ကျိုင်းတုံမြို့နယ် ယန်းလောကျေးရွာ၌ ခေတ်မီစံပြကျေးရွာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 

နေပြည်တော် ဩဂုတ် ၂၃


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဩဂုတ် ၂၂ ရက် နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်ဦးစီးမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှမ်း ပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ယန်းလောခေတ်မီစံပြကျေးရွာ (SMART Village)  စီမံကိန်းလုပ်ငန်း များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။ 

 


ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံ မြို့နယ်   ခေတ်မီစံပြကျေးရွာ  (SMART Village) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသော အိမ်ခြေ ၁၂၉ အိမ်၊  အိမ်ထောင်စု  ၁၂၄ စု၊ လူဦးရေ ၇၃၄ ဦးရှိ ယန်းလောကျေးရွာသို့ ရောက်ရှိပြီး ဒေသခံ ပြည်သူများ၊  ဌာနဆိုင်ရာဝန်ထမ်းများနှင့်  တွေ့ဆုံ သည်။ 

 


တွေ့ဆုံစဉ်   ဒုတိယဝန်ကြီးက  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့်  ပြည်နယ် နှင့် တိုင်းဒေသကြီးများရှိ ကျေးရွာ ၄၂ ရွာတွင် ခေတ်မီ စံပြကျေးရွာများ  ဆောင်ရွက်နေပါကြောင်း၊   စံပြ ကျေးရွာ ရွေးချယ်ရာတွင် အခြေခံမူ (၁၅) ချက်နှင့် ကိုက်ညီသော ကျေးရွာများကို စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်   ဒေသထွက်ကုန်ကို   အခြေခံရွေးချယ်ပါ ကြောင်း၊   ခေတ်မီစံပြကျေးရွာ   စီမံကိန်းကို နေပြည်တော်ရှိ ကျေးရွာ သုံးရွာတွင် စတင်ဆောင်ရွက် ခဲ့ပါကြောင်း၊ ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ မြစိမ်းရောင်ကျေးရွာစီမံကိန်း Cash for Work နှင့် ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်း စီမံကိန်း (RBF) ရန်ပုံငွေများကိုလည်း ထည့်သွင်းလျာထား  ဆောင်ရွက်သွားမည်ဖြစ်ပြီး ဤသို့ ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူ များ၏   တစ်နိုင်တစ်ပိုင်  စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကာ    မိသားစုဝင်ငွေတိုးပွားလာပြီး  လူမှုစီးပွားဘဝများ   မြင့်မားလာမည်ဖြစ်ကြောင်း ပြောကြားသည်။ 
ယင်းနောက်  ဒေသခံတစ်ဦးက ခေတ်မီစံပြကျေးရွာ အဖြစ်ဆောင်ရွက်ပေးခြင်းအတွက်      ကျေးဇူးတင် စကားပြောကြားသည်။ 

 


ထို့နောက် ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက် များ အပေါ်တွင်လည်းကောင်း၊ ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးရေးလိုအပ်ချက်များ  တင်ပြမှုအပေါ်တွင်လည်း ကောင်း   ဖြည့်ဆည်းဆောင်ရွက်ပေးပြီး   ကျေးရွာ တွင်းလမ်း  ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို   ကြည့်ရှု စစ်ဆေးသည်။

 


ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်   ရှမ်း ပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် မြင်းမထိ ကျေးရွာအုပ်စု  နန်းအွန်ကျေးရွာသို့   ရောက်ရှိရာ ကျေးလက်ဒေသ     ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးနှင့်   တာဝန်ရှိသူများက အိမ်ခြေ ၁၁၇ အိမ်၊ လူဦးရေ  ၅၁၈ ဦးနှင့်  ယာမြေ ၃၉၅ ဧကကို အကျိုးပြုမည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လဘတ်ဂျက် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၇၃ ဒသမ ၀၈  သန်းဖြင့်    ဆောင်ရွက်ခဲ့သော  ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေ အနေ၊ ခွင့်ပြုရန်ပုံငွေကျပ်  ၁၁၆ ဒသမ ၃ သန်းဖြင့် ဆောင်ရွက်ခဲ့သော ဂါလန်  ၃၀၀၀၀  ဆံ့ ရေစုကန် တည်ဆောက်ပြီးစီးမှုနှင့် ဆိုလာပန့်စနစ်ဖြင့် စိုက်ပျိုး ရေပေးဝေနေမှု အခြေအနေ၊  ခွင့်ပြုရန်ပုံငွေကျပ် ၃၈ ဒသမ ၅ သန်းဖြင့် ဆောင်ရွက်ခဲ့သော ဂါလန် ၅၀၀၀  ဆံ့ ရေစုကန် တည်ဆောက်ပြီးစီးမှုနှင့် အရှည်  ပေ ၉၂၀၀ ရှိ အိမ်တိုင်ရာရောက် ရေဖြန့်ဝေပေးနေမှု  အခြေ အနေ၊  နန်းအွန်ကျေးရွာ  မူလတန်းလွန်ကျောင်း မှ ကျောင်းသား ကျောင်းသူ  ၂၀၀ အတွက်  ငွေကျပ်  ၁၀ သိန်း တန်ဖိုးရှိ  Life  Straw  အမျိုးအစား သောက်ရေသန့်စက်  နှစ်လုံး   ပေးအပ်လှူဒါန်းမည့် အခြေအနေများကို  ရှင်းလင်းတင်ပြရာ  ဒုတိယ ဝန်ကြီးက  တင်ပြချက်များအပေါ်  ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု  အခြေအနေများအား  ကြည့်ရှု စစ်ဆေးကြောင်း သိရသည်။ 


သတင်းစဉ်