ကြိုးကြာအင်း ကြိုးပြင်ကာကွယ်တော သတ်မှတ်

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည်  ၂၀၁၈ ခုနှစ်၊  သစ်တော ဥပဒေပုဒ်မ-၆၊ ပုဒ်မခွဲ-(င)အရ  အပ်နှင်းထားသော  လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ နေပြည်တော်  ဥတ္တရခရိုင် တပ်ကုန်းမြို့နယ်အတွင်းကျရောက် နေသည့်    ဧရိယာအကျယ်အဝန်း  ၄၀၈၇ ဧကရှိသော   နယ်မြေကို   “ကြိုးကြာအင်း ကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၁၂၉/၂၀၂၂)အရ ၁၃၈၄ ခုနှစ်၊ တော်သလင်းလဆန်း(၁) ရက် (၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၂၆   ရက်)  မှစ၍  သတ်မှတ်ကြောင်း   ကြေညာလိုက်သည်။

 


ကြိုးကြာအင်း ကြိုးပြင်ကာကွယ်တောတည်ထောင်ခြင်းဖြင့် ရေ၊ မြေထိန်းသိမ်းကာကွယ်ခြင်း၊ ရာသီဥတုညီညွတ်မျှတစေခြင်း၊ မြေဆီ မြေသားကောင်းမွန်ခြင်းနှင့် ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ခြင်းစသည့် လိုအပ်ချက်များကို   သဘာဝသစ်တောများမှသာ  အထိရောက်ဆုံး ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သဖြင့် သဘာဝတောများကို အဓွန့်ရှည်စွာ ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောအဖြစ်  သတ်မှတ်ခြင်း ဖြစ်သည်။

 


ကြိုးကြာအင်း ကြိုးပြင်ကာကွယ်တော  ဧရိယာအတွင်း  အဖိုးတန် သစ်မျိုးများဖြစ်သည့်  ပျဉ်းကတိုး၊  အင်ကြင်း၊  ပိတောက်၊  သစ်ယာ၊ ရင်းမာ အစရှိသည့်သစ်မျိုးများအပြင် ဆင်တုံးမနွယ်၊ ရှဉ့်မတက်၊ ဝံအူ၊ ကျားမနိုင်၊ သက်ရင်းကြီး စသည့်ဆေးဖက်ဝင်အပင်များ ပေါများစွာ ပေါက်ရောက်ခြင်း၊ တောကြောင်၊ တောကြက်၊ ရစ်၊ ယုန်၊ ခါ၊ ချိုး စသည့် တိရစ္ဆာန်များ၏  ကျက်စားရာ နေရာဒေသဖြစ်ခြင်း၊ ဆင်သေဆည်၏ ရေဝေရေလဲဧရိယာဖြစ်ခြင်းတို့ကြောင့် ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ရခြင်း ဖြစ်ပါသည်။


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန