ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်ရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့် ဆွေးနွေးလျက်ရှိပြီး ဇန်နဝါရီလအတွင်း စတင်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိ

မိမိတို့နိုင်ငံတွင် အိုမီခရွန် ကိုဗစ်ဗီဇပြောင်းရောဂါပိုးများ ကူးစက်မှုမရှိသေးသော်လည်း အိမ်နီးချင်းနိုင်ငံအချို့နှင့် 
ဒေသတွင်းနိုင်ငံအချို့တွင် ကူးစက်မှုများရှိနေသဖြင့် နိုင်ငံအတွင်း ကူးစက်မှုမရှိစေရေး သတိထားဆောင်ရွက်

နေပြည်တော်  ဒီဇင်ဘာ  ၁၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၁၈/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင်  နေပြည်တော်ရှိ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့်    ဗိုလ်ချုပ်ကြီးမြထွန်းဦး၊    ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊  ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊   ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်  ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်  တွဲဖက်အတွင်းရေးမှူး  ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ တက်ရောက်ကြသည်။


တစ်ကြိမ်နှင့်အထက်ဆေးထိုးနှံပြီးသူ ၁၈၃၅၅၃၃၀ ဦးဖြစ်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က အဖွင့် အမှာစကားပြောကြားရာတွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး နှင့်ပတ်သက်၍ နိုင်ငံတော်မှ ဝယ်ယူမှု၊ ပြည်ပနိုင်ငံများမှ နိုင်ငံတော်နှင့်တပ်မတော်သို့လှူဒါန်းမှု၊ ပုဂ္ဂလိကလှူဒါန်းမှုနှင့်  မြန်မာ-တရုတ် နယ်စပ်ဒေသအတွက် တရုတ်-မြန်မာချစ်ကြည်ရေးအသင်းက လှူဒါန်း မှုများ အပါအဝင် ကိုဗစ် - ၁၉  ရောဂါကာကွယ်ဆေးရောက်ရှိမှုမှာ စုစုပေါင်း ၄၂၇၇၁၆၀၀ ရှိပြီဖြစ်ကြောင်း၊ ရုရှားနိုင်ငံမှဝယ်ယူထားသည့် ကာကွယ်ဆေးအလုံးရေ တစ်သန်းမှာလည်း ယခုလအတွင်းရောက်ရှိရန် ရှိပြီး တရုတ်နိုင်ငံမှလည်း ကာကွယ်ဆေးများထပ်မံလှူဒါန်းပေးမည် ဟု သိရှိရကြောင်း၊ ဂျပန်နိုင်ငံ Nippon Foundation မှလည်း ကာကွယ် ဆေး အလုံးရေ နှစ်သန်းလှူဒါန်းပေးသွားမည်ဖြစ်ပြီး ယခုလတွင် တစ်သန်း၊ ဇန်နဝါရီလတွင်  တစ်သန်းရောက်ရှိမည်ဟု   သိရှိရကြောင်း၊  မိမိတို့ နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံပြီးမှု Doses အရေအတွက် ၃၁၀၄၉၂၇၅၊ လက်ကျန် Doses အနေဖြင့် ၁၁၇၂၂၃၂၅ ဖြစ်ပြီး  နှစ်ကြိမ်အပြည့်ဆေး ထိုးနှံပြီးသူ ၁၂၆၉၃၉၄၅ ဦး၊  တစ်ကြိမ်ထိုးနှံပြီးသူ  ၅၆၆၁၃၈၅ ဦး ဖြစ်သဖြင့် တစ်ကြိမ်နှင့်အထက် ဆေးထိုးနှံပြီးသူ ၁၈၃၅၅၃၃၀  ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် ယခုနှစ်ဒီဇင်ဘာလအတွင်း တစ်နိုင်ငံလုံး ၁၈ နှစ်အထက် လူဦးရေ၏ ၅၀ ရာခိုင်နှုန်း ထိုးနှံပြီးစီးနိုင်ရေး ဆောင်ရွက် လျက်ရှိပြီး မျှော်မှန်းထားသည်ထက် ကျော်လွန်နိုင်မည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ Booster ထိုးနှံလိုသူများ အနေဖြင့်လည်း သတ်မှတ်စည်းကမ်းများနှင့်အညီ ပုဂ္ဂလိကဆေးရုံများ၌ ထိုးနှံနိုင်ရေး ခွင့်ပြုပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများမဖြစ်စေရေးအတွက် အသိ အမှတ်ပြုထားသော ဆေးဝါးများဖြစ်စေရေး ပုဂ္ဂလိကဆေးရုံများနှင့် ဆေးခန်းများအနေဖြင့်လည်း သတ်မှတ်စည်းကမ်းများအား လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း။


ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်ရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့် ဆွေးနွေးလျက်ရှိပြီး ဇန်နဝါရီလအတွင်း စတင်ထုတ် လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးစတင်ထုတ်လုပ်ချိန်မှစ၍ တစ်လလျှင်ဆေးအလုံးရေ ငါးသန်း ထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် အိုမီခရွန် ကိုဗစ်ဗီဇပြောင်း ရောဂါပိုးများ ကူးစက်မှုမရှိသေးသော်လည်း အိမ်နီးချင်းနိုင်ငံအချို့နှင့် ဒေသတွင်းနိုင်ငံအချို့တွင်  ကူးစက်မှုများရှိနေသဖြင့်  နိုင်ငံအတွင်း ကူးစက်မှုမရှိစေရေး သတိထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကာကွယ် ဆေးထိုးနှံထားသူများတွင်  ထိခိုက်မှုနှုန်းနည်းပါးသည်ဟု  သိရှိရ ကြောင်း၊ ရောဂါကူးစက်မှု များပြားလာပါက အဆင်သင့်ကုသနိုင်ရေး ဆေးရုံ၊ ဆေးခန်းများကိုလည်း  ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် ထားပြီးဖြစ်ကြောင်း။


အချိန်မီဖမ်းဆီးဖော်ထုတ်နိုင်ခဲ့


အကြမ်းဖက်သတ်ဖြတ် တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ထိရောက်စွာ ဟန့်တား ထိန်းချုပ်နိုင်ရေးနှင့် ဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး အများစုကို အချိန်မီဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ကြောင်း၊ မိမိတို့ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်၏တာဝန်ကို ယူထားခြင်း ဖြစ်ပြီး တပ်မတော်က တိုက်ရိုက်မအုပ်ချုပ်ဘဲ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ အရပ်သားအများစုကိုသာ  တာဝန်ပေးအပ်ထားခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို  ကျင့်သုံးဆောင်ရွက်နေခြင်းဖြစ်သဖြင့်  ဥပဒေနှင့် အညီသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအတွက်  သက်ဆိုင်ရာဝန်ကြီးဌာနများက  ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ထိရောက်စွာ ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ပြည်သူများနှင့်ဆက်ဆံရာ တွင်လည်း  ကောင်းမွန်ပြေပြစ်သော ဆက်ဆံရေးဖြင့် ဆောင်ရွက်သွားရန် လိုပြီး တတ်နိုင်သမျှ ပြည်သူများအပေါ်စိတ်ရှည်စွာဖြင့် လုပ်ပေးနိုင် သည်ကို စီမံဖြည့်ဆည်းပေးရန်လိုကြောင်း၊ အုပ်ချုပ်မှုနှင့်ပတ်သက်၍ ဥပဒေအရ၊  ဒီမိုကရေစီနည်းလမ်းအရ  နားလည်အောင် အသိပညာ ပေးခြင်းဖြင့်  တရားဥပဒေစိုးမိုးရေးနှင့်   လုံခြုံရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုများနှင့်ပတ်သက် ၍လည်း အမြဲမပြတ် ဖော်ထုတ်ဖမ်းဆီးပြီးထုတ်ပြန်၍ရသည့် သတင်း များကိုလည်း စဉ်ဆက်မပြတ် ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ပြည်သူ များကို  အကြမ်းဖက်တိုက်ခိုက်ခြင်းသည်   အောက်တန်းကျသည့်  လုပ်ရပ်ဖြစ်ပြီး လူထုကိုအကြောက်တရားဖြစ်အောင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ပြည်သူကိုခြိမ်းခြောက်၍ အကြောက် တရားဖြစ်အောင် ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီနှင့်ဖြောင့်ဖြောင့်ကြီး  ဆန့်ကျင်လျက်ရှိကြောင်း၊    အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပြည်သူများအားလုံးနှင့် တာဝန်ရှိသောအုပ်ချုပ်ရေးအဖွဲ့အစည်းများအားလုံး ပူးပေါင်း၍ စုပေါင်းအားဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း။


