ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်ရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့်  ဆွေးနွေးလျက်ရှိပြီး ဇန်နဝါရီလအတွင်း စတင်ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိ

 

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၈/၂၀၂၁)သို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် ဒီဇင်ဘာ ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၈/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင်    နေပြည်တော်ရှိ    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး    အစည်းအဝေးခန်းမ၌   ကျင်းပရာ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်း၊    ကောင်စီအဖွဲ့ဝင် များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊  ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊  ဗိုလ်ချုပ်ကြီး  မောင်မောင်ကျော်၊      ဒုတိယဗိုလ်ချုပ်ကြီး  မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊     ဦးသိန်းညွန့်၊     ဦးခင်မောင်ဆွေ၊      ဒေါ်အေးနုစိန်၊ 
Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံး ဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဦးရွှေကြိမ်း၊  အတွင်း ရေးမှူး     ဒုတိယဗိုလ်ချုပ်ကြီး  အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ တက်ရောက်ကြသည်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးရရှိရေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က         အဖွင့်အမှာစကား ပြောကြားရာတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး နှင့်ပတ်သက်၍ နိုင်ငံတော်မှ ဝယ်ယူမှု၊  ပြည်ပနိုင်ငံ များမှ    နိုင်ငံတော်နှင့်တပ်မတော်သို့ လှူဒါန်းမှု၊ ပုဂ္ဂလိကလှူဒါန်းမှုနှင့် မြန်မာ-တရုတ် နယ်စပ်ဒေသ အတွက်    တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းက လှူဒါန်းမှုများအပါအဝင်  ကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေးရောက်ရှိမှုမှာ စုစုပေါင်း ၄၂၇၇၁၆၀၀ ရှိပြီဖြစ် ကြောင်း၊ ရုရှားနိုင်ငံမှဝယ်ယူထားသည့်  ကာကွယ် ဆေးအလုံးရေ  တစ်သန်းမှာလည်း ယခုလအတွင်း ရောက်ရှိရန်ရှိပြီး တရုတ်နိုင်ငံမှလည်း ကာကွယ်ဆေး များ     ထပ်မံလှူဒါန်းပေးမည်ဟု    သိရှိရကြောင်း၊ ဂျပန်နိုင်ငံ Nippon Foundation မှလည်း ကာကွယ် ဆေး အလုံးရေ  ၂ သန်း  လှူဒါန်းပေးသွားမည်ဖြစ်ပြီး ယခုလတွင် ၁ သန်း၊    ဇန်နဝါရီလတွင် ၁ သန်း ရောက်ရှိမည်ဟုသိရှိရကြောင်း၊    မိမိတို့နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံပြီးမှု      Doses  အရေအတွက် ၃၁၀၄၉၂၇၅ ၊       လက်ကျန်  Doses အနေဖြင့် ၁၁၇၂၂၃၂၅ ဖြစ်ပြီး နှစ်ကြိမ်အပြည့်ဆေးထိုးနှံပြီးသူ ၁၂၆၉၃၉၄၅ ဦး၊   တစ်ကြိမ်ထိုးနှံပြီးသူ ၅၆၆၁၃၈၅ ဦး ဖြစ်သဖြင့်  တစ်ကြိမ်နှင့်အထက် ဆေးထိုးနှံပြီးသူ ၁၈၃၅၅၃၃၀ ဦးဖြစ်ကြောင်း၊     မိမိတို့အနေဖြင့် ယခုနှစ်ဒီဇင်ဘာလအတွင်း  တစ်နိုင်ငံလုံး ၁၈ နှစ် အထက် လူဦးရေ၏ ၅၀ ရာခိုင်နှုန်း ထိုးနှံပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး     မျှော်မှန်းထားသည်ထက် ကျော်လွန်နိုင်မည် ဖြစ်ကြောင်း၊  ကာကွယ်ဆေးထိုးနှံ ရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ Booster ထိုးနှံလိုသူများ အနေဖြင့်လည်း     သတ်မှတ်စည်းကမ်းများနှင့်အညီ ပုဂ္ဂလိကဆေးရုံများ၌    ထိုးနှံနိုင်ရေးခွင့်ပြုပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင်   မလိုလားအပ်သော   ဘေးထွက်ဆိုးကျိုးများ မဖြစ်စေရေးအတွက်    အသိအမှတ်ပြုထားသော ဆေးဝါးများဖြစ်စေရေး     ပုဂ္ဂလိကဆေးရုံများနှင့် ဆေးခန်းများအနေဖြင့်လည်း  သတ်မှတ်စည်းကမ်း များအား လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း။
