ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်

 

ကာကွယ်ဆေးထိုးနှံရေးက အရေးပါတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်။ အားလုံးကလည်း ပူးပေါင်းပါဝင်ပေးဖို့ လိုပါတယ်။ 
ကိုယ့်ကိုယ်ကိုယ် စပြီးကာကွယ်မယ်၊ မိသားစုကိုကာကွယ်မယ်၊ ရပ်ရွာကိုကာကွယ်မယ်။ ဒါဆိုရင် မိမိနိုင်ငံအတွက်လည်း 
တာဝန်ကျေပါတယ်။ ဒါကြောင့် အလွန်အကျိုးကျေးဇူးရှိတဲ့လုပ်ငန်း ဖြစ်ပါတယ်

ထက်လျှံ

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇူလိုင် ၂၂ ရက် ည ၈ နာရီ သတင်းအပြီး တွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် -  ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။


အစီအစဉ်မှူး။    ။    နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉ တတိယလှိုင်း ဖြစ်ပွား         နေတာနဲ့    ပတ်သက်ပြီး    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊   ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
မကြာခင် ရောက်ရှိလာမယ့် ကိုဗစ်ကာကွယ်ဆေးတွေနဲ့ ဒီကာကွယ် ဆေးတွေကို မည်သည့် ဦးတည်အုပ်စုတွေကို ထိုးနှံပေးသွားဖို့ ရှိပါသလဲ၊ လက်ရှိကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေမှာ  ကာကွယ်ဆေး ထိုးနှံတဲ့အတွက်  ဘယ်လောက်အထိ  ထိရောက်မှုရှိသလဲဆိုတာကို သိပါရစေ။
ဒေါက်တာသန်းနိုင်စိုး    ။    ။    မကြာခင်မှာ  ကာကွယ်ဆေးတွေက             ပြန်လည်ပြီး  အသုတ်လိုက်၊  အသုတ် လိုက် ရောက်ရှိလာမယ်ဆိုတဲ့အကြောင်းကို  ဒီနေရာကနေ  သတင်း ကောင်းပေးလိုပါတယ်။ နိုင်ငံတော်အကြီးအကဲ ပြောတဲ့အထဲမှာလည်း ပါပါတယ်၊   ဇူလိုင်လ ၂၂ ရက်မှာ  တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေ ကိုဗစ်ကာကွယ်ဆေး ၇ သိန်းခွဲ စတင်ရောက်ရှိမယ်။ ပြီးတဲ့အခါ ဇူလိုင်လ ၂၃ ရက်နဲ့ ၂၄ ရက်တို့မှာ ဆက်ပြီး ရောက်ရှိမှာဖြစ်ပါတယ်။

 


ဩဂုတ်လ ပထမအပတ်တွင်းမှာ တရုတ်နိုင်ငံက လှူဒါန်းတဲ့ ၂ သန်းနဲ့ ကျွန်တော်တို့နိုင်ငံက ဝယ်ထားတဲ့ ၄ သန်း စုစုပေါင်း ကိုဗစ်ကာကွယ်ဆေး ၆ သန်းကို ယခုရက်ပိုင်းအတွင်း ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒိယ နိုင်ငံကနေ ဝယ်ယူထားတဲ့ ကာကွယ်ဆေး သန်း ၃၀ ထဲက နှစ်သန်းကို ရရှိပြီးဖြစ်တဲ့အတွက် ကာကွယ်ဆေး ၂၈ သန်း ထပ်မံရရှိဖို့ ရှိပါတယ်။ ဒါကို  အိန္ဒိယနိုင်ငံအနေနဲ့  ရောဂါဖြစ်ပွားမှု  ကျဆင်းလာတဲ့အတွက် အသုတ်လိုက်ခွဲပြီး ပြန်လည်ရရှိဖို့ ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) နဲ့ဆောင်ရွက်ထားတဲ့  Covax Facility အစီအစဉ်ကလည်း ဆက်သွယ်လာတဲ့အတွက် အဲဒီကနေ ကိုဗစ်ကာကွယ်ဆေး သန်းနဲ့ချီပြီး ရဖို့ရှိပါတယ်။  ရုရှားနိုင်ငံကနေ ဝယ်ယူထားတာတွေနဲ့ နောက်ထပ်မှာယူ ထားတွေကလည်း ရရှိတော့မှာ ဖြစ်ပါတယ်။ 
ကျွန်တော်တို့အတွက်  သတင်းကောင်းက  ကိုဗစ်ကာကွယ်ဆေးတွေ သည် အသုတ်လိုက်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ရောက်ရှိလာမယ့် ကာကွယ်ဆေးပမာဏကလည်း သန်းဆယ်ဂဏန်းနဲ့ချီပြီး ရောက်လာ မယ့် အနေအထားရှိတာကို ဒီနေရာကနေ သတင်းကောင်းပါးလိုပါတယ်။ ဒီကာကွယ်ဆေးတွေ  မရောက်ရှိမီ ရုံးပိတ်ရက်ကာလမှာ အိမ်မှာနေပေး တဲ့အတွက်    မိဘပြည်သူတွေကို   အထူးကျေးဇူးတင်ရှိပါတယ်။ ဒါမှ ကာကွယ်ဆေးရောက်တဲ့အချိန်အထိ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နဲ့ တောင့်ခံပြီး ယခုတတိယလှိုင်းကို ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။