အကြမ်းဖက်လမ်းစဉ်ဖြင့် တုံ့ပြန်ဆောင်ရွက်လာ


ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား ယခုလ ၆ ရက်နေ့က ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ်လေးနှစ်စီ အသီးသီးချမှတ်ခဲ့ပြီး နှစ်နှစ် လျှော့ပေါ့ပေးခဲ့ကြောင်း၊ ကျန်ရှိသည့်အမှုများကို  ဆက်လက်စစ်ဆေး နိုင်ရန်အတွက် အကျဉ်းထောင်သို့ ပို့ဆောင်ခြင်းမရှိဘဲ ယခုလက်ရှိနေရာ  တွင်သာ ဆက်လက်ထားရှိရန် ဆောင်ရွက်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးဝင်မြင့်တို့အား အမှုစစ်ဆေးနေချိန်ကာလမှ စီရင်ချက် ချမှတ်သည့်အချိန်အထိ သတ်မှတ်ချက်များအတိုင်း ၎င်း၏ရှေ့နေများနှင့် လွတ်လပ်စွာ တွေ့ခွင့်ပေးထားကြောင်း၊ အဆိုပါရှေ့နေများမှတစ်ဆင့် လက်ရှိနိုင်ငံရေးဖြစ်စဉ်များ၊ အကြမ်းဖက်ကိစ္စများနှင့် CRPH၊ NUG အဖွဲ့များ   ဖွဲ့စည်းသည်ကို    သိရှိပြီးဖြစ်မည်ဟု   ယူဆပါကြောင်း၊            ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း  ရှေ့နေများမှတစ်ဆင့် ၎င်း၏ မှတ်ချက်များပေးနိုင်သည့် အခွင့်အရေးရှိကြောင်း၊ မိမိတို့အနေဖြင့် စတင်တာဝန်ယူချိန်တွင်   ရွေးကောက်ခံကိုယ်စားလှယ်များအား လွတ်လပ်စွာဖြင့်ထားရှိခဲ့ပြီး ၎င်းတို့၏နေရပ်များသို့ ပြန်ပို့ပေးခဲ့ကြောင်း၊ ထိုသို့ပြန်လည်စေလွှတ်ပြီးချိန်တွင် အချို့ပုဂ္ဂိုလ်များမှာဥပဒေအရ ရင်ဆိုင်ခြင်းမရှိဘဲ ၎င်းတို့အနေဖြင့် အကြမ်းဖက်လမ်းစဉ်ဖြင့် တုံ့ပြန် ဆောင်ရွက်လာခြင်းဖြစ်ကြောင်း။


မှတ်ပုံတင်မပါဘဲ မဲပေးခဲ့သူ သုံးသန်းကျော်ရှိခဲ့


၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုပြဿနာများဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ဖြစ်ပေါ်ရာတွင် မှတ်ပုံတင်မပါဘဲ မဲပေးခဲ့သူ သုံးသန်းကျော်ရှိခဲ့သဖြင့် မဲပေးခွင့်ရှိသူများ အားလုံး နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် တစ်ဖက်နိုင်ငံသို့ထွက်ခွာ သွားသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအား ပြန်လည်ဖွဲ့စည်း၍ ဆောင်ရွက်လျက် ရှိကြောင်း၊  နိုင်ငံသားမှတ်ပုံတင်များ    ပြုလုပ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့်   စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားများအားလုံး  နိုင်ငံသားမှတ်ပုံတင်များ  ရရှိရန်အရေးကြီး ကြောင်း။


အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အခြေခံ ရပ်ကွက်/ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် စသည်ဖြင့် အဆင့်ဆင့်ဆောင်ရွက်လျက် ရှိပြီး အဓိကအကျဆုံးမှာ ခရိုင်အဆင့် ဖြစ်ကြောင်း၊ ထို့ကြောင့် ထိရောက် သောဒေသဖွံ့ဖြိုးမှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ခရိုင်အဆင့်ရုံးများ ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး သတ်မှတ်ချက်များနှင့်အညီ  ခရိုင်အဆင့်ရုံးများ ထပ်မံတိုးချဲ့ဖွင့်လှစ် နိုင်ရေး ကောင်စီအဖွဲ့ဝင်များအနေဖြင့် အကြံပြုပေးကြရန် အသိပေး ပြောကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက္ကသိုလ်၊ ကောလိပ် များ ပြန်လည်                                            

