ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1.16 ဖြစ်ပွားမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်မည့်အစီအစဉ်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော်   ဧပြီ   ၂၁
ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1.16 ကူးစက်ဖြစ်ပွားမှုနှင့် ပတ်သက်၍ မြန်မာ နိုင်ငံတွင် ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်မည့် အစီ အစဉ်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့  မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန    အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
အစည်းအဝေးတွင်      ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက မြန်မာနိုင်ငံတွင် ဧပြီလ အတွင်း ကိုဗစ်-၁၉  ရောဂါ   ပြည်တွင်းကူးစက်မှု အနည်းငယ် မြင့်တက်ခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများ တွင် ကူးစက်ဖြစ်ပွားလျက်ရှိသော မျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1.16 သည် ယခင်ကူးစက်ဖြစ်ပွား ခဲ့သည့် ဗီဇပြောင်းပိုး  အိုမီခရွန်မျိုးကွဲ XBB.1    နှင့် XBB.1.5 ကူးစက်မှုထက် ၁ ဒသမ ၂၇  ဆအထိ ပိုမို မြန်ဆန်သော်လည်း ရောဂါလက္ခဏာများသည် ပိုမို ပြင်းထန်မှုမရှိကြောင်း၊ ဆေးရုံတက်ရောက် ကုသခံရ မှုနှင့် သေဆုံးမှုလည်း  ပိုမိုမြင့်မားခြင်းမရှိကြောင်း၊ အသက်အရွယ်ကြီးသူများနှင့်  ရောဂါအခံရှိသူများ တွင်မူ ကူးစက်မှုနှုန်းပိုမိုမြင့်မားနိုင်ကြောင်း။
ရောဂါကုသရာတွင်      လက်ရှိမြန်မာနိုင်ငံ၌ အသုံးပြုလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကုသသည့် ဗိုင်းရပ်စ်ပိုးသတ်ဆေးဝါးများဖြင့်သာ ကုသမှုပေးနိုင် ပြီး   ရောဂါကာကွယ်ရေးအတွက်   လက်ရှိအသုံးပြု လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ သည် ထိရောက်မှုရှိပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှုကို ကာကွယ် နိုင်ကြောင်း၊   ကိုဗစ်-၁၉ ရောဂါ   ဖြစ်ပွားသူများကို စောစီးစွာသိရှိပြီး ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်     ကာကွယ်ဆေးထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်း၊ ဓာတ်ခွဲ စစ်ဆေးခြင်းနှင့်     ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ   အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
ဆေးသုတေသနဦးစီးဌာနအနေဖြင့်     အသစ် ထွက်ပေါ်လာသော အိုမီခရွန်ဗီဇပြောင်းပိုးများနှင့် ပတ်သက်၍     မျိုးရိုးဗီဇစစ်ဆေးခြင်း    တိုးမြှင့် ဆောင်ရွက်သွားရန်၊    ရောဂါကူးစက်ဖြစ်ပွားမှု များပြားလာပါက အသွားအလာကန့်သတ်ထားရှိရန်၊ (Quarantine Centre) များနှင့် ကုသမှုပေးနိုင်ရန်၊  ဗိုင်းရပ်စ်ရောဂါကုသသည့်ဆေးဝါးများ အပါအဝင် အခြားလိုအပ်သောဆေးဝါးများ၊ ရောဂါကာကွယ်ရေး ပစ္စည်းများနှင့် ကုသရေးစင်တာများ ကြိုတင်ပြင်ဆင် ထားရှိရန် လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနည်းလမ်းများကို တိတိကျကျလိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်   ပြည်သူ့ကျန်းမာရေးဦးစီးဌာန  ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေး မှူး ဒေါက်တာတိုးသီရိအောင်က  ကမ္ဘာ့နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ 
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြ သူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ  အရှိန်အဟုန်မြှင့်ဆောင်ရွက်မည့် အစီ အစဉ်များနှင့်ပတ်သက်၍   သက်ဆိုင်ရာကဏ္ဍများ အလိုက် ဆွေးနွေးကြပြီး  ပြည်ထောင်စုဝန်ကြီးက  နိဂုံးချုပ်အမှာစကားပြောကြားသည်။ 
အစည်းအဝေးသို့   ဒုတိယဝန်ကြီး   ဒေါက်တာ အေးထွန်း၊   ညွှန်ကြားရေးမှူးချုပ်များ၊    ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့်    တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။    သတင်းစဉ်