 


ကာကွယ်ဆေးတွေ ရောက်ရှိလာပြီဆိုရင် ယခင်ကာကွယ်ဆေးထိုးဖို့ ရေးဆွဲထားတဲ့ စီမံချက်အပေါ် ခေတ်ကာလနဲ့အညီ အနည်းငယ်ပြုပြင်ပြီး ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ နံပါတ်တစ် ဦးတည်အုပ်စုက ကျန်းမာရေး ဝန်ထမ်းတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ပုဂ္ဂလိကကျန်းမာရေးကဏ္ဍမှာ တာဝန် ထမ်းဆောင်နေသူတွေ၊  နိုင်ငံတော်ရဲ့  စီးပွားရေးဖွံ့ဖြိုးဖို့အတွက် မဖြစ် မနေ ဆောင်ရွက်နေရတဲ့ (လမ်းပန်းဆက်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွား) အုပ်စုတွေ ဒါတွေက ဦးစားပေးအုပ်စုထဲမှာ ပါပါ တယ်။ ပြီးရင်   ရောဂါဖြစ်ပွားမှုများပြားနိုင်တဲ့ဒေသအလိုက်   ရောဂါ ဖြစ်ပွားလာရင်  အသက်အန္တရာယ်ရှိနိုင်တဲ့   အသက် ၆၀ နှစ်အထက် အသက်အရွယ်ကြီးရင့်တဲ့သူတွေ၊  ရောဂါအခံရှိသူတွေကို  ကာကွယ် ဆေးရရှိမှုအပေါ် မူတည်ပြီး ဦးတည်အုပ်စုအလိုက် ဦးစားပေးအစီ အစဉ်အလိုက်  ထိုးနှံပေးသွားမှာ  ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံ ပေးမယ့် အစီအစဉ် အသေးစိတ်ကို ကာကွယ်ဆေးရောက်ရှိ ချိန်မှာ တစ်ပြိုင်နက်တည်း   ထုတ်ပြန်ပေးသွားမှာ   ဖြစ်ပါတယ်။  ဦးတည်အုပ်စု အားလုံးကို ကာကွယ်ဆေးရရှိမှုအပေါ်မူတည်ပြီး အသုတ်လိုက်၊ အဆင့် အလိုက်၊ အပိုင်းအလိုက်  ထိုးနှံပေးသွားမှာဖြစ်ပါတယ်။  ဒီနှစ်အတွင်းမှာ ဦးတည်အုပ်စုတွေရဲ့  ၅၀ ရာခိုင်နှုန်းကို  ကာကွယ်ဆေးထိုးနှံပေးဖို့ လမ်းညွှန်ချက်တွေနဲ့အညီ ဖြစ်မြောက်အောင် ဆောင်ရွက်နေပါတယ်။ ဒါကကာကွယ်ဆေးနဲ ပတ်သက်တဲ့ သတင်းကောင်းတွေပါ။

 


မိဘပြည်သူတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံပေးမယ့် အစီအစဉ်မှာ ပူးပေါင်းပါဝင်ပေးကြဖို့၊ ကာကွယ်ဆေးထိုးနှံမှုကို စာရင်းဇယား စနစ် တကျ ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ကာကွယ်ဆေးထိုးနှံခြင်း သတင်းပို့စနစ်မှာ လိုအပ်ပါက ဒေသအလိုက် ကာကွယ်ဆေးထိုးမယ့် စာရင်းမှာ မိမိရဲ့နာမည်ကို ကြိုတင်မှတ်ပုံတင်ခြင်း အစီအစဉ်ကို ဒေသ အလိုက် ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ ဒီနေရာ ပါဝင်ပြီး မှတ်ပုံတင်ပေးဖို့ လိုအပ်ပါတယ်။ ကာကွယ်ဆေးတွေ မရရှိခင်ကာလမှာ တတ်နိုင်သမျှ မိမိရဲ့အိမ်မှာနေပြီး တောင့်ခံပေးကြပါဦးလို့ ကျွန်တော့်အနေနဲ့ ဒီနေရာ ကနေ ပန်ကြားလိုပါတယ်။

 


မြန်မာနိုင်ငံကို ယခုရောက်ရှိလာမယ့်  ကာကွယ်ဆေးတွေထဲမှာ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ Sinopharm ကာကွယ်ဆေး ၄ သန်းနဲ့ Sinovac ကာကွယ်ဆေး ၂ သန်း ရရှိမှာဖြစ်တယ်လို့ ကနဦးအနေနဲ့ သိရှိရပါတယ်။ ဒီဆေးနှစ်မျိုးကို တရုတ်နိုင်ငံက ထုတ်လုပ်တာဖြစ်ပြီး ထုတ်လုပ်တဲ့  ကုမ္ပဏီကတော့ မတူပါဘူး။ နည်းပညာပိုင်းမှာ ဗိုင်းရပ်စ် ကို အားပျော့အောင်လုပ်တာချင်းက တူညီပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ကထပ်ပြီးမပွားနိုင်ရေးအတွက် ခန္ဓာကိုယ်ကနေ ပဋိပစ္စည်းတွေ ထွက်အောင် လုပ်ဆောင်ပေးပါတယ်။ ဆေးတွေရဲ့ ထိရောက်မှုတွေ အနေနဲ့ကလည်း ကမ္ဘာ့နိုင်ငံ အတော်များများမှာ ထိုးနှံပြီးသားဆေးတွေ ဖြစ်ပါတယ်။
Sinopharm ကာကွယ်ဆေးအနေနဲ့ ကမ္ဘာပေါ်မှာ ဆေးအသုံးပြုခွင့် အပြည့်အဝရထားတာက ၄ နိုင်ငံ၊ အရေးပေါ်ကာကွယ်ဆေးအနေနဲ့ အသုံးပြုဖို့   ခွင့်ပြုထားတာက ၇၈ နိုင်ငံ   ခွင့်ပြုထားပါတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အနေနဲ့ ဒီဆေးကို အရေးပေါ်ကာကွယ်ဆေးအနေနဲ့ အသုံးပြုဖို့ ခွင့်ပြုထားတဲ့ စာရင်းထဲမှာ ၂၀၂၁ ခုနှစ် မေလ ၅ ရက်က ထည့်သွင်းထားပါတယ်။ 

 


Sinovac ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့  အရေးပေါ် ကာကွယ်ဆေးအနေနဲ့  အသုံးပြုဖို့  ခွင့်ပြုထားတဲ့စာရင်းထဲကို ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်မှာ ထည့်သွင်းထားပါတယ်။ ဒီဆေးကို ကမ္ဘာပေါ်မှာ ရှိတဲ့ ၅၃ နိုင်ငံရဲ့ အရေးပေါ်ကာကွယ်ဆေးအနေနဲ့အသုံးပြုဖို့ ခွင့်ပြု ထားပါတယ်။  တရုတ်နိုင်ငံမှာ  ဒီဆေးကို အပြည့်အဝ အသုံးပြုခွင့် ပေးထားပါတယ်။ ဒီဆေးကို ကမ္ဘာ့နိုင်ငံ ၃၆ နိုင်ငံမှာ ထိုးနှံနေပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံကထွက်တဲ့ Sinopharm နဲ့ Sinovac အပါအဝင် ကာကွယ်ဆေးတော်တော်များများကို တရုတ်နိုင်ငံအတွင်းမှာ ထိုးနှံမှု အနေနဲ့ ယမန်နေ့က ရရှိတဲ့သတင်းအချက် အလက်တွေအရ ကာကွယ် ဆေးအရည်အတွက် ၁ ဒသမ ၄ ဘီလီယံ ထိုးနှံပြီးသွားပါပြီ။ တရုတ်နိုင်ငံ အနေနဲ့ ကာကွယ်ဆေးထိုးနှံမှုအပိုင်းမှာအတော်ကို ခရီးရောက်နေတဲ့ အနေအထားရှိပါတယ်။ 
နိုင်ငံတကာမှာလည်း ယခုလို ကာကွယ်ဆေးတွေကို ဦးစားပေးပြီး ထိုးနှံနေကြပါတယ်။  ဒီဆေးတွေရဲ့  အာနိသင်ထိရောက်မှုနဲ့  စိတ်ချရမှု အပေါ် သံသယရှိစရာ မရှိပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ ကာကွယ်ဆေးတွေကို     ကြည့်တဲ့အခါမှာ     ဆေးရဲ့အရည်အသွေး၊ ထိရောက်မှုနဲ့ လုံခြုံစိတ်ချရမှုဆိုတဲ့ ၃ ချက်ကို ကြည့်ပါတယ်။ ဒီလို ကြည့်တဲ့နေရာမှာ ကာကွယ်ဆေးထုတ်လုပ်တဲ့ နည်းပညာနဲ့  ထုတ်လုပ် မှု အဆင့်အတန်း၊ ဆေးမှာပါဝင်တဲ့   ပစ္စည်းတွေရဲ့ အရည်အသွေး၊ ဆေးရဲ့အာနိသင်နဲ့ စိတ်ချရမှု ဒါတွေကို ကြည့်ပါတယ်။

 


Sinopharm ကာကွယ်ဆေးရဲ့ ရောဂါကာကွယ်မှုအနေနဲ့ ၇၉ ရာခိုင် နှုန်းရှိပြီး ရောဂါပြင်းပြင်း ထန်ထန် ဖြစ်ပွားမှုနဲ့ အသက်သေဆုံးမှုနှုန်းကို ၇၉ ရာခိုင်နှုန်းကနေ ၉၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ Sinovac ကာကွယ်ဆေးရဲ့ ရောဂါကာကွယ်မှုအနေနဲ့ ၅၁ ရာခိုင်နှုန်းရှိပြီး ရောဂါပြင်းပြင်းထန်ထန်ဖြစ်ပွားမှုကို   ၉၅ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင် နှုန်းအထိ ကာကွယ်ပေးနိုင်တဲ့အစွမ်းသတ္တိရှိကြောင်း သိရှိရပါတယ်။
မကြာခင်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ အရေးပေါ်ကာကွယ် ဆေးအနေနဲ့ အသုံးပြုနိုင်တဲ့စာရင်းထဲမှာ ဆက်လက်ပြီးထည့်သွင်းနိုင် ဖို့အတွက် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၅ ရက်အထိ  ဆောင်ရွက်နေတဲ့ ကာကွယ်ဆေးပေါင်းက ၁၉ မျိုးရှိပါတယ်။ မကြာခင်မှာ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ရဲ့ အရေးပေါ်ကာကွယ်ဆေးအနေနဲ့ အသုံးပြုနိုင်တဲ့ စာရင်းထဲ ကို ထပ်မံရောက်ရှိလာမယ့် ကာကွယ်ဆေးအနေနဲ့ Sputnik V ကာကွယ် ဆေးနဲ့ Covaxin ကာကွယ်ဆေးတွေ ပါဝင်လာမှာဖြစ်ပါတယ်။ Covaxin ကာကွယ်ဆေးအနေနဲ့ ရှေ့တစ်ပတ်၊ နှစ်ပတ်အတွင်းမှာ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ရဲ့ Emergency Use List စာရင်းထဲမှာ ပါဝင်တော့မှာ ဖြစ် ကြောင်းသိရပါတယ်။ Sputnik V ကာကွယ်ဆေးအနေနဲ့ နောက်အကျ ဆုံး အောက်တိုဘာလထဲမှာ   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အသိအမှတ်ပြု စာရင်းထဲမှာ ပါဝင်လာမှာ ဖြစ်ကြောင်းသိရှိရပါတယ်။ နောက်ထပ်လည်း WHO EUL    အသိအမှတ်ပြုကာကွယ်ဆေးတွေနဲ့  အခြားအာနိသင် ထက်မြက်ပြီး၊ ဘေးကင်းတဲ့  ကာကွယ်ဆေးတွေ တိုးတက်ရရှိလာနိုင်မှာ အများကြီး ရှိပါတယ်။ 

 


ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုလှိုင်းတွေ အဆင့်လိုက်၊ အဆင့်လိုက် ဖြစ်နေရာမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကမ္ဘာတစ်ဝန်းလုံးမှာ ထိန်းချုပ် နိုင်ဖို့ အရေးကြီးဆုံး သော့ချက်နဲ့ တစ်ခုတည်းသော ထွက်ပေါက်လို့လည်း ပြောလို့ရတာက ကာကွယ်ဆေးဖြစ်ပါတယ်။  
ဘာဖြစ်လို့လဲဆိုတော့   ကာကွယ်ဆေးကို    ထိုးလိုက်ရင်   ရရှိတဲ့ အာနိသင်ကတော့   အများနားလည်အောင်ပြောရရင်   ဗိုင်းရပ်စ်ရဲ့ တည်ဆောက်ပုံအစိတ်အပိုင်းလေးတွေအနေနဲ့ ပြောရရင်  ကိုရိုနာဗိုင်းရပ်စ်  SARS‑CoV‑2 ဗိုင်းရပ်စ်က သူ့ရဲ့ပြင်ပမှာ ရှိတာက ဆူးချွန်လေးတွေရှိပါ တယ်။ ဒါတွေကို  Spike Protein လို့ ခေါ်ပါတယ်။ နောက်တစ်ခုက အခွံထဲမှာရှိတဲ့ Protein ဖြစ်ပါတယ်။ ဒါက အဆီလွှာတွေနဲ့တွဲနေပါတယ်။ ဒါကို Envelope Protein လို့ ခေါ်ပါတယ်။ နောက်တစ်ခုက ပြင်ပအလွှာ နဲ့ တွဲနေတဲ့အမြှေးပါး Membrane မှာပါတဲ့ Membrane Protein ဖြစ်ပါ တယ်။ အခွံရဲ့အထဲမှာတော့ Nucleocaspid Protein နဲ့ မျိုးဗီဇ Genetic Material သယ်ဆောင်တဲ့ အရာပါပါတယ်။ အဲဒီအထဲမှာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က မှတ်မိပြီး တိုက်ခိုက်ဖို့ အလွယ်ဆုံးက ထွက်နေတဲ့ ဆူးချွန်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ရဲ့သဘာဝက ဒီဆူးချွန်တွေ မှာပဲ မျိုးပြောင်းနေတဲ့ အတွက် ကူးစက်မှုမြန်တာနဲ့ သေဆုံးမှုမြန်တာတွေ ဖြစ်ပေါ်နေတာပါ။ 
အဓိက   ကာကွယ်ဆေးတွေ   ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို တင်ပြချင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ    ခုခံအားစနစ်ဆိုတာ  ရှိတယ်။ ခုခံအားစနစ်က ရောဂါဝင်ရောက်လာလို့ ပြန်လည်တိုက်ဖျက်တဲ့အခါ ပဋိပစ္စည်းတွေ ထုတ်လုပ်ပြီးတိုက်ရတာရှိတယ်။ နောက်တစ်ခုအနေနဲ့ အချို့ဆဲလ်တွေ ကိုယ်တိုင်အလုပ်လုပ်ပြီး တိုက်ခိုက်ရတာရှိတယ်။ 

 


