ကိုယ့်အားကိုယ်ကိုး ဆောက်လုပ်ခဲ့သော ထီးလင်းမြို့ အနောက်ဘက် မောချောင်းကူးတံတား တည်ဆောက်ပြီးစီး

ထီးလင်း ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး  ဂန့်ဂေါခရိုင်  ထီးလင်းမြို့ အနောက်ဘက် မောချောင်းကူးတံတားကို ဒေသခံ ပြည်သူများ ကိုယ့်အားကိုယ်ကိုး၍ တည်ဆောက် ပြီးစီးသွားပြီဖြစ်သဖြင့်  ယခုအခါ   ပြည်သူများ ဆက်သွယ်သွားလာရေးအတွက် အဆင်ပြေ လွယ်ကူ လျက်ရှိကြောင်း သိရသည်။
ကိုယ့်အားကိုယ်ကိုး   မောချောင်းကူးတံတား တည်ဆောက်ခဲ့ခြင်းနှင့်  ပတ်သက်၍  ထီးလင်းမြို့ မင်္ဂလာကျောင်းမှ ဆရာတော် ဦးကောဝိဒက “ဦးဇင်း တို့အနေနဲ့  ဒီတံတားကြီး  ဖြစ်မြောက်ဖို့အတွက် ထီးလင်းမြို့ မင်္ဂလာကျောင်းဆရာတော် ဦးသော ဘဏရဲ့ ဩဝါဒကို ခံယူပြီးတော့ တပည့်များဖြစ်တဲ့ အနောက်ဘက်ဆရာတော် ဦးဝိစိတ္တနဲ့ ဦးဇင်းတို့က ဦးဆောင်ကြီးကြပ် ဆောင်ရွက်ခဲ့ပါတယ်။ တံတား ဖြစ်မြောက်ဖို့ ရပ်နီးရပ်ဝေးက စေတနာရှင် အလှူရှင် တွေရဲ့ ထည့်ဝင်လှူဒါန်းငွေ ကျပ်သိန်း ၄၂ဝ ခန့်ကို မတည်ပြီးတည်ဆောက်ခဲ့ရတာပါ။ ကျန်တဲ့သစ်၊ ဝါး တွေနဲ့ လုပ်အားတွေကိုတော့ အများပေါင်းစု ဆောင် ရွက်တာဖြစ်ပါတယ်။ တံတားတည်ဆောက်တာက ရှစ်လလောက် ကြာမြင့်ခဲ့ပါတယ်”ဟု မိန့် ကြားသည်။ 
အဆိုပါ ထီးလင်းမြို့ အနောက်ဘက် မောချောင်း ကူးတံတားသည် ထီးလင်းမြို့နှင့် အနောက်ဘက် ရွာအကြား ဆက်သွယ်သွားလာရာတွင် အဓိကကျ သောလမ်းပေါ်၌  တည်ရှိသော  တံတားဖြစ်ပြီး တံတားသည် အရှည် ပေ ၅ဝဝ၊ အကျယ် ရှစ်ပေရှိကာ RC တံတားပေါင်၊ RC တိုင်နှင့် ပျဉ်ခင်းပျဉ်ကာ အမျိုး အစားဖြစ်သည်။ ယခုအခါ တံတားကို စတင် အသုံး ပြုနိုင်ပြီဖြစ်၍  အနောက်ဘက်ရွာရှိ  ပြည်သူများ အနေဖြင့် ထီးလင်းမြို့သို့ အလွယ်တကူ ဆက်သွယ် သွားလာနိုင်ပြီး ပညာရေး၊ ကျန်းမာရေးနှင့်အတူ လူမှုစီးပွားဘဝများ   ဖွံ့ဖြိုးတိုးတက်စေရန်လည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ 
အောင်စည်(ပြန်/ဆက်)