ကိုဗစ်-၁၉ ရောဂါနှင့် အတူယှဉ်တွဲနေထိုင်သွားမည့် လမ်းပြမြေပုံတစ်ရပ် တောင်ကိုရီးယားအစိုးရ ရေးဆွဲလျက်ရှိ

ဆိုးလ်    အောက်တိုဘာ   ၁၃ 


တောင်ကိုရီးယားအစိုးရက နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါနှင့် အတူယှဉ်တွဲနေထိုင်သွားမည့် လမ်းပြမြေပုံ တစ်ရပ်ရေးဆွဲလျက်ရှိကြောင်း ယနေ့သတင်းများ အရ သိရသည်။


အဆိုပါအစီအစဉ်တွင် ပြည်သူများ၏ လူနေမှု ဘဝနှင့်  စီးပွားရေး  သာယာဝပြောစေရေးအတွက် ပြန်လည်ကုစားသည့်နည်းလမ်းများ    ပါဝင်မည် ဖြစ်သည်။ 
တောင်ကိုရီးယားအစိုးရက အဆိုပါအစီအစဉ်ကို ကျွမ်းကျင်ပညာရှင်များနှင့် အသေးစိတ်ဆွေးနွေး လျက်ရှိပြီး ယခုလအတွင်း ယင်းအစီအစဉ်ကို တရားဝင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။ 


လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်ခံ ရသူ ၁၀၀၀ ရှိပြီး ဇူလိုင်လအတွင်း ကူးစက်ခံရသူအရေ အတွက် စံချိန်တင်မြင့်တက်ခဲ့သည်။ သို့သော် နိုင်ငံ အတွင်း ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းအစီအစဉ် ကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည့်အတွက် နေ့စဉ် သေဆုံးသူအရေအတွက်နှင့် ပြင်းထန်သော အဖျား ဝေဒနာခံစားရမှုအရေအတွက်   လျော့ကျလျက်ရှိ ကြောင်း သိရသည်။  လက်ရှိအချိန်အထိ  လူဦးရေ ၆၀ ရာခိုင်နှုန်းကျော်အား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးနှစ်ကြိမ်စလုံး ထိုးနှံပေးပြီးဖြစ်သည်။ 


သို့သော် နိုင်ငံအတွင်း၌ ကျန်းမာရေးစည်းမျဉ်း စည်းကမ်းများကို ဆက်လက်ချမှတ်ထားဆဲဖြစ်သည်။ 
ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခံစားရသည့် စီးပွားရေးအခြေအနေကို       မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန် တဖြည်းဖြည်းချင်း ဆောင်ရွက် သွားရန်  လိုအပ်ကြောင်း ဝန်ကြီးချုပ် ကင်ဘူကျွမ်က ပြောကြားသည်။ 

ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်