
နေပြည်တော် ဇွန် ၂၃ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၆၃ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) အလေးချိန် ၁၅၈၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇွန် ၂၀ ရက် နံနက် ၉ နာရီတွင် ကျိုက်ထိုမြို့နယ် ကျိုက်ထို-မော်လမြိုင် သွားကား လမ်း မရမ်းချောင်ကျေးရွာ မိုင်တိုင်အမှတ် (၉၇) အနီးတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်မှ ကရင်ပြည်နယ် မြဝတီမြို့သို့ ခင်မောင်မြင့် (၂၈) နှစ် မောင်းနှင်ပြီး အောင်ထူး (၂၇)နှစ်နှင့် မသီရိ (ခ) အေးအေးခိုင် (၂၈) နှစ် တို့လိုက်ပါလာသည့် ခြောက်ဘီး မော်တော်ယာဉ်ကို ရှာဖွေရာ ငွေကျပ် ၆၃ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) အလေး ချိန် ၁၅၈၀ ကီလို သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများ ကို စစ်ဆေးဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။ သတင်းစဉ်