ကာကွယ်ဆေး ထုတ်လုပ်ရေး
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး  ထုတ်လုပ် ရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့်  ဆွေးနွေးလျက် ရှိပြီး   ဇန်နဝါရီလအတွင်း စတင်ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊   ဆေးစတင်ထုတ်လုပ် ချိန်မှစ၍     တစ်လလျှင်ဆေးအလုံးရေ ၅ သန်း ထုတ်လုပ်နိုင်ရေး  ရည်မှန်းချက်ထား  ဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် အိုမီခရွန် ကိုဗစ် ဗီဇပြောင်း ရောဂါပိုးများ ကူးစက်မှု  မရှိသေးသော် လည်း  အိမ်နီးချင်းနိုင်ငံအချို့နှင့်   ဒေသတွင်းနိုင်ငံ အချို့တွင်  ကူးစက်မှုများရှိနေသဖြင့် နိုင်ငံအတွင်း ကူးစက်မှုမရှိစေရေး သတိထားဆောင်ရွက်ရမည်ဖြစ် ကြောင်း၊      ကာကွယ်ဆေးထိုးနှံထားသူများတွင် ထိခိုက်မှုနှုန်းနည်းပါးသည်ဟု  သိရှိရကြောင်း၊ ရောဂါ ကူးစက်မှုများပြားလာပါက    အဆင်သင့်ကုသနိုင်ရေး ဆေးရုံ၊ ဆေးခန်းများကိုလည်း  ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း။
အကြမ်းဖက်    သတ်ဖြတ်တိုက်ခိုက်မှုများနှင့် ပတ်သက်၍  ထိရောက်စွာ  ဟန့်တားထိန်းချုပ်နိုင် ရေးနှင့် ဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး  အများစုကို  အချိန်မီဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ   နိုင်ငံရေးအရ   အရေးပေါ် အခြေအနေကြေညာ၍    နိုင်ငံတော်၏တာဝန်ကို ယူထားခြင်းဖြစ်ပြီး    တပ်မတော်က    တိုက်ရိုက် မအုပ်ချုပ်ဘဲ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ အရပ်သား အများစုကိုသာ တာဝန်ပေးအပ်ထားခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို  ကျင့်သုံးဆောင်ရွက်နေခြင်းဖြစ် သဖြင့်  ဥပဒေနှင့်အညီသာ   ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက     ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့်        ထိရောက်စွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊   အုပ်ချုပ်ရေး အဖွဲ့များအနေဖြင့် ပြည်သူများနှင့်ဆက်ဆံရာ တွင် လည်း    ကောင်းမွန်ပြေပြစ်သော   ဆက်ဆံရေးဖြင့် ဆောင်ရွက်သွားရန်လိုပြီး  တတ်နိုင်သမျှ ပြည်သူများ အပေါ်   စိတ်ရှည်စွာဖြင့်   လုပ်ပေးနိုင်သည်ကို စီမံ ဖြည့်ဆည်းပေးရန်လိုကြောင်း၊     အုပ်ချုပ်မှုနှင့် ပတ်သက်၍   ဥပဒေအရ၊  ဒီမိုကရေစီနည်းလမ်းအရ နားလည်အောင်    အသိပညာပေးခြင်းဖြင့်    တရား ဥပဒေစိုးမိုးရေးနှင့်      လုံခြုံရေးအတွက်    များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်း၊ အကြမ်းဖက် မှုများနှင့်ပတ်သက်၍လည်း  အမြဲမပြတ်‌ ဖော်ထုတ် ဖမ်းဆီးပြီး ထုတ်ပြန်၍ရသည့်  သတင်းများကိုလည်း စဉ်ဆက်မပြတ်      ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ပြည်သူများကို   အကြမ်းဖက်တိုက်ခိုက်ခြင်းသည် အောက်တန်းကျသည့်လုပ်ရပ်ဖြစ်ပြီး      လူထုကို အကြောက်တရားဖြစ်အောင်    ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊    ဒီမိုကရေစီစနစ်တွင်    ပြည်သူကို ခြိမ်းခြောက်၍      အကြောက်တရားဖြစ်အောင် ဆောင်ရွက်ခြင်းသည်  ဒီမိုကရေစီနှင့်ဖြောင့်ဖြောင့်ကြီး    ဆန့်ကျင်လျက်ရှိကြောင်း၊   အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက်    ပြည်သူများအားလုံးနှင့် တာဝန်ရှိသော      အုပ်ချုပ်ရေးအဖွဲ့အစည်းများ အားလုံး  ပူးပေါင်း၍  စုပေါင်းအားဖြင့် ဆောင်ရွက် သွားကြရန်လိုကြောင်း။ 