ဒီရောဂါက   အရိုင်းပိုးအနေနဲ့  ဝင်လာတဲ့အခါ  ခန္ဓာကိုယ်မှာရှိတဲ့ တုံ့ပြန်မှုစနစ်တွေက သူ့အတွက် အဆင်သင့်ဖြစ်မနေသေးဘူး။  အဲဒီအခါ ဗိုင်းရပ်စ်တွေက ဆဲလ်ထဲကို ဝင်ပြီးပွားလာတော့ ခန္ဓာကိုယ်ရဲ့ခုခံအား စနစ်ကလည်း သူ့ကို တုံ့ပြန်တယ်၊ များသောအားဖြင့် ၈၀ ရာခိုင်နှုန်း ပြန်ကောင်းတယ်ဆိုတာ ဗိုင်းရပ်စ်ရဲ့ပွားတဲ့ ပမာဏကို ခန္ဓာကိုယ်က ယဉ်ယဉ်လေးနဲ့    ထိန်းချုပ်လိုက်လို့ ပြန်ကောင်းတာ  ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀ ရာခိုင်နှုန်းကို ထိန်းချုပ်တဲ့အခါ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ခုခံအားစနစ်က ကစဉ့်ကလျားဖြစ်ပြီး ခုခံအားစနစ်ကိုယ်တိုင်  ခန္ဓာကိုယ် ကို ပြန်ပြီးဒုက္ခပေးတာမျိုးတွေ ဖြစ်လာပါတယ်။  ဗိုင်းရပ်စ်ကိုသတ်ဖို့ ကြိုးစားတယ်။   ကြိုးစားရင်းနဲ့  ကိုယ့်ခန္ဓာကိုယ်ထဲမှာ   ထိခိုက်မှုတွေ ဖြစ်လာတယ်။  

 


အဲဒီအခါ   ၂၀   ရာခိုင်နှုန်းက    ရောဂါပြင်းထန်တယ်။   ဒီအထဲမှာ ၅  ရာခိုင်နှုန်းက   တော်တော်ကြီးကို    ပြင်းပြင်းထန်ထန်ဖြစ်တယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့  ဆဲလ်တွေက တကယ့်ကို ကစဉ့်ကလျားဖြစ်ပြီး ထွက်လာတဲ့   ဓာတ်တွေက   ကိုယ့်ခန္ဓာကိုယ်ထဲမှာ     အဆုတ်နံရံကို ရောင်စေတာ၊ အဆုတ်ထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ အောက်ဆီဂျင်နဲ့ လဲလှယ်တဲ့၊ အသက်ရှူတဲ့ဖြစ်စဉ်ကို သွားပြီးတိုက်ခိုက်တယ်၊ အဆုတ် ကလည်း   ရောင်လာတယ်၊   ဒီလိုဖြစ်လာတဲ့အတွက်   နောက်ဆုံးမှာ အသက်သေဆုံးတဲ့အထိ   ဖြစ်လာပါတယ်။   ဒါက ဗိုင်းရပ်စ်အရိုင်းရဲ့ သဘာဝဖြစ်ပါတယ်။
ကာကွယ်ဆေးတွေ   ထုတ်လုပ်တဲ့   နည်းပညာက     ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ ဆူးချွန်မှာပါတဲ့ အသားဓာတ်ပရိုတိန်းကို ခန္ဓာကိုယ်ထဲ ထိုးထည့်ပေးလိုက်တယ်။ တချို့ဆေးတွေက ဗိုင်းရပ်စ်ရဲ့ ဆူးချွန်လေး တွေပဲ ခန္ဓာကိုယ်က ထွက်စေအောင် လုပ်တာရှိတယ်။ တချို့ကလည်း  ဗိုင်းရပ်စ်ကို အားပျော့အောင်၊ ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲမှာ လုံးဝမပွား နိုင်အောင်လုပ်ပြီး   ကိုယ်ခံအားစနစ်ကို  ယဉ်ပါးစေအောင်   လုပ်တာ ရှိတယ်။  
ဒီလို ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ရဲ့ဆူးချွန်တွေပဲ ထွက်လာတယ်။ ဒါမှမဟုတ်   ဗိုင်းရပ်စ်က   မပွားတော့ပေမယ့်    သူရဲ့အာနိသင်ပုံပန်း သဏ္ဌာန်ဓာတ်တွေရှိတော့   ဒါတွေကိုခန္ဓာကိုယ်  ခုခံအားစနစ်က သိရှိ  လေ့ကျင့်ပြီး  တဖြည်းဖြည်းနဲ့  ဒါကိုတိုက်ခိုက်လာတယ်။ တိတိကျကျ တိုက်ခိုက်နိုင်တဲ့ ပဋိပစ္စည်းတွေ ထွက်လာတယ်။ ခုခံအားဆဲလ်တွေကလည်းဗိုင်းရပ်စ်ကိုမှတ်မိသွားတယ်။ ဒါက အချိန်တော့ယူရပါတယ်။ 

 


