin of Cattle: How Aurochs Became Cattle and Colonized the World. Evolutionary Anthropology 19:148–157
Aung Soe, (1994). မြန်မာ့ကျွဲ မြန်မာ့နွား (စာပေဗိမာန်ဆုရ)
Bradley DG et al. (1996). Mitochondrial diversity and the origins of African and European cattle. Proceeding of the National Academy of Sciences of the United States of America, 93, 5131-5135
Livestock, Breeding and Veterinary Department, exported data, 2018-2019, Budget year (unpublished).
Livestock, Breeding and Veterinary Department, တိရစ္ဆာန်ကောင်ရေစာရင်းအချက်အလက် ဇယားများ; [cited 24 February 2020]. http://www.lbvd.gov.mm/my/livestock-data
Loftus RT et al. (1994). Evidence for two independent domestication of cattle. 1994. Proceeding of the National Academy of Sciences of the United States of America, 91: 2757–2761.
Moe Lwin, et al. (2018a). Genetic diversity of Myanmar cattle breeds using complete mitochondrial D-loop sequence. The Journal of Animal Genetics, 46: 57-68.
Moe Lwin, et al. (2018b). Genetic diversities and population structure of four popular Myanmar local cattle breeds. Animal Science Journal, 89: 1648-1655.
Moe Lwin, PhD Thesis, (2019). Study on genetic diversity of Myanmar cattle breeds, Kagoshima University, Japan
National Consultative Committee, Myanmar. (2002). National Report on Animal Genetic Resources, the Union of Myanmar [homepage on the Internet]. Food and Agriculture Organization of the United Nations, Rome, Italy; [cited 11 February 2020].
Scherf BD. (2000). World watch list for domestic animal diversity. 3rd ed. (Scherf BD Ed.) Food and Agriculture Organization of the United Nations. Rome, Italy.
Ye Tun Win (2013). သဘာဝပတ်ဝန်းကျင်အကျိုးပြု နိုးစားနွားမွေးမြူရေး၊ သုတပဒေသာ (အသုံးချသိပ္ပံ) အမျိုးသားစာပေဆု။
- Log in to post comments