ကျန်ရှိသည့်အမှုများကို ဆက်လက်စစ်ဆေး
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား ယခုလ ၆ ရက်နေ့က  ပုဒ်မနှစ်ခုဖြင့်    ထောင်ဒဏ် ၄ နှစ်စီ အသီးသီးချမှတ်ခဲ့ပြီး ၂ နှစ်လျှော့ပေါ့ပေးခဲ့ ကြောင်း၊    ကျန်ရှိသည့်အမှုများကို    ဆက်လက် စစ်ဆေးနိုင်ရန်အတွက် အကျဉ်းထောင်သို့ ပို့ဆောင် ခြင်းမရှိဘဲ   ယခုလက်ရှိနေရာတွင်သာ ဆက်လက် ထားရှိရန်  ဆောင်ရွက်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးဝင်းမြင့်တို့အား   အမှုစစ်ဆေးနေချိန် ကာလမှ     စီရင်ချက်ချမှတ်သည့်အချိန်အထိ သတ်မှတ်ချက်များအတိုင်း   ၎င်း၏ရှေ့နေများနှင့် လွတ်လပ်စွာ   တွေ့ခွင့်ပေးထားကြောင်း၊  အဆိုပါ ရှေ့နေများမှတစ်ဆင့်  လက်ရှိနိုင်ငံရေးဖြစ်စဉ်များ၊ အကြမ်းဖက်ကိစ္စများနှင့်  CRPH၊  NUG အဖွဲ့များ ဖွဲ့စည်းသည်ကို သိရှိပြီးဖြစ်မည်ဟု ယူဆပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း  ရှေ့နေများ မှတစ်ဆင့်  ၎င်း၏ မှတ်ချက်များပေးနိုင်သည့် အခွင့် အရေးရှိကြောင်း၊ မိမိတို့အနေဖြင့်  စတင်တာဝန်ယူ ချိန်တွင်    ရွေးကောက်ခံကိုယ်စားလှယ်များအား လွတ်လပ်စွာဖြင့်ထားရှိခဲ့ပြီး  ၎င်းတို့၏ နေရပ်များသို့ ပြန်ပို့ပေးခဲ့ကြောင်း၊ ထိုသို့ပြန်လည်စေလွှတ်ပြီးချိန် တွင် အချို့ပုဂ္ဂိုလ်များမှာ  ဥပဒေအရ  ရင်ဆိုင်ခြင်းမရှိ ဘဲ   ၎င်းတို့အနေဖြင့်    အကြမ်းဖက်လမ်းစဉ်ဖြင့် တုံ့ပြန်ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း။
နိုင်ငံသားမှတ်ပုံတင်များ ရရှိရန်အရေးကြီး
၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင်   မဲစာရင်းမှားယွင်းမှုပြဿနာများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ဖြစ်ပေါ်ရာတွင် မှတ်ပုံတင် မပါဘဲ  မဲပေးခဲ့သူ ၃ သန်းကျော်ရှိခဲ့သဖြင့် မဲပေးခွင့်ရှိ သူများအားလုံး  နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် တစ်ဖက်နိုင်ငံသို့    ထွက်ခွာသွားသူများ    ပြန်လည် လက်ခံနိုင်ရေးအတွက်    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအား  ပြန်လည်ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊   နိုင်ငံသားမှတ်ပုံတင်များ ပြုလုပ်ပေးနိုင်ရေးအတွက်      ပန်းခင်းစီမံချက်ဖြင့် စဉ်ဆက်မပြတ်      ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားများအားလုံး     နိုင်ငံသားမှတ်ပုံတင်များ ရရှိရန်အရေးကြီးကြောင်း။
အုပ်ချုပ်ရေးဆိုင်ရာ  ကိစ္စရပ်များနှင့်ပတ်သက်၍ အခြေခံ  ရပ်ကွက်/ကျေးရွာ အဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊   တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်    စသည်ဖြင့်     အဆင့်ဆင့် ဆောင်ရွက်လျက်ရှိပြီး    အဓိကအကျဆုံးမှာ    ခရိုင် အဆင့် ဖြစ်ကြောင်း၊  ထို့ကြောင့် ထိရောက်သောဒေသ ဖွံ့ဖြိုးမှုလုပ်ငန်းများ    အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် ခရိုင်အဆင့်ရုံးများ ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင် ရေး ဆောင်ရွက်လျက်ရှိပြီး  သတ်မှတ်ချက်များနှင့် အညီ  ခရိုင်အဆင့်ရုံးများ ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး ကောင်စီအဖွဲ့ဝင်များအနေဖြင့်     အကြံပြုပေးကြ ရန်   အသိပေးပြောကြားလိုကြောင်း   ပြောကြား သည်။
ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က    တက္ကသိုလ်၊    ကောလိပ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်၍ ပြောကြား ရာတွင် ­­­   “တက္ကသိုလ်၊   ကောလိပ်၊ အခြေခံကျောင်း တွေနဲ့ပတ်သက်ပြီး အခုအခြေခံပညာကျောင်းတွေ ကတော့    ကျွန်တော်တို့  ဖွင့်ပါပြီ။     ဖွင့်နိုင်ပြီ။ တက္ကသိုလ်၊    ကောလိပ်တွေထဲမှာ   ကျွန်တော်တို့ ပညာရေးနဲ့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက် က မဟုတ်တဲ့ တက္ကသိုလ်၊ ကောလိပ်တွေ၊ ယဉ်ကျေးမှု တက္ကသိုလ်လိုဟာမျိုး။ ယဉ်ကျေးမှုဝန်ကြီးဌာနပေါ့။ နောက်တစ်ခါ လယ်ယာစိုက်ပျိုးရေး၊  သစ်တော ရေးရာဝန်ကြီးဌာန၊   မွေးမြူရေးဝန်ကြီးဌာနကနေ ပြီးတော့ တက္ကသိုလ်တွေ  ဖွင့်ဖို့လည်း ကျွန်တော်တို့ ခွင့်ပြုပေးတာတွေ    ရှိပါတယ်။     နောက်သံဃာနဲ့ ပတ်သက်တဲ့ သံဃာ့တက္ကသိုလ်တွေ ဖွင့်ခွင့်ပေးတာ တွေရှိပါတယ်။ အကြမ်းဖျင်းက ဇန်နဝါရီပထမပတ် မှာ တက္ကသိုလ်တွေ  စပြီးဖွင့်ပါမယ်။    အဲဒီတော့ တက္ကသိုလ်ဖွင့်လှစ်ရေးနဲ့       ပတ်သက်ပြီးတော့  အဓိကက ကိုဗစ်ကိုထိန်းနိုင်ဖို့ကတော့  တော်တော် လေး အဓိကကျပါတယ်။    အဲဒီတော့    ကိုဗစ် ထိန်းသိမ်းရေး နဲ့  ပတ်သက်ပြီး     ကြည့်တဲ့အခါကျတော့        ဒီဇင်ဘာ ၁ ရက်နေ့မှာ ၄၂၃ ယောက်ဖြစ်ပါတယ်။  ဒီဇင်ဘာ ၂ ရက်နေ့မှာ ၅၂၁ ယောက် ဖြစ်ပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့မှာ ၄၀၂ ယောက် ဖြစ်ပါတယ်။ 
ဒီဇင်ဘာ ၄ ရက်နေ့မှာ      ၃၇၄ ယောက်     ဖြစ်တယ်။   ဒီဇင်ဘာ ၅ ရက်နေ့မှာ ၂၈၅ ယောက်ဖြစ်တယ်။    ဒီဇင်ဘာ ၆ ရက်နေ့မှာ ၂၃၀ ဖြစ်တယ်။ ဒီဇင်ဘာ ၇ ရက်နေ့မှာ ၃၆၇ ယောက်။  ဒီဇင်ဘာ ၈ ရက်နေ့မှာ ၃၉၈ ယောက်။ ဒီဇင်ဘာ ၉ ရက်နေ့မှာ ၃၄၇ ယောက်။ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ၂၇၄ ယောက်။   ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ၃၇၅ ယောက်။ ဒီဇင်ဘာ ၁၂ ရက် နေ့မှာ ၂၈၀ ယောက် ဖြစ်ခဲ့တယ်။ ဆိုတော့ သိပ်တော့ မငြိမ်သေးဘူးဆိုတာ သွားဖော်ပြနေတယ်။   ၃၀၀ ကျော်နဲ့ ၄၀၀ ကျော်နဲ့  ၅၀၀ ကျော်နဲ့ ဒီလိုဖြစ်နေ ပါတယ်။ အဲဒီတော့ ဖြစ်နိုင်လို့ရှိရင် ၂၀၀ နဲ့အောက်ကို   ၂ ရာခိုင်နှုန်းအောက်မှာ ငြိမ်ဖို့လိုတာပေါ့။    မနေ့က ဆိုရင် ၂ ရာခိုင်နှုန်း အထက်တွေ ပြန်ရောက်လာတာ ကျွန်တော်တို့ တွေ့တယ်။  ကျွန်တော်တို့ ကိုဗစ်နဲ့ ပတ်သက်ပြီး   ကျောင်းတွေ    ဖွင့်မယ်ဆိုရင်တော့ ကိုဗစ်ထိန်းချုပ်ရေးက       တော်တော်လေးကို  အလေးထားလုပ်ရမယ့်  အနေအထားရှိပါတယ်။    အားနာလို့မရပါဘူး။    ဒါလည်း ကျွန်တော် Cabinet မှာလည်း ကျွန်တော်တို့  ပြောခဲ့ပါတယ်။  ကျွန်တော် သက်ဆိုင်ရာ  ပြည်နယ်နဲ့တိုင်း တွေရောက်တဲ့အချိန် မှာလည်း ကျွန်တော် တပ်မတော် က အဖွဲ့တွေကိုလည်း  ကျွန်တော်အကုန်မှာပါတယ်။ မင်းတို့အားမနာနဲ့၊ ငါတို့ရေရှည်  ရှေ့ဆက်လုပ်ရမယ့်   လုပ်ငန်းတွေမှာ    အများကြီး   အနှောင့်အယှက် ဖြစ်သွားနိုင်တယ်။ ဒါကြောင့်   ကိုဗစ်ထိန်းချုပ်ရေးနဲ့   ပတ်သက်ရင် အားမနာပါနဲ့၊     ကိုင်ပါလို့  ကျွန်တော် ပြောထားတာ      ရှိပါတယ်။    တစ်ဖက်ကလည်း  ဒီကိုဗစ်မဖြစ်အောင်  လုပ်ဖို့လိုသလို   တစ်ဖက်ကလည်း   ကိုဗစ်ရဲ့အခြေ အနေ။ ဥပမာအားဖြင့်  ကျွန်တော်တို့က Third Wave ဖြစ်ပြီးတော့ Fourth Wave   မှာ ကျွန်တော်တို့မှာ   မဖြစ်လိုက်ဘူး။  Third Wave နဲ့ ကျွန်တော်တို့ပြီးသွား