v စာမျက်နှာ ၃ မှ
ဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် ­­­“တက္ကသိုလ်၊ ကောလိပ်၊ အခြေခံကျောင်းတွေနဲ့ပတ်သက်ပြီး  အခုအခြေခံပညာကျောင်းတွေ ကတော့ ကျွန်တော် တို့ဖွင့်ပါပြီ။ ဖွင့်နိုင်ပြီ။ တက္ကသိုလ်၊ ကောလိပ်တွေ ထဲမှာ  ကျွန်တော်တို့ပညာရေးနဲ့  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အောက်ကမဟုတ်တဲ့  တက္ကသိုလ်၊  ကောလိပ်တွေ၊  ယဉ်ကျေးမှု တက္ကသိုလ်လိုဟာမျိုး။ ယဉ်ကျေးမှုဝန်ကြီးဌာနပေါ့။  နောက်တစ်ခါ လယ်ယာစိုက်ပျိုးရေး၊ သစ်တောရေးရာဝန်ကြီးဌာန၊ မွေးမြူရေးဝန်ကြီး ဌာန ကနေပြီးတော့ တက္ကသိုလ်တွေဖွင့်ဖို့လည်း ကျွန်တော်တို့ခွင့်ပြုပေးတာတွေရှိပါတယ်။  နောက် သံဃာနဲ့ပတ်သက်တဲ့ သံဃာ့တက္ကသိုလ် တွေ ဖွင့်ခွင့်ပေးတာတွေရှိပါတယ်။ အကြမ်းဖျင်းက ဇန်နဝါရီပထမ ပတ် မှာ  တက္ကသိုလ်တွေစပြီးဖွင့်ပါမယ်။ အဲဒီတော့ တက္ကသိုလ်ဖွင့်လှစ် ရေးနဲ့ပတ်သက်ပြီးတော့  အဓိကက  ကိုဗစ်ကိုထိန်းနိုင်ဖို့ကတော့ တော်တော်လေး အဓိကကျပါတယ်။ အဲဒီတော့   ကိုဗစ်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ကြည့်တဲ့အခါကျတော့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ၄၂၃ ယောက် ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂ ရက်နေ့မှာ ၅၂၁ ယောက် ဖြစ်ပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့မှာ ၄၀၂ ယောက် ဖြစ်ပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့မှာ ၃၇၄ ယောက်ဖြစ်တယ်။

