ကိုဗစ်ကာကွယ်ဆေးထိုး သက်သေခံကတ်တွေပြဖို့ ကမ္ဘာ့နိုင်ငံအတော်များများ တစ်နေ့တခြား ပိုမိုတောင်းဆိုလာ

 

ထွန်းကျော်

 

ကမ္ဘာ့နိုင်ငံအတော်များများမှာ  ကိုဗစ်-၁၉  ကာကွယ်ဆေးထိုး လက်မှတ်တွေရှိဖို့  သတ်မှတ်ပြဋ္ဌာန်းလိုက်သလို  တချို့အလုပ်တွေကို လုပ်နေရသူတွေအတွက်လည်း  ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးထားဖို့ သတ်မှတ်ပြဋ္ဌာန်းလိုက်ပါတယ်။

 


ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးဖို့သတ်မှတ်ပြဋ္ဌာန်း 


သို့သော်လည်း ကမ္ဘာ့နိုင်ငံအနည်းစုကတော့ သူတို့ရဲ့ လူဦးရေ အားလုံးကို ကိုဗစ် - ၁၉  ကာကွယ်ဆေးထိုးဖို့ သတ်မှတ်ပြဋ္ဌာန်း ထားပါတယ်။အီကွေဒေါနိုင်ငံဟာ  ဒီဇင်ဘာလမှာ အသက်ငါးနှစ် အထက် ကလေးတွေအပါအဝင်   ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးဖို့    ဥပဒေတစ်ရပ်   သတ်မှတ်ပြဋ္ဌာန်းလိုက်တဲ့    ကမ္ဘာပေါ်မှာ  ပထမဆုံး နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ 
အာရှအလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့   တာဂျစ်ကစ္စတန်နဲ့   တာ့ခ်မင် နစ္စတန် နိုင်ငံတွေဟာ  ဇူလိုင်လကတည်းက   အသက် ၁၈ နှစ်အထက် တွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး မဖြစ်မနေထိုးခိုင်းခဲ့ပါတယ်။ 

 


ကာကွယ်ဆေးထိုးဖို့ မဖြစ်မနေလုပ်ခိုင်း


ထို့အတူ  အင်ဒိုနီးရှားနိုင်ငံသားတွေကို လွန်ခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ကတည်းက  ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးဖို့  မဖြစ်မနေလုပ်ခိုင်းခဲ့ သော်လည်း လက်တွေ့မှာတော့  ၂၀၂၂ ခုနှစ်အစထိတောင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအရေအတွက်ဟာ   နိုင်ငံ့လူဦးရေရဲ့   ထက်ဝက် အောက် လျော့နည်းနေပါသေးတယ်။ 
ပစိဖိတ်ရဲ့ မိုင်ခရိုနီးရှားမှာလည်း အသက်  ၁၈  နှစ်အထက်များကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့  ဇူလိုင်လကတည်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

 


အသက် ၁၄ နှစ်အထက်များကို ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးဖို့ ဇန်နဝါရီ ၂၈ ရက်က ဥပဒေတစ်ရပ်ကဲ့သို့ မလုပ်မနေရ  ပြဋ္ဌာန်းလိုက်တဲ့ ဥရောပသမဂ္ဂနိုင်ငံတွေထဲမှာ သြစတြီးယားကတော့ ပထမဆုံးပါပဲ။ အဲဒီဥပဒေကို  ဖောက်ဖျက်ကျူးလွန်သူတွေဟာ  ယူရို  ၆၀၀  သို့မဟုတ် အမေရိကန်ဒေါ်လာ ၆၇၀ ဒဏ်ရိုက်ခံရမှာ ဖြစ်ပါတယ်။ 

 