တယ်။ အိုမီခရွန်လည်း ဒီလိုပဲ။ ဒါပေမယ့်  အခြားနိုင်ငံ မှာ  နိုင်ငံပေါင်း ၄၀ ကျော် ၅၀ လောက် တွေ့နေပြီ။  ကျွန်တော်တို့သတိထားရမယ့် အနေအထားတော့ ရှိတယ်။    အဲ့ဒီတော့    ဘာပဲပြောပြော  ကိုယ့်ဘက် ကတော့  ဆေးရုံတွေ ဘာတွေက     အကုန်ပြင်ထားဖို့    လိုပါတယ်။   ဒါကြောင့် ကျွန်တော် ကျန်းမာရေးဝန်ကြီး ဌာနက   ဆေးရုံတွေ၊   ကျွန်တော်တို့တပ်မတော် ဆေးရုံတွေအားလုံးကို  ဒီကိုဗစ်နဲ့  ပတ်သက်ပြီးကုဖို့  သီးခြားနေရာတစ်ခု  လုပ်ခိုင်းထားပါတယ်။  သီးခြား နေရာတွေ၊ Oxygen Plant တွေ     အကုန်လုံးရှိရမယ်။    ဆရာဝန်တွေ   အကုန်လုံးရှိရမယ်။   ကိုဗစ်မရှိလို့  မလုပ်ဘူးဆိုပြီး သွားမလုပ်နဲ့။ ဖြစ်ကာမှ မျက်ကလဲ ဆန်ပျာနဲ့။ ဘယ်မှာမှရှာမရ။   ဟိုပစ္စည်းသုံးမရ။   ဒီပစ္စည်းက သုံးမရ။    ဟိုဟာက ရှာမရ။    ဒီဟာက ရှာမရနဲ့။ ကျွန်တော်တို့တော်တော်ကို   အခက်အခဲ ဖြစ်ခဲ့ဖူးတယ်။    ဒါလည်း     ပြည်နယ်နဲ့တိုင်းအလိုက်က နည်းနည်းပြန်ပြီး စစ်ဆေးကြပ်မတ်ပေးဖို့ ကျွန်တော် ပြောလိုပါတယ်။ အဲ့ဒါတွေအပေါ် မူတည်ပြီးတော့ ကောင်းတယ်ဆိုရင်၊ အခြေအနေကောင်းတယ်ဆိုရင် ကောလိပ်တွေ၊    တက္ကသိုလ်တွေ    ကျွန်တော်တို့ လာမယ့်ဇန်နဝါရီလ   ပထမပတ်ထဲမှာ ကျွန်တော်တို့ ဖွင့်ပါမယ်။ လွတ်လပ်ရေးနေ့ပြီးရင် ကျွန်တော်တို့ဖွင့်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ပြောကြားသည်။ 
ကျန်းကျန်းမာမာ ပညာသင်ကြားနိုင်ရေး
ဆက်လက်၍  ကျောင်းသား၊ ကျောင်းသူများ လုံခြုံမှုရှိစွာဖြင့် ကျန်းကျန်းမာမာ  ပညာသင်ကြားနိုင် ရေးလိုအပ်ကြောင်း၊  အလားတူ ကျောင်းသားများ အမှန်တကယ် တတ်မြောက်ရေးအတွက်  ကျောင်းခေါ်ချိန်ပြည့်မီရေးသည်လည်း    အရေးကြီးသဖြင့် ကျောင်းခေါ်ချိန်အား     ကန့်သတ်ဆောင်ရွက်ရန်   လိုကြောင်း၊   အခြေခံပညာကျောင်းများအား  ၇၈ ရာခိုင်နှုန်း   ပြန်လည်ဖွင့်လှစ်နိုင်ပြီး    ဖွင့်လှစ်ရန် ၂၂ ရာခိုင်နှုန်းကျော်ခန့်     ကျန်ရှိနေ‌သေးကြောင်း၊ ဥပမာအားဖြင့်  နေပြည်တော်ကောင်စီနယ်မြေတွင် ရာခိုင်နှုန်းပြည့်ဖွင့်လှစ်နိုင်ပြီး   ကျန်ရှိသည့် ကျောင်း များမှာ    ဧရာဝတီတိုင်းဒေသကြီးတွင် ၂ ကျောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ၃၂ ကျောင်း၊   ရန်ကုန်တိုင်း ဒေသကြီးတွင် ၃၇ ကျောင်းနှင့်   အခြားတိုင်းဒေသ ကြီးနှင့် ပြည်နယ်အချို့တို့ရှိ  စာသင်ကျောင်းများပင် ဖြစ်ကြောင်း၊ ထို့ကြောင့်   အဆိုပါအခြေခံပညာ ကျောင်းများ    အမြန်ဆုံး  ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက်လည်း    အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြရန်လိုကြောင်း။ 
မြေယာကိစ္စ
မြေယာကိစ္စနှင့်ပတ်သက်၍ ခေတ်အဆက်ဆက် တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကြောင်းပြ၍ မြေလျှောက်ခြင်းများနှင့်   တရားမဝင်   မြေယာ ကျူးကျော်နေထိုင်မှုများရှိခဲ့ပြီး  အချို့နေရာများတွင် အိမ်ရာစီမံကိန်းများအကြောင်းပြ၍   မြေများ ရယူ ထားရှိမှုများရှိကြောင်း၊ သို့သော် အချို့နေရာများတွင် စီမံကိန်းများအား  အကောင်အထည်ဖော် ဆောင်ရွက် ခြင်းများမရှိခြင်းနှင့်    စိုက်ပျိုးမြေများအပေါ်တွင် ဥပဒေကိုကျော်၍  အခြားနည်းများဖြင့် အသုံးပြုခြင်း များ ဖြစ်ပေါ်လျက်ရှိသည်ကို    သိရှိရကြောင်း၊   ထိုသို့ ဆောင်ရွက်နေမှုများအပေါ်     တာဝန်ရှိသူများက ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ကြမည်ဆိုပါက   နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်        ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက်   ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊  မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊   ဒေါ်အေးနုစိန်၊   ဦးမောင်းဟာ၊ ဒေါက်တာ  ဗညားအောင်မိုးနှင့်  ဦးရွှေကြိမ်းတို့က အကြမ်းဖက်အဖွဲ့အစည်းများကို  ထောက်ခံအားပေး သူများတွင်   အချို့သော    ပုဂ္ဂလိကကျောင်းများနှင့် ကျောင်းဆရာများပါဝင်နေသည့်အတွက်  ကိုယ်ပိုင် ကျောင်းများ   မှတ်ပုံတင်ခြင်းဥပဒေကို   ပြန်လည် စိစစ်သွားရေး၊      မဲစာရင်းလိမ်လည်မှုဖြစ်စဉ်နှင့် ပတ်သက်၍    အမှုစစ်ဆေးဆဲကာလတွင်    အများ ပြည်သူ   ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်   သတင်း ထုတ်ပြန်ပေးနိုင်ရေး၊   မဲမသမာမှု  ကျူးလွန်ခဲ့သူ အဆင့်ဆင့်အား     သက်ဆိုင်ရာ  ဥပဒေများဖြင့် အရေးယူဆောင်ရွက်ရေး၊  မြန်မာ - တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများ     ပြန်လည်စတင်နိုင်ရေး အတွက်  ကိုယ်စားလှယ်အဖွဲ့စေလွှတ်၍  ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားရေး၊      ကုန်စည်သယ်ယူ ပို့ဆောင်မှုစရိတ်စကများ    သက်သာမှုရှိစေရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များ     ဈေးမှန်ရရှိစေရေး၊ လမ်းပန်းဆက်သွယ်မှုများ  လျင်မြန်ချောမွေ့စေရေး အတွက် မြန်မာနိုင်ငံ အရှေ့၊ အနောက် မီးရထားလမ်း များနှင့်    ကားလမ်းများ   ထပ်မံဖောက်လုပ်ရေး၊ ကမ်းရိုးတန်းဒေသတစ်လျှောက်  သန္တာကျောက်တန်း နှင့် ဒီရေတောများ ထိန်းသိမ်းရေးအတွက် နိုင်ငံတော် က   အားပေးဆောင်ရွက်သွားရေး၊   လူငယ်ရေးရာ ကော်မတီများမှ  လူငယ်မူဝါဒကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်နိုင်ရေး၊  တိုင်းရင်းသား လူမျိုးများ၏  အားကစားနည်းများကို  ဖော်ထုတ်၍ ပွဲတော်များတွင်     ထည့်သွင်းကျင်းပသွားနိုင်ရေး၊ မြေအောက်အပူစွမ်းအင်ဖြင့်    လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက်   ကျွမ်းကျင်ပညာရှင်များဖြင့်ဆွေးနွေးသွားရေး၊   မင်းတပ်ဒေသတွင် ဝဥ နှင့် တွဲဖက်စိုက်ပျိုးနိုင်သည့်  သီးနှံအမျိုးအစားများကို သုတေသနပြုလုပ်ပေးရေး၊  ဝဥ စိုက်တောင်သူများ အတွက်   စိုက်ပျိုးစရိတ်ချေးငွေများ ရရှိနိုင်ရေး၊ လက်ရှိနိုင်ငံတော်တွင်  ဖြစ်ပေါ်နေသည့် အခြေအနေ များနှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာများတွင် အချိန် နှင့်တစ်ပြေးညီ     သတင်းမှန်ပြန်ကြားပေးနိုင်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွင်း ဒေသအခြေ အနေအရ လိုအပ်သောဌာနဆိုင်ရာ  အစိုးရရုံးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းနိုင်ရေးတို့နှင့်   စပ်လျဉ်း၍   ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က  ဆွေးနွေးချက်များ အပေါ်     ပြန်လည်ရှင်းလင်း    ပြောကြားရာတွင် မြေအောက်အပူစွမ်းအင်ဖြင့်     လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကိစ္စနှင့်ပတ်သက်ပြီး  လေ့လာသုံးသပ် သွားမည်ဖြစ်ကြောင်း၊   တိုင်းရင်းသားလူမျိုးများ၏ အားကစားနည်းများ  ဖော်ထုတ်ရေးကိစ္စကို အားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊          မြဝတီ - မဲဆောက်မှ ရန်ကုန်ကိုဖြတ်ပြီး  ငရုပ်ကောင်းဘက် သို့သွားသည့် လမ်းနှင့်ပတ်သက်၍လည်း  ဆက်လက် ဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးပြီးဖြစ်ကြောင်း။
ကုန်ထုတ်သမဝါယမစနစ်ကို ထူထောင်