ဒါကြောင့် ပထမတစ်ကြိမ်ထိုးပြီးရင် နောက်ထပ် ၃ ပတ် သို့မဟုတ်  ၄   ပတ်ခြားပြီးရင်   နောက်ထပ်   တစ်ခါထိုး၊   နှစ်ခါထိုးပြီးရင်   သူက တော်တော်သိတယ်။ နောက်ထပ် ၂ ပတ်ကြာတဲ့အချိန်မှာ မှတ်မိသွားပြီ၊ ဒါဝင်လာရင် နှိမ်နင်းမယ့် ကိုယ်ခံအားဓာတ်တွေ အများကြီး ခန္ဓာကိုယ် ထဲမှာ ရှိနေပြီ။
 ဗိုင်းရပ်စ်ဝင်လာရင်    အဆင်သင့်ရှိနေတဲ့       ပဋိပစ္စည်းတွေက ဗိုင်းရပ်စ်ကို အုပ်လိုက်တယ်။ အဓိက ဆူးချွန်ကိုအုပ်တာပေါ့၊ ဗိုင်းရပ်စ် ခန္ဓာကိုယ်ထဲမှာရှိတဲ့  ဆဲလ်ကိုဝင်မယ်ဆိုရင်  ဆူးချွန်တွေက အရင်ဆုံး လာတယ်။ ဆူးချွန်မှာရှိတဲ့ Spike Protein က ခန္ဓာကိုယ်ထဲမှာ မျက်စိ၊ နှာခေါင်း၊   ပါးစပ်မှာရှိတဲ့  ACE2  receptor  မှာလာပေါင်းပြီး   လူရဲ့ ဆဲလ်ထဲကိုဝင်ပါတယ်။   ဒီအခါ  အသင့်ရှိနေတဲ့     ပဋိပစ္စည်းတွေက ဆူးချွန်ကို အုပ်လိုက်တဲ့အခါ ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်ထဲ ကို ဝင်လို့မရတော့ဘူး။ ဝင်လို့မရ‌တော့ ဗိုင်းရပ်စ်က ဘယ်လိုမှ ဒုက္ခပေး လို့ မရတော့ဘူး။ ပျက်စီးသွားတယ်။ 
ဒါကြောင့်  ကာကွယ်ဆေးက အဓိကဖြစ်ပါတယ်၊ ကာကွယ်ရေး နည်လမ်းတွေကိုပြန်ကြည့်ရင် နည်းလမ်းတွေထဲမှာ ပါးစပ်နှာခေါင်းစည်း တပ်ပါ၊ လက်ဆေးပါ၊  ခပ်ခွာခွာနေပါ၊ ဒါတွေက တတ်နိုင်သမျှ ရောဂါပိုး ကိုယ့်ဆီကိုမဝင်နိုင်အောင် လုပ်တာပါ။ ဒီကြားထဲကမှ ပိုးကထပ်ပြီး ဝင်လာရင် ကာကွယ်ဆေးထိုးထားတဲ့အခါ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပဋိ ပစ္စည်းတွေက   ဝင်လာတဲ့    ဗိုင်းရပ်စ်ကို     ဖမ်းပြီးအုပ်လိုက်တဲ့အခါ  ဘယ်လိုမှပွားလို့ မရတော့ဘူး။ ရောဂါတွေ မဝင်နိုင်တော့ဘူး။ ရောဂါရဲ့  နောက်ဆက်တွဲ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကလည်း ပရမ်းပတာတွေ ဖြစ်စရာမရှိတော့ ရောဂါပြင်းပြင်းထန်ထန်ဖြစ်ပွားမှုနဲ့ သေဆုံးမှုနှုန်းက ကျသွားတယ်။ ဒါက ကာကွယ်ရေး၊ ကုသရေးမှာ ကောင်းတဲ့အချက် ဖြစ်ပါတယ်။

 


နောက်တစ်ခုက မိသားစုထဲမှာ ဘယ်လိုကောင်းကျိုးတွေရမလဲဆိုရင်  ဗိုင်းရပ်စ်က နှာခေါင်း၊ ပါးစပ်က ဝင်လာတဲ့အခါ ပဋိပစ္စည်းတွေ ချေဖျက် လိုက်တော့    မတော်တဆ    ပိုးဝင်သွားရင်တောင်မှ     ဗိုင်းရပ်စ်က သူ့ခန္ဓာကိုယ်ထဲမှာ မရေတွက်နိုင်အောင် အကောင်တွေ အများကြီး ပွားလို့ မရတော့ဘူး။ သူ့နှာခေါင်း၊ ပါးစပ်က ထွက်တာလျော့သွားမယ်။ လျော့သွားရင်   သူ့မိသားစု၊   သူနဲ့ထိတွေ့တဲ့သူတွေ   ကူးဖို့အတွက် တော်တော်အခွင့်အလမ်းနည်းသွားပြီ။ ဒါကြောင့် ကာကွယ်ဆေးတွေ သည် ကူးစက်မှုကို လျော့ကျစေတာ ဖြစ်ပါတယ်။ 
ခန္ဓာကိုယ်ထဲမှာ  ဗိုင်းရပ်စ်အကောင်တွေ အများကြီးပွားလို့မရတော့ ရောဂါပြင်းပြင်းထန်ထန် ဖြစ်ပွားမှုကလည်း အတော့်ကို လျော့ကျစေတဲ့ အရာကတော့ အလွန်ကောင်းကျိုးရှိတဲ့ကိစ္စပါ။ ကာကွယ်ဆေးတွေက  တစ်ဖက်က   ရောဂါကူးစက်မှုကိုလည်း  ဟန့်တားနိုင်တယ်။ ရောဂါ ပြင်းပြင်းထန်ထန် ဖြစ်ပွားတာကို လျော့ကျနိုင်တယ်။ သာဓကတွေလည်း အများကြီးရှိပါတယ်။ မကြာသေးခင်က တိုင်းကျန်းမာရေး ဦးစီးမှူး တစ်ယောက်ဆိုရင် ရောဂါအခံတွေလည်း ရှိတယ်။ ကာကွယ်ဆေးသာ  မထိုးထားဘူးဆိုရင် ရောဂါပြင်းပြင်းထန်ထန် ဖြစ်နိုင်တဲ့အထဲမှာပါတယ်။ အဲဒါကို   ဘာမှမဖြစ်ပါဘူး။   ကာကွယ်ဆေးတွေရဲ့    ကောင်းကျိုးက လက်တွေ့မှာလည်း သိသိသာသာ ထိရောက်ပါတယ်။ 