ဒီဇင်ဘာ ၅ ရက်နေ့မှာ ၂၈၅ ယောက်ဖြစ်တယ်။ ဒီဇင်ဘာ ၆ ရက်နေ့မှာ ၂၃၀ ဖြစ်တယ်။ ဒီဇင်ဘာ ၇ ရက်နေ့မှာ ၃၆၇ ယောက်။ ဒီဇင်ဘာ ၈ ရက်နေ့မှာ ၃၉၈ ယောက်။ ဒီဇင်ဘာ ၉ ရက်နေ့မှာ ၃၄၇ ယောက်။ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ၂၇၄ ယောက်။ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ၃၇၅ ယောက်။ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ၂၈၀  ဖြစ်ခဲ့တယ်။ ဆိုတော့  သိပ်တော့မငြိမ်သေးဘူးဆိုတာသွား ဖော်ပြနေတယ်။   ၃၀၀ ကျော်နဲ့ ၄၀၀ ကျော်နဲ့ ၅၀၀ ကျော်နဲ့ ဒီလိုဖြစ်နေပါတယ်။  အဲဒီတော့  ဖြစ်နိုင်လို့ရှိရင် ၂၀၀ နဲ့အောက်ကို  နှစ်ရာခိုင်နှုန်းအောက်မှာ ငြိမ်ဖို့လိုတာ ပေါ့။  မနေ့ကဆိုရင်  နှစ်ရာခိုင်နှုန်းအထက်တွေ  ပြန်ရောက်လာတာ ကျွန်တော်တို့တွေ့တယ်။   ကျွန်တော်တို့   ကိုဗစ်နဲ့ပတ်သက်ပြီး          ကျောင်းတွေ ဖွင့်မယ်ဆိုရင်တော့  ကိုဗစ်ထိန်းချုပ်ရေးက တော်တော် လေးကို အလေးထားလုပ်ရမယ့် အနေအထားရှိပါတယ်။  အားနာလို့ မရပါဘူး။ ဒါလည်း ကျွန်တော် Cabinet မှာလည်း ကျွန်တော် တို့ပြောခဲ့ ပါတယ်။  ကျွန်တော်သက်ဆိုင်ရာ  ပြည်နယ်နဲ့တိုင်းတွေ    ရောက်တဲ့ အချိန်မှာလည်း ကျွန်တော်တပ်မတော်ကအဖွဲ့တွေကိုလည်း ကျွန်တော် အကုန်မှာပါတယ်။  မင်းတို့အားမနာနဲ့၊ ငါတို့ ရေရှည် ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းတွေမှာ   အများကြီးအနှောင့်အယှက်ဖြစ်သွားနိုင်တယ်။  ဒါကြောင့် ကိုဗစ်ထိန်းချုပ်ရေးနဲ့ပတ်သက်ရင် အားမနာပါနဲ့၊  ကိုင်ပါလို့ ကျွန်တော်ပြောထားတာရှိပါတယ်။ တစ်ဖက်ကလည်း ဒီကိုဗစ်မဖြစ်အောင်လုပ်ဖို့လိုသလို   တစ်ဖက်ကလည်း    ကိုဗစ်ရဲ့အခြေအနေ။ ဥပမာအားဖြင့် ကျွန်တော်တို့က Third Wave ဖြစ်ပြီးတော့ Fourth Wave  မှာ  ကျွန်တော်တို့မှာမဖြစ်လိုက်ဘူး။Third Wave နဲ့ကျွန်တော်တို့ ပြီးသွားတယ်။ အိုမီခရွန်လည်း ဒီလိုပဲ။ ဒါပေမဲ့ အခြားနိုင်ငံမှာ နိုင်ငံပေါင်း ၄၀ ကျော် ၅၀ လောက်တွေ့နေပြီ။ ကျွန်တော်တို့သတိထားရမယ့်အနေ အထားတော့ရှိတယ်။ အဲဒီတော့ ဘာပဲပြောပြော ကိုယ့်ဘက်ကတော့ ဆေးရုံတွေဘာတွေက    အကုန်ပြင်ထားဖို့လိုပါတယ်။   ဒါကြောင့် ကျွန်တော်ကျန်းမာရေးဝန်ကြီးဌာနက  ဆေးရုံတွေ၊  ကျွန်တော်တို့ တပ်မတော်ဆေးရုံတွေအားလုံးကို    ဒီကိုဗစ်နဲ့ပတ်သက်ပြီးကုဖို့ သီးခြားနေရာတစ်ခု လုပ်ခိုင်းထားပါတယ်။ သီးခြား နေရာတွေ၊ Oxygen Plant တွေ  အကုန်လုံးရှိရမယ်။   ဆရာဝန်တွေအကုန်လုံးရှိရမယ်။    ကိုဗစ်မရှိလို့မလုပ်ဘူးဆိုပြီး သွားမလုပ်နဲ့။   ဖြစ်ကာမှ  မျက်ကလူး ဆန်ပျာနဲ့။ ဘယ်မှာမှရှာမရ။ ဟိုပစ္စည်းသုံးမရ။ ဒီပစ္စည်းကသုံးမရ။ ဟိုဟာကရှာမရ။  ဒီဟာကရှာမရနဲ့။   ကျွန်တော်တို့တော်တော်ကို အခက်အခဲဖြစ်ခဲ့ဖူးတယ်။  ဒါလည်း   ပြည်နယ်နဲ့  တိုင်းအလိုက်က နည်းနည်းပြန်ပြီး စစ်ဆေးကြပ်မတ်ပေးဖို့ ကျွန်တော်ပြောလိုပါတယ်။  အဲဒါတွေအပေါ် မူတည်ပြီးတော့  ကောင်းတယ်ဆိုရင်၊  အခြေအနေ ကောင်းတယ်ဆိုရင် ကောလိပ်တွေ၊ တက္ကသိုလ်တွေ ကျွန်တော်တို့ လာမယ့်ဇန်နဝါရီလ   ပထမပတ်ထဲမှာ  ကျွန်တော်တို့ဖွင့်ပါမယ်။ လွတ်လပ်ရေးနေ့ပြီးရင် ကျွန်တော်တို့ဖွင့်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ပြောကြားသည်။


အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး


ဆက်လက်၍ ကျောင်းသား  ကျောင်းသူများ  လုံခြုံမှုရှိစွာဖြင့်        ကျန်းကျန်းမာမာပညာသင်ကြားနိုင်ရေး  လိုအပ်ကြောင်း၊ အလားတူ ကျောင်းသားများ အမှန်တကယ်တတ်မြောက်ရေးအတွက် ကျောင်း ခေါ်ချိန်ပြည့်မီရေးသည်လည်း အရေးကြီးသဖြင့် ကျောင်းခေါ်ချိန်အားကန့်သတ်ဆောင်ရွက်ရန်လိုကြောင်း၊ အခြေခံပညာကျောင်းများအား ၇၈ ရာခိုင်နှုန်း  ပြန်လည်ဖွင့်လှစ်နိုင်ပြီး ဖွင့်လှစ်ရန်   ၂၂ ရာခိုင်နှုန်း ကျော်ခန့် ကျန်ရှိနေသေးကြောင်း၊ ဥပမာအားဖြင့် နေပြည်တော်ကောင်စီ နယ်မြေတွင်      ရာခိုင်နှုန်းပြည့်ဖွင့်လှစ်နိုင်ပြီး ကျန်ရှိသည့် ကျောင်းများ မှာ ဧရာဝတီတိုင်းဒေသကြီးတွင် နှစ်ကျောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ၃၂ ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၃၇ ကျောင်းနှင့် အခြားတိုင်း ဒေသကြီးနှင့် ပြည်နယ်အချို့တို့ရှိ စာသင်ကျောင်းများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါအခြေခံပညာကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်လည်း အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း။ 


မြေယာကိစ္စနှင့်ပတ်သက်၍   ခေတ်အဆက်ဆက်တွင် စိုက်ပျိုး  မွေးမြူရေးလုပ်ငန်းများအကြောင်းပြ၍   မြေလျှောက်ခြင်းများနှင့် တရားမဝင်မြေယာကျူးကျော် နေထိုင်မှုများရှိခဲ့ပြီး အချို့နေရာများတွင် အိမ်ရာစီမံကိန်းများအကြောင်းပြ၍ မြေများရယူထားရှိမှုများရှိကြောင်း၊ သို့သော် အချို့နေရာများတွင် စီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများမရှိခြင်းနှင့် စိုက်ပျိုးမြေများအပေါ်တွင် ဥပဒေကို ကျော်၍ အခြားနည်းများဖြင့် အသုံးပြုခြင်းများဖြစ်ပေါ်လျက်ရှိသည်ကို သိရှိရကြောင်း၊ ထိုသို့ဆောင်ရွက်နေမှုများအပေါ် တာဝန်ရှိသူများက ဥပဒေ၊  စည်းမျဉ်း၊  စည်းကမ်းများနှင့်အညီ    ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း ပြောကြားသည်။