ကျေးလက်လမ်း၊    ကျေးရွာချင်းဆက်လမ်း၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်း လုပ်ငန်းများကို လည်း  ဆက်လက်ဆောင်ရွက်နေကြောင်း၊ တောင်သူ များ၏ စိုက်ပျိုးရေးထွက်ကုန်များ  ဈေးကောင်းရရှိ ရေးအတွက်   ကျေးလက်မှ   တိုက်ရိုက်ရောင်းချနိုင် သည့်    ကုန်ထုတ်သမဝါယမစနစ်ကို   ထူထောင်ရန် လုပ်ဆောင်နေကြောင်း၊ ၂၀၀၈ ခုနှစ်တွင်  ဖြစ်ပွားခဲ့ သော နာဂစ်မုန်တိုင်းကြောင့်  သေဆုံးသူအများစုသည် လေကြောင့်  သေဆုံးခြင်းထက်  ရေကြောင့်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊   ဧရာဝတီတိုင်းမှ  လမုပင်များ အဟောသိကံ  ထုတ်ပြီး   မီးသွေးဖုတ်၊   ထင်းခုတ်ခဲ့ သဖြင့် အစားထိုးပြန်လည်စိုက်ပျိုးမှု  အားနည်းကာ ပင်လယ်ရေကို    မတားဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ နောင်တွင်   အလားတူ   အန္တရာယ်များကို ကာကွယ် တားဆီးနိုင်ရန်   အကောင်းဆုံးနည်းလမ်းမှာ  ဒီရေ တောများ   ဖြစ်ထွန်းအောင်   စိုက်ပျိုးခြင်းနှင့်  ရှိပြီး သား   ဒီရေတောများ    ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး  ဧရာဝတီ၊ ရခိုင်၊ ရန်ကုန်၊ မွန်နှင့်  တနင်္သာရီကမ်းရိုးတန်းဒေသများတွင် လမု ပင်များ၊ အုန်းပင်များစိုက်ပျိုးရန်   စီစဉ်ဆောင်ရွက် နေကြောင်း၊    အုန်းထွက်ပစ္စည်းများသည်   များစွာ အသုံးဝင်ပြီး  တန်ဖိုးလည်းရှိကြောင်း၊ မြစ်ဝကျွန်းပေါ် တစ်လျှောက်လုံးတွင်   အုန်းပင်နှင့်    လမုပင်များ စိုက်ပျိုးရမည်ဖြစ်ကြောင်း။
သစ်တောများကို ပြန်လည်ထိန်းသိမ်း
သစ်တောများကို ပြန်လည်ထိန်းသိမ်း၍  မိမိတို့ နိုင်ငံ၏   သစ်တောဖုံးလွှမ်းမှု ၄၁ ရာခိုင်နှုန်းမှ   ပိုမို တိုးတက်လာအောင်    ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊   သစ်တောများကို   မူလအခြေအနေအထိ ပြန်လည်ရောက်ရှိအောင်        ကြိုးစားထိန်းသိမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊   မြေနှင့်ပတ်သက်၍ မြေကို အကျိုးရှိစွာ အသုံးချနိုင်ရန်  မြေယာစီမံခန့်ခွဲ မှုကို စနစ်တကျဆောင်ရွက်ရမည်ဖြစ်ကြောင်း။
စီးပွားရေးကုန်သွယ်မှုမြှင့်တင်
ရွေးကောက်ပွဲ မဲမသမာမှုများနှင့် ပတ်သက်၍ လည်း   ပြည်တွင်းပြည်ပက  သိရှိအောင်   ဆောင်ရွက် နေကြောင်း၊    ရွေးကောက်ပွဲတွင်   မမှန်မကန် ဆောင်ရွက်ခဲ့သည့်      တာဝန်ရှိသူများနှင့်    ပါဝင် ပတ်သက်သူများကိုလည်း အရေးယူဆောင်ရွက်လျက် ရှိကြောင်း၊ အချိုးကျကိုယ်စားပြုစနစ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်  နိုင်ငံရေး ပါတီများ ဆက်လက် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ် ကြောင်း၊  ပြည်ပနိုင်ငံများနှင့် စီးပွားရေးကုန်သွယ်မှု မြှင့်တင်နိုင်ရေးအတွက်  အလေးထား ဆောင်ရွက် နေကြောင်း၊   မြန်မာကျပ်ငွေနှင့် ၎င်းတို့နိုင်ငံသုံးငွေ တိုက်ရိုက်ပေးချေနိုင်ရန်  အိန္ဒိယ၊ ထိုင်း၊ တရုတ်နိုင်ငံ တို့နှင့်   သဘောတူ  လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း၊ နိုင်ငံ၏စီးပွားရေး    ပြန်လည်ကောင်းမွန်လာအောင် ဘက်ပေါင်းစုံမှ      အတတ်နိုင်ဆုံး    ဆောင်ရွက်နေ ကြောင်း။ 
ချင်းပြည်နယ်အတွင်း    မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ရရှိနိုင်ရေးနှင့်   မဏိပူရရေအား လျှပ်စစ်စီမံကိန်းမှ     ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊       ထို့ပြင်    ကလေး ကျောက်မီးသွေးစက်ရုံမှ     လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးနှင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် အစပ်တွင် ရေအားလျှပ်စစ်စနစ်ဖြင့် လျှပ်စစ်ဓာတ် အားထုတ်ယူနိုင်ရေး  ဆောင်ရွက်လျက်ရှိကြောင်း၊ ရွှေ့ပြောင်းတောင်ယာကိစ္စရပ်များနှင့်  စပ်လျဉ်း၍ တောတောင်များ မပြုန်းတီးစေရေးနှင့် ရေဝေရေလဲ 