 


ကမ္ဘာ့နိုင်ငံကြီးတွေက ကာကွယ်ဆေးကို ရသလောက်၊ နိုင်သလောက် ထုတ်တယ်။ ကိုယ့်လူတွေ၊ ကိုယ့်နိုင်ငံသားတွေကို များများရအောင် ထိုးပေးနေပါတယ်။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောတာ Vaccine Equity ဆိုတဲ့ကိစ္စပါ၊ ချမ်းသာတဲ့ နိုင်ငံတွေမှာပဲ ကာကွယ်ဆေး လွှမ်းခြုံနိုင်မှုတွေက တက်နေတယ်။  ဆင်းရဲတဲ့  နိုင်ငံတွေမှာ လိုသေး တယ်။ များများထိုးပေးကြပါဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြား ရေးမှူးချုပ် ပြောသွားတာလည်း တွေ့ပါတယ်။ 
အဲဒီလိုကာကွယ်ဆေးတွေ အများကြီးထိုးနှံပေးနေတဲ့အခါ လူတိုင်း လူတိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ပဋိပစ္စည်းရှိတဲ့အခါ ကာကွယ်တဲ့ ဓာတ်တွေ များလာတယ်။ ပိုးက အဲဒီလူအုပ်စုထဲကို ဝင်ရောက်ဖို့ မလွယ်တော့ဘူး။ မျိုးပြောင်းလို့ ဝင်ရောက်လာခဲ့ရင်တောင် ထပ်ပြီးမျိုးပွားဖို့ မလွယ်တဲ့ အခါ အဲဒီလိုကာကွယ်ဆေးလွှမ်းခြုံမှုများတဲ့ နိုင်ငံကြီးတွေ အေးအေး ဆေးဆေး နေနိုင်ပါတယ်။ အခု  ‘ဒယ်လ်တာ’  ဝင်လာလည်း သိပ်ပြီး စိတ်မပူတော့တဲ့ အနေအထားဖြစ်နေတာကို တွေ့နိုင်ပါတယ်။ 
ကျွန်တော်တို့က   ဖွံ့ဖြိုးဆဲနိုင်ငံလည်းဖြစ်တယ်၊   များများထိုးနှံဖို့ လိုတယ်။ ဒါက ကာကွယ်ရေး အပိုင်းပါ။ ရောဂါထိန်းချုပ်ရေး အပိုင်းမှာ လည်း ဆေးထိုးထားတဲ့သူဆီက ထွက်တာကိုက နည်းသွားပြီဆို‌တော့  ကူးစက်မှုနှုန်းတွေကလည် လျော့သွားပြီ။ နောက်တစ်ခုက ကုသတဲ့ အပိုင်းဆိုရင်လည်း  ကာကွယ်ဆေးထိုးထားတဲ့သူက ဆေးရုံတက်ရတဲ့ ပမာဏက အတော့်ကိုနည်းသွားပြီ။ ဆေးရုံလည်း  မတက်ရဘူးဆိုတော့ ဆေးရုံတွေကလည်း အေးအေးဆေးဆေးပဲ။ အခုလိုနေတဲ့ အောက်ဆီဂျင် ပြဿနာတို့၊ ခုတင်မရှိတဲ့ ပြဿနာ၊ ကျန်းမာရေးဝန်ထမ်းတွေ ပင်ပန်းတဲ့ ပြဿနာတွေလည်း လျော့သွားမယ်။ ကာကွယ်ဆေးကြောင့် ဒီလိုရောဂါ ဖြစ်ပွားမှုလှိုင်းတွေကို      ရင်ဆိုင်တဲ့အခါမှာ   ကာကွယ်၊   ထိန်းချုပ်၊ ကုသတဲ့အပိုင်းမှာလည်း အားစိုက်ရတာ တော်တော်လျော့သွားပါမယ်။ 

 


