ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်သန်းကျော် လာအိုနိုင်ငံထပ်မံရရှိမည်

ဗီယင်ကျန်း   စက်တင်ဘာ  ၂၁ 


လာအိုနိုင်ငံသည်    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၂၄၃၄၅၈၀ အား ယခုနှစ်အတွင်း   တရုတ်နှင့်ဩစတြေးလျ နိုင်ငံများမှ  ထပ်မံလက်ခံရရှိရန်ရှိကြောင်း   လာအိုကျန်းမာရေးဝန်ကြီးဌာန သန့်ရှင်း ရေးနှင့် ကျန်းမာရေးမြှင့်တင်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဖိုနီပါဆက် အိုနီဖိုမီ က       သတင်းစာရှင်းလင်းပွဲ၌   ပြောကြား သည်။ 


လာအိုနိုင်ငံသည်  လက်ရှိအချိန်၌  Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး၊ AstraZeneca  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၊  Johnson & Johnson ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊ Pfizer ကိုဗစ်-၁၉ ရောဂါ     ကာကွယ်ဆေးနှင့် Sputnik ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စသော  ကာကွယ်ဆေးများ   စုစုပေါင်း အလုံးရေ ၅၅၆၇၄၉၀ ကို လက်ခံရရှိခဲ့ပြီး ဖြစ်ကြောင်း ၎င်းက စက်တင်ဘာ ၁၇ ရက်တွင်   ပြုလုပ်ခဲ့သော    သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။ 
 နိုင်ငံအတွင်းလက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါ     ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများကို         အရှိန်မြှင့်တင်    ဆောင်ရွက်လျက်ရှိရာ ၂၇၉၉၅၄၉ ဦးမှာ   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံပြီးစီးခဲ့ပြီး ၁၉၀၉၃၆၀ မှာ   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး   ဒုတိယ အကြိမ်ထိုးနှံပြီးစီးကြောင်း သိရသည်။     
လက်ရှိအချိန်၌   Sinopharm နှင့်  AstraZeneca ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ဒုတိယအကြိမ်အဖြစ်    ထိုးနှံ ပေးလျက်ရှိပြီး      နိုင်ငံသားများအား   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှု ခံယူကြရန် ကျန်းမာရေးလုပ်သားများက  တိုက်တွန်းလျက်ရှိသည်။  


 ထို့ပြင်   နိုင်ငံရပ်ခြား၌     ပညာ    သွားရောက်သင်ယူမည့်သူများ၊ ပြည်တွင်း ၌   တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုမည့် သူများနှင့်        အလယ်တန်းကျောင်းသားများ အပါအဝင်    အသက်   ၁၇  နှစ်အထက် ရှိသူများအား Pfizer နှင့် Sinopharm ကိုဗစ်-၁၉ရောဂါ     ကာကွယ်ဆေးများ ကို       ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဖိုနီပါဆက်က ပြောကြားသည်။   နိုင်ငံ အတွင်းရှိ   အရွယ်ရောက်ပြီးသူများ၏ ၅၀ ရာခိုင်နှုန်းအား ယခုနှစ်ကုန်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပြီးထိုးနှံပေး နိုင်ရန်အစိုးရက      ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။ 


ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