ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာသူများအား တောင်တက်ကားများ အခမဲ့ပို့ဆောင်ပေးမည်

 

ကျိုက်ထို   အောက်တိုဘာ   ၂၉


မွန်ပြည်နယ်    ကျိုက်ထိုမြို့နယ်ရှိ    ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော် ကြသည့် ဘုရားဖူးပြည်သူများအား လာမည့် နိုဝင်ဘာ  ၃ ရက်နှင့် ၄ ရက်တို့၌ ဘုရားပေါ်သို့ အခမဲ့ပို့ဆောင်  ပေးပြီး စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခြင်းများ ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။

 


ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်  ဘဏ္ဍာ တော်ထိန်း  ဂေါပကအဖွဲ့၊   တောင်တက်မော်တော် ယာဉ်အသင်း၊ ဟိုတယ်/တည်းခိုခန်း လုပ်ငန်းရှင်များ နှင့် ဈေးသူဈေးသားများစုပေါင်း၍ ဆောင်ရွက်ခြင်း ဖြစ်ပြီး အဆိုပါနေ့များတွင် ဘုရားဖူးပြည်သူများအား တောင်တက်ကား(အခမဲ့)အတက်အဆင်းပို့ဆောင် ခြင်း၊ ကင်မွန်းစခန်းတောင်ခြေ၌  စတုဒိသာဧည့်ခံ ကျွေးမွေးခြင်း၊ တောင်တော်ရင်ပြင်၌  စတုဒိသာ များကျွေးမွေးခြင်း၊ ရိုးရိုးလေးဟိုတယ်နှင့် တည်းခို ဆောင်များ၌ (အခမဲ့)တည်းခိုခွင့်ပြုခြင်း၊  တောင်တော် ရင်ပြင်ရှိ တည်းခိုဆောင်များ၌ အခမဲ့တည်းခိုခွင့်ပြု ခြင်းများကို  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 


ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး    ဗုဒ္ဓပူဇနိယ ပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့် နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဘုရားဖူးပြည်သူများ လုံခြုံအေးချမ်းစွာဖြင့် လာရောက် ဖူးမြော်နိုင်ရေးအတွက်   ဆံတော်ရှင်ကျိုက်ထီးရိုး ဂေါပကအဖွဲ့နှင့်တာဝန်ရှိသူများ ပူးပေါင်း၍ ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ကျိုက်ထို(ပြန်/ဆက်)