
ရန်ကုန် စက်တင်ဘာ ၂၃
ကိုရီးယား-မြန်မာ Technology Advice and Solutions from Korea (TASK) စီမံကိန်းနှင့်စပ်လျဉ်း၍ အစည်းအဝေးကို ရန်ကုန်မြို့ Pan Pacific Hotel ၌ စက်တင်ဘာ ၁၅ ရက်က ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ ဦးဆောင် သောတာဝန်ရှိသူများနှင့် ကိုရီးယားသမ္မတနိုင်ငံ Korea Food Research Institute (KFRI) မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
TASK Project သည် မြန်မာနိုင်ငံမှ စားသောက်ကုန်ထုတ်လုပ်ငန်း များတွင် ကြုံတွေ့နေရသော နည်းပညာဆိုင်ရာ အခက်အခဲများကို ကိုရီးယားသမ္မတနိုင်ငံမှ ကျွမ်းကျင်သူများက ဆွေးနွေးအကြံပြုပံ့ပိုးခြင်း၊ ကိုရီးယားသမ္မတနိုင်ငံ၏ စားသောက်ကုန်ထုတ်စက်ရုံများသို့ သွားရောက် လေ့လာခွင့်ရရှိခြင်းတို့ကြောင့် မြန်မာလုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန် များ၏ အရည်အသွေးနှင့် အစားအစာလုံခြုံဘေးကင်းမှုကို မြှင့်တင်နိုင် မည်ဖြစ်ပြီး ပြည်ပဈေးကွက်များသို့ တင်ပို့နိုင်မည့် အခွင့်အလမ်းများ ရရှိစေမည့်အစီအမံတစ်ခုလည်း ဖြစ်သည်။
အစည်းအဝေးတွင် TASK Project ရှေ့ဆက်အကောင်အထည် ဖော်မည့်လုပ်ငန်းစဉ်များ၊ TASK စီမံကိန်းတွင်ပါဝင်သော ကုမ္ပဏီ ၁၀ ခုက ကြုံတွေ့နေရသော နည်းပညာအခက်အခဲများနှင့် ဖြေရှင်း ဆောင်ရွက်နေမှုများကို ဆွေးနွေးပြီး စက်တင်ဘာ ၁၆ ရက်တွင် မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ သက်ဆိုင်ရာ အရာရှိများနှင့် KFRI မှ တာဝန်ရှိသူများက လှိုင်သာယာ စက်မှုဇုန်ရှိ Golden Myanmar Honey ကုမ္ပဏီလီမိတက်၏ ပျားရည် ထုတ်လုပ်သောစက်ရုံသို့ သွားရောက်လေ့လာ၍ နည်းပညာဆိုင်ရာ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
၀၀၈