ကာကွယ်ဆေးကို လူတိုင်းမရခင်ကာလမှာ ပါးစပ်နှာခေါင်းစည်း တပ်၊   လက်ဆေး၊  ခပ်ခွာခွာနေ   ဒါကို  တွဲလုပ်ရပါဦးမယ်။   ဒီနှစ်မှာ ဦးတည်တဲ့အုပ်စုရဲ့    ထက်ဝက်လောက်ကို    ထိုးနှံမယ်။    လာမယ့်နှစ် နှစ်ဝက်လောက်မှာ    ရည်ရွယ်ထားတဲ့ဦးတည်အုပ်စု     အားလုံးနီးပါး လောက်ကို ထိုးနှံနိုင်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံက ကာကွယ်ဆေး လွှမ်းခြုံမှု ကောင်းတဲ့နိုင်ငံ ဖြစ်လာမယ်။  လူအုပ်စုထဲမှာ တစ်ယောက် ကနေ   တစ်ယောက်ကူးဖို့   မလွယ်တော့ဘူး။   ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းမှာ ခုခံအား ရှိနေပြီဖြစ်လို့ပါ။ 

 


အဲဒီအခါ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဒါတွေအကုန်လုံး ပြန်ပြီး ဖွံ့ဖြိုးလာမယ်။ ကိုဗစ်ကြောင့် ပိတ်ခဲ့ရတာတွေ၊ Stay at Home  နေခဲ့ရတာတွေက ရောဂါဖြစ်ပွားမှု ကျဆင်းလာတဲ့ အပေါ်မှာ မူတည်ပြီး အကုန်လုံးတဖြည်းဖြည်းနဲ့ ပြန်ပြီးပွင့်လာမယ်။ အဲဒီအခါ ကျွန်တော်တို့ နိုင်ငံက   ကိုဗစ်ကို     ကျော်လွန်ပြီး      ပြန်လည်ဖွံ့ဖြိုးတိုးတက်တဲ့ လမ်းကြောင်းပေါ်အထိကို တက်သွားနိုင်ပါတယ်။ 
ဒါကြောင့်  ကာကွယ်ဆေးထိုးနှံရေးက  အရေးပါတဲ့  လုပ်ငန်းစဉ် ဖြစ်တယ်။    အားလုံးကလည်း     ပူးပေါင်းပါဝင်ပေးဖို့      လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် စပြီးကာကွယ်မယ်၊ မိသားစုကို ကာကွယ်မယ်၊ ရပ်ရွာ ကို ကာကွယ်မယ်။ ဒါဆိုရင် မိမိနိုင်ငံအတွက်လည်း တာဝန်ကျေပါတယ်။ ဒါကြောင့် အလွန် အကျိုးကျေးဇူးရှိတဲ့ လုပ်ငန်းဖြစ်ပါတယ်။ နောက်ထပ် လာမယ့် လှိုင်းတွေကိုလည်း မကြီးအောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါ တယ်။ 

 


အစီအစဉ်မှူး    ။    ။ ဆရာ့အနေနဲ့ အခြားဖြည့်စွက်ပြောကြားလိုတာ ရှိရင်လည်း ပြောကြားပေးပါ။
ဒေါက်တာသန်းနိုင်စိုး    ။    ။ ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့က      “လူတိုင်း             ကာကွယ်ဆေး      ထိုးသင့်တယ်”    လို့ ထောက်ခံပြောကြားထားပါတယ်။ နောက်ပြီး မိမိအတွက်ရတဲ့ ကာကွယ် ဆေးက အကောင်းဆုံးဖြစ်တယ်။ Sinopharm နဲ့ Sinovac ကာကွယ် ဆေးတွေဆိုတာ နိုင်ငံတကာကို ထုတ်ရောင်းတဲ့အခါ အမေရိကန်ဒေါ်လာ  ၃၀ ပတ်ဝန်းကျင်နဲ့ရောင်းပါတယ်။ နှစ်ခါထိုးဆိုရင် ဒေါ်လာ ၆၀ ကျော် လောက် ကျပါတယ်။ မြန်မာငွေနဲ့ဆိုရင် နှစ်ခါပြည့်ရင် ကိုးသောင်း၊ တစ်သိန်းနီးပါးကျပါတယ်။ အိန္ဒိယက ထွက်တဲ့ Covishield ကတော့ သက်သာပါတယ်။ တစ်ခါစာဆိုရင် ၄ ဒေါ်လာ၊ နှစ်ခါထိုးရင် ၈ ဒေါ်လာ လောက် ကျတယ်။
 ဒါတွေကို နိုင်ငံတော်အပိုင်း၊ အလှူရှင်တွေ အပိုင်းနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကလည်း လှူဒါန်းတာရှိပါတယ်။ ကျွန်တော်တို့က ကာကွယ် ဆေးကိုအခမဲ့ထိုးနှံရတာ ဖြစ်ပါတယ်။ ဒီလိုရနေတဲ့ အချိန်မှာ ပူးပေါင်း ပါဝင်ထိုးနှံပြီး အားလုံးအတူတူ ကာကွယ်ဖို့လိုပါတယ်။ ကိုဗစ် - ၁၉ ရောဂါကို ရေရှည်အနိုင်တိုက်နိုင်ဖို့ ကာကွယ်ဆေးထိုးနှံကြပါစို့လို့ ကျွန်တော် ဒီနေရာကနေ တိုက်တွန်း ပြောကြားလိုပါတယ်။


အစီအစဉ်မှူး    ။    ။ အခုလို  ပြည့်ပြည့်စုံစုံ   ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။