ကာကွယ်ဆေးမဖြစ်မနေထိုးရမယ်


ဂျာမနီဥပဒေပြုလွှတ်တော်အဖွဲ့အစည်းက လူမှုဒီမိုကရက်တစ် ဝန်ကြီးချုပ်သစ် အိုလက်ဖ်စကူးလ်ဇ်တင်ပြခဲ့တဲ့ ရှုပ်ထွေးလှတဲ့ ကိုဗစ် ကာကွယ်ဆေးထိုးဥပဒေကြမ်းကို ငြင်းခုံဆွေးနွေးလျက်ရှိပါတယ်။
ဥရောပနိုင်ငံပေါင်းများစွာက  အသက်ကြီးပိုင်းတွေကို  ပိုပြီးအာရုံစိုက် ပါတယ်။   အသက်ကြီးပိုင်းတွေဟာ   ဒီရောဂါကြောင့်   အပြင်းအထန် ဖျားနာမှုတွေ   ဖြစ်လေ့ရှိကြပါတယ်။   ဒါကြောင့်မို့   အသက်ကြီးပိုင်း တွေကို သူတို့တွေက ပိုပြီးအာရုံစိုက်ကြတာဖြစ်ပါတယ်။

 


အီတလီနိုင်ငံမှာ ဖေဖော်ဝါရီ ၁၅  ရက်စပြီး အသက် ၅၀ ကျော်တွေ ကိုဗစ်-၁၉ ကာကွယ်ဆေး မဖြစ်မနေထိုးရမှာဖြစ်ပါတယ်။ 
ဂရိနိုင်ငံမှာ  ၂၀၂၁  ခုနှစ်ကတည်းက  အသက်  ၆၀  ကျော်တွေ ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးရမှာ ဖြစ်ပါတယ်။  ချက်နိုင်ငံမှာဆိုရင် လည်း အလားတူပါပဲ။ သို့သော်လည်း အစိုးရသစ်ဟာ ဒီစိတ်ကူးအကြံ အစည်ကို အမှုမဲ့အမှတ်မဲ့ဖြစ်ခဲ့ပါတယ်။

 


ကာကွယ်ဆေးထိုးမှ အလုပ်ရမယ် 


တချို့  ရှေ့တန်းလုပ်သားတွေ  အလုပ်တွေလုပ်နေရသူတွေဆိုရင် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးထားကြောင်း အထောက်အထား တင်ပြဖို့ လိုအပ်ပါတယ်။ အထောက်အထားပါမှ အလုပ်လုပ်နိုင်တာမျိုးတွေ၊အထောက်အထားမပါပါက အလုပ်မလုပ်ခိုင်းတာမျိုးတွေအထိတောင်ရှိလာပါတယ်။ 

 


မကြာသေးမီကလည်း အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးဖို့  ငြင်းဆန်တဲ့ ကျန်းမာရေးဝန်ထမ်းအတော်များများကို အလုပ်ကရပ်နားခိုင်းလိုက်တဲ့အတွက် ဝန်ထမ်းပြတ်လပ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ပြင်သစ်မှာတော့   ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားတွေ၊ မီးသတ်သမားတွေ၊   လူနာတင်ယာဉ်မောင်းနှင်သူတွေ၊  ဘိုးဘွားရိပ် သာမှာ အလုပ်လုပ်သူတွေဆိုရင်  ကိုဗစ် - ၁၉  ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။

 


ကိုဗစ်ကာကွယ်ဆေး အကုန်ထိုးရမယ်  


အင်္ဂလန်နိုင်ငံ၊ ဂရိနိုင်ငံနဲ့  အီတလီနိုင်ငံတွေမှာရှိတဲ့  ကျန်းမာရေး ဝန်ထမ်းတွေ၊ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာတွေမှာ လုပ်ကိုင်နေရ သူတွေအနေနဲ့ မကြာမီကိုဗစ် - ၁၉ ကာကွယ်ဆေးအကုန်လုံးထိုးရတော့ မှာ ဖြစ်ပါတယ်။   ရောမမှာတော့  ကျောင်းတွေမှာအလုပ်လုပ်နေသူတွေ၊ ရဲဌာနမှာ  အလုပ်လုပ်နေသူတွေဟာ  ကာကွယ်ဆေးထိုးရတော့မှာ ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံမှာဆိုရင် ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေဟာ မတ်လ ၁၅  ရက်မတိုင်မီမှာ   ကိုဗစ် - ၁၉  ကာကွယ်ဆေးအပြည့်အဝထိုး ထားကြောင်း သက်သေပြရမှာဖြစ်ပါတယ်။ 

 


တချို့နိုင်ငံတွေဆိုရင်  ဒီထက်ပိုပါတယ်။  ဟန်ဂေရီနိုင်ငံမှာဆိုရင် ကုမ္ပဏီတွေဟာ  သူတို့ရဲ့ဝန်ထမ်းတွေ  ကိုဗစ်ကာကွယ်ဆေးထိုးနိုင် အောင် ကူညီပေးရမှာဖြစ်ပါတယ်။ 