ဒေသများ ကာကွယ်ရေးကို ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊  လူမှုကွန်ရက်စာမျက်နှာများကို အသုံးပြု၍   သတင်းအမှန်     ထုတ်ပြန်နိုင်ရေးနှင့် စပ်လျဉ်း၍ ထိထိရောက်ရောက်  ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ဒေသအလိုက် လိုအပ်ချက်အရ  ဒေသအဆင့် အဆုံး အဖြတ်ပေးနိုင်မည့်    ခရိုင်ရုံးများအဖြစ်    သတ်မှတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ဆွေးနွေးပြော ကြားသည်။
 နိုင်ငံရေးရည်ရွယ်ချက်နှစ်ခု
ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မိမိတို့အစိုးရ၏ နိုင်ငံရေးရည်ရွယ် ချက်နှစ်ခုမှာ  တိုင်းပြည်သာယာဝပြောရေးနှင့်  တိုင်း ပြည်     စားနပ်ရိက္ခာဖူလုံရေးဖြစ်ကြောင်း၊     ဒေသ အလိုက် စားနပ်ရိက္ခာဖူလုံရန်  ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်   ပြည်နယ်အစိုးရ များသည် ပြည်သူပြည်သားများ စားနပ်ရိက္ခာဖူလုံစေ ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များ        အနေဖြင့်လည်း ပြည်နယ်နှင့်  တိုင်းဒေသကြီးများ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန်   သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဆွေးနွေးဖော်ဆောင်သွားကြစေလိုကြောင်း။
ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ပေးသွားမည်
မိမိတို့နိုင်ငံတွင် ၁၉၉၅ နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နိုင်ငံအတွင်းရှိ  ဆေးတက္ကသိုလ်များမှ  မွေးထုတ် ပေးခဲ့သည့် ဆရာဝန်များ ၃ သောင်းကျော်ရှိသော်လည်း  နိုင်ငံ့ဝန်ထမ်းအဖြစ်      တာဝန်ထမ်းဆောင်နေသူ ၁ သောင်းခန့်သာရှိသည့်အတွက်    ထက်ဝက်ပင်မရှိ သည်ကိုတွေ့ရကြောင်း၊   အဆိုပါဆရာဝန်များသည် ယခုအခါ   အသက်အားဖြင့်   ၅၅ နှစ်ဝန်းကျင်သာ  ရှိမည်ဖြစ်၍ နိုင်ငံ့တာဝန်ကို  ကောင်းစွာထမ်းဆောင် နိုင်သည့် အရွယ်များပင်ဖြစ်သော်လည်း  နိုင်ငံ့တာဝန် ကို   ထမ်းဆောင်မှုမပြုသဖြင့်     တိုင်းပြည်အတွက် များစွာနစ်နာရကြောင်း၊    ထို့ကြောင့်    လာမည့်  တက္ကသိုလ်ဝင်တန်းစာမေးပွဲ ခေါ်ဆိုရာတွင် အင်္ဂလိပ်၊  ဇီဝဗေဒနှင့် ဓာတုဗေဒဘာသာရပ်များတွင်  အမှတ် ကောင်းသူများကို ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ပေးသွားမည်ဖြစ်ပြီး ထိုသို့  ဆေးတက္ကသိုလ် သို့     တက်ရောက်ပညာသင်ကြားရာတွင်လည်း ပညာသင်ထောက်ပံ့ကြေးပေး၍   ကျောင်းတက်ခွင့် ပေးသွားမည်ဖြစ်ကာ နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး ၁၀ နှစ်  တာဝန်ထမ်းဆောင်သွားရန်   ဝန်ခံကတိ လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း အဖြစ်    တာဝန်မထမ်းဆောင်လိုသူများအနေဖြင့် ပညာသင်ကြားရေးစရိတ်များ        နိုင်ငံတော်သို့ ပြန်လည်ပေးချေရမည်ဖြစ်ကြောင်း၊  နေပြည်တော် ကောင်စီနယ်မြေတွင်လည်း    ဝိဇ္ဇာ၊   သိပ္ပံ၊  ဥပဒေ၊ စီးပွားရေး၊ ဆေးပညာ၊ လူမှုဝန်ထမ်းဘာသာရပ်များ သင်ကြားနိုင်မည့် တက္ကသိုလ်တစ်ခုရှိရန် လိုအပ်သည် ဟုယူဆပါကြောင်း၊   ယင်းအတွက်     ပြင်ဆင် ဆောင်ရွက်နေကြောင်းဖြင့်   ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။                            သတင်းစဉ်