ရှင်းလင်းတင်ပြ


ထို့နောက်   ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်  ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊  ဒေါက်တာဗညားအောင်မိုးနှင့်  ဦးရွှေကြိမ်းတို့က အကြမ်းဖက်အဖွဲ့အစည်းများကို   ထောက်ခံအားပေးသူများတွင် အချို့သော ပုဂ္ဂလိကကျောင်းများနှင့် ကျောင်းဆရာများပါဝင်နေသည့် အတွက် ကိုယ်ပိုင်ကျောင်းများ မှတ်ပုံတင်ခြင်းဥပဒေကို ပြန်လည်စိစစ် သွားရေး၊ မဲစာရင်းလိမ်လည်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အမှုစစ်ဆေးဆဲ ကာလတွင်  အများပြည်သူ  ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် သတင်း ထုတ်ပြန်ပေးနိုင်ရေး၊  မဲမသမာမှု ကျူးလွန်ခဲ့သူအဆင့်အဆင့်အား သက်ဆိုင်ရာဥပဒေများဖြင့် အရေးယူဆောင်ရွက်ရေး၊  မြန်မာ - တရုတ် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ   ပြန်လည်စတင်နိုင်ရေးအတွက် ကိုယ်စားလှယ်အဖွဲ့စေလွှတ်၍ ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားရေး၊ ကုန်စည်သယ်ယူပို့ဆောင်မှု စရိတ်စကများ သက်သာမှုရှိစေရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ဈေးမှန်ရရှိစေရေး၊ လမ်းပန်းဆက်သွယ်မှုများ လျင်မြန်ချောမွေ့စေရေးအတွက် မြန်မာနိုင်ငံ အရှေ့၊ အနောက် မီးရထား လမ်းများနှင့် ကားလမ်းများ ထပ်မံဖောက်လုပ်ရေး၊  ကမ်းရိုးတန်း ဒေသတစ်လျှောက် သန္တာကျောက်တန်းနှင့် ဒီရေတောများ ထိန်းသိမ်း ရေးအတွက် နိုင်ငံတော်က အားပေးဆောင်ရွက်သွားရေး၊ လူငယ်ရေးရာ ကော်မတီများမှ လူငယ်မူဝါဒကို ထိထိရောက်ရောက်အကောင်အထည် ဖော်ဆောင်နိုင်ရေး၊  တိုင်းရင်းသားလူမျိုးများ၏  အားကစားနည်း များကိုဖော်ထုတ်၍ ပွဲတော်များတွင် ထည့်သွင်းကျင်းပသွားနိုင်ရေး၊ မြေအောက်အပူစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး အတွက် ကျွမ်းကျင်ပညာရှင်များဖြင့် ဆွေးနွေးသွားရေး၊ မင်းတပ်ဒေသ တွင် ဝဥ နှင့်  တွဲဖက်စိုက်ပျိုးနိုင်သည့်   သီးနှံအမျိုးအစားများကို သုတေသနပြုလုပ်ပေးရေး၊  ဝဥ စိုက် တောင်သူများအတွက် စိုက်ပျိုး စရိတ်ချေးငွေများ ရရှိနိုင်ရေး၊ လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာများတွင် အချိန်နှင့် တစ်ပြေးညီ သတင်းမှန်ပြန်ကြားပေးနိုင်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ များအတွင်း ဒေသအခြေအနေအရ လိုအပ်သောဌာနဆိုင်ရာ အစိုးရရုံး အဖွဲ့များ တိုးချဲ့ဖွဲ့စည်းနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြ သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြား ရာတွင် မြေအောက်အပူစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း ကိစ္စနှင့်ပတ်သက်ပြီး လေ့လာသုံးသပ်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏ အားကစားနည်းများ  ဖော်ထုတ်ရေးကိစ္စကို  အားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  မြဝတီ - မဲဆောက်မှ ရန်ကုန်ကို ဖြတ်ပြီး ငရုပ်ကောင်းဘက်သို့သွားသည့် လမ်းနှင့်ပတ်သက်၍လည်း ဆက်လက်ဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးပြီးဖြစ်ကြောင်း။


ကျေးလက်လမ်း၊ ကျေးရွာချင်းဆက်လမ်း၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်းလုပ်ငန်းများကိုလည်း   ဆက်လက်ဆောင်ရွက်နေ ကြောင်း၊ တောင်သူများ၏ စိုက်ပျိုးရေးထွက်ကုန်များ ဈေးကောင်း ရရှိရေးအတွက် ကျေးလက်မှ       တိုက်ရိုက်ရောင်းချနိုင်သည့် ကုန်ထုတ်သမဝါယမစနစ်ကို ထူထောင်ရန် လုပ်ဆောင်နေကြောင်း၊ ၂၀၀၈ ခုနှစ်တွင်ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်း ကြောင့် သေဆုံးသူအများစုသည် လေကြောင့်သေဆုံးခြင်းထက် ရေကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ ဧရာဝတီတိုင်းမှ လမုပင်များ အဟောသိကံ ထုတ်ပြီး မီးသွေးဖုတ်၊ ထင်းခုတ်ခဲ့သဖြင့် အစားထိုးပြန်လည်စိုက်ပျိုးမှု အားနည်းကာ ပင်လယ်ရေကိုမတားဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ နောင်တွင် အလားတူအန္တရာယ်များကို ကာကွယ်တားဆီးနိုင်ရန် အကောင်းဆုံး နည်းလမ်းမှာ ဒီရေတောများ ဖြစ်