 


ချက်နိုင်ငံမှာဆိုရင်  ကျန်းမာရေးဝန်ထမ်းတွေ၊ ရဲတွေ၊ မီးသတ် သမားတွေ၊ စစ်သားတွေအနေနဲ့   ကိုဗစ်ကာကွယ်ဆေး  ထိုးကိုထိုးရမှာ ဖြစ်ပါတယ်။ ထို့အတူ အသက် ၆၀ အရွယ်တွေလည်း  ကိုဗစ်ကာကွယ် ဆေးထိုးထားရမှာဖြစ်ပါတယ်။ 
ပနားမားမှာဆိုရင်  သမ္မတလော်ရန်တီနိုကော်တီဇိုဟာ  ဝန်ထမ်း တွေအကုန်လုံး  ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးဖို့  ဒီဂရီတစ်ရပ်ကို ဒီလမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

 


အမေရိကန်ပြည်ထောင်စုမှာ     စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ သန်းနဲ့ချီတဲ့ ဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့  ဥပဒေတစ်ရပ် ပြဋ္ဌာန်းဖို့ကြိုးစားခဲ့တဲ့   အမေရိကန်သမ္မတ   ဂျိုးဘိုင်ဒင်ကို   ဗဟို တရားရုံးက ဇန်နဝါရီလမှာ ဆန့်ကျင်ခဲ့ပါတယ်။

 


တစ်နေ့တခြား ပိုပိုပြီးလိုအပ် 


ပြည်သူတွေအနေနဲ့ ခရီးသွားလာတဲ့အခါမှာ သော်လည်းကောင်း သို့မဟုတ်  အများပြည်သူနေရာများကို  သွားရောက်တဲ့  အခါမှာသော် လည်းကောင်း  ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း  သက်သေခံကတ် တွေ   တစ်နေ့တခြား  ပိုပိုပြီးလိုအပ်လာပြီဖြစ်ပါတယ်။  နိုင်ငံအတော် များများကလည်း ဒါတွေကို ပိုပိုပြီးတောင်းဆိုလာကြပြီ ဖြစ်ပါတယ်။ 

 


ဆော်ဒီအာရေဗျမှာဆိုရင်   ပုဂ္ဂလိက သို့မဟုတ် အစိုးရအဆောက် အအုံထဲသို့    ဝင်ရောက်ချင်တဲ့အခါ ၊   အများပြည်သူသယ်ယူပို့ဆောင် ရေးတွေကို အသုံးပြုချင်တဲ့အခါ သို့မဟုတ် နိုင်ငံကထွက်ခွာချင်တဲ့အခါ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ကတ်ပြား  လိုအပ်ပါတယ်။  အဲဒီကတ် ပါမှ ဝင်လို့၊ သုံးလို့၊ ထွက်ခွာလို့ရမှာဖြစ်ပါတယ်။

 


မော်ရိုကို၊  တူနီးရှား၊  ကင်ညာ၊  အီတလီ၊  ပြင်သစ်နိုင်ငံတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးလက်မှတ်ကို  သူ့နည်းသူ့ဟန်နဲ့သူ  ပြသဖို့ လိုအပ်ပါတယ်။ 

 


နယူးဇီလန် သို့မဟုတ်  သြစတြေးလျနိုင်ငံတွေလိုမျိုး  တချို့နိုင်ငံ တွေဆိုရင်  သူ့နိုင်ငံရဲ့  နယ်နိမိတ်ထဲကို ကိုဗစ် - ၁၉  ကာကွယ်ဆေးထိုး ထားတဲ့ သူတွေကိုပဲ ဝင်ခွင့်ပေးတာဖြစ်ပါတယ်။  ကမ္ဘာ့နံပါတ်တစ် တင်းနစ်အကျော်အမော်ဖြစ်တဲ့   နိုဗက်   ဂျိုကိုဗစ်ဟာ   ဒီအတွက် အတော်လေး အလုပ်ရှုပ်ခဲ့ရပါတယ်။        ။                  
   

ကိုးကား - အေအက်ဖ်ပီ