
ရန်ကုန် အောက်တိုဘာ ၉
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နှင့် ရွှေသံလွင်မီဒီယာကုမ္ပဏီ တို့၏ ရုပ်သံလုပ်ငန်းများကို လိုက်လံကြည့်ရှုပြီး အနုပညာရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်အားပေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ Studio A သို့ ရောက်ရှိပြီး “ချစ်တေးဝေဆာ တေးမင်္ဂလာ” ဂီတဖျော်ဖြေရေး အစီအစဉ်တွင် ပါဝင်ဖျော်ဖြေကြမည့် ဂီတအနုပညာရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။ ဆက်လက်၍ ဂီတဖျော်ဖြေ ရေးအစီအစဉ် တိုက်ရိုက် (Live) ရိုက်ကူးရေး ဆောင်ရွက်မှုကို ကြည့်ရှုအားပေးပြီး အနုပညာရှင်များအား အမှတ်တရလက်ဆောင်များ ပေးအပ်သည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်း ရွှေထွဋ်တင်ဝင်းအတွင်းရှိ HEXAGON STUDIO ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ ရွှေသံလွင်မီဒီယာ ကုမ္ပဏီ အကြီးတန်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းများ စခန်းသွင်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြသည်။
ထိုသို့ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လုပ်ငန်းများကို ဂရုပြုဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်လာနိုင်မှုနှင့်အတူ ရုပ်သံရိုက်ကူး ရေးလုပ်ငန်းများကို ကန့်သတ်ချက်များနှင့်အညီ စတင်ဆောင်ရွက်ခွင့်ပြုခြင်း ဖြစ်ပါကြောင်း၊ အနုပညာရှင်များ၏ ဖျော်ဖြေမှုများဖြင့် မွန်းကျပ်နေသော ပြည်သူလူထုအား ပျော်ရွှင်မှုပေးနိုင်အောင်၊ အပန်းပြေအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ရုပ်ရှင်၊ ရုပ်သံ၊ ဂီတ၊ အငြိမ့်၊ သဘင် အနုပညာရှင်များအနေဖြင့် အနုပညာလုပ်ငန်းများကို တစ်ပြိုင် တည်း ပြန်လည်စတင်ဆောင်ရွက် ကြရန် ဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာဝန်ရှိသူများနှင့်အတူ HEXAGON STU-DIO အတွင်း၌ Studio များ ခွဲခြား၍ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လုပ်ငန်းများဆောင်ရွက်နေမှုနှင့် HEXAGON COMPLEX တို့ကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်မှုရရှိစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် ရုပ်သံရိုက်ကူး/ထုတ်လုပ်ရေးလုပ်ငန်းများကို ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည် စတင်ဆောင်ရွက်မှုနှင့်အတူ အနုပညာရှင်များ၏ ပူးပေါင်းပါဝင်မှုများဖြင့် ဖျော်ဖြေရေးလုပ်ငန်းများ တင်ဆက်နိုင်ရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်