ကိုဗစ်-၁၉ ရန်ပုံငွေ မှ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့် ကာလအား သက်တမ်း (၁) နှစ် ထပ်မံတိုးမြှင့်ပေးကြောင်း အသိပေးကြေညာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် 
ကုစားရေးလုပ်ငန်းကော်မတီ 
သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၂၃)
၂၀၂၃ ခုနှစ်၊ မတ်လ  ၈  ရက် 
ကိုဗစ်-၁၉ ရန်ပုံငွေ မှ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့် ကာလအား သက်တမ်း (၁) နှစ် ထပ်မံတိုးမြှင့်ပေးကြောင်း အသိပေးကြေညာခြင်း
၁။    ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီ၏ တာဝန်များအနက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများကို ပြန်လည် ကုစားနိုင်ရေးအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာ ကဏ္ဍမှ ထိခိုက်မှုအများဆုံးဖြစ်သည့် လုပ်ငန်းများအား  ကိုဗစ်-၁၉  ရန်ပုံငွေမှ  ချေးငွေသက်တမ်း တစ်နှစ် (အတိုးနှုန်း ၁ %) သတ်မှတ်ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှစတင်၍ ချေးငွေများ  ခွင့်ပြုထုတ်ချေးပေးခဲ့ပါသည်။
၂။    မြန်မာ့စီးပွားရေးဘဏ်က  ၂၀၂၂   ခုနှစ်၊  အောက်တိုဘာလ ၃၁ ရက်နေ့ထိ ကုမ္ပဏီ/ လုပ်ငန်း စုစု ပေါင်း ၈၇၉ ခု၊ ချေးငွေပမာဏ ကျပ် ၁၃.၁၃၂၅ ဘီလီယံအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ပေးခြင်းကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသဖြင့် အစောဆုံးထုတ်ပေးခဲ့သည့် ချေးငွေရရှိသူများသည် ချေးငွေသက်တမ်း ကာလ ပြည့်မြောက်ပြီး ပြန်လည်ပေးဆပ်ရမည့် ကာလစေ့ရောက်ခဲ့ပြီး ဖြစ်ပါသည်။
၃။    ယခုအခါ ကိုဗစ်-၁၉  ကပ်ရောဂါကြောင့်  စီးပွားရေးလုပ်ငန်းများ  ထိခိုက်မှုများ  ထပ်မံရှိနေပြီး  ပြည်တွင်းရှိ   စီးပွားရေးလုပ်ငန်းများ  ငွေကြေးလည်ပတ်မှု  အဆင်ပြေချောမွေ့စေရေးအတွက်  ချေးငွေ ပြန်လည်ပေးဆပ်ရမည့်ကာလကို    ချေးငွေပြန်လည်ပေးဆပ်ရန်ကာလ   စေ့ရောက်သည့်    နေ့မှစ၍ နောက်ထပ် (၁) နှစ် သက်တမ်း တိုးမြှင့်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့ပါသည်။
၄။    သို့ပါ၍ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍ မှ ကုမ္ပဏီ/ လုပ်ငန်း ၈၇၉ ခုအနေဖြင့်   အောက်ပါအခြေအနေများဖြင့်  ကိုက်ညီသူများအား ချေးငွေပြန်ဆပ် ရန်ကာလကို ချေးငွေကာလသက်တမ်း (၁) နှစ် စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် (၁) နှစ် ထပ်မံ တိုးမြှင့်ပေးပါကြောင်း အသိပေးကြေညာအပ်ပါသည်-
    (က)    အတိုးများအား ကာလစေ့ရောက်သည့်နေ့တွင် ပေးဆပ်ပြီး ဖြစ်ရပါမည်၊ 
    (ခ)    ချေးငွေအား    ရည်ရွယ်ချက်အတိုင်း    ထိရောက်အောင် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/ လုပ်ငန်း ဖြစ်ရပါမည်။
၅။    လုပ်ငန်းကော်မတီက ခွင့်ပြုခဲ့သည့် ချေးငွေထုတ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာတွင်“ပြန်လည် ပေးဆပ်ရန်  ပျက်ကွက်ပါက ဥပဒေနှင့်အညီ  ဆက်လက်အရေးယူဆောင်ရွက်ခံရမည်ဖြစ်ပါကြောင်း” အသိပေးဖော်ပြပါရှိသဖြင့် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းများ အနေဖြင့် ချေးငွေ အရင်း၊ အတိုး ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ချေးငွေသဘောတူစာချုပ်ပါ အတိုင်း ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ တရားမကြောင်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်းနှင့် သက်တမ်းတိုးမြှင့်ရန် ခွင့်ပြုထားသည့်ကာလအတွင်း အပြီးသတ်အပြေအကြေပေးဆပ်ရန် အသိပေးကြေညာအပ်ပါသည်။
    ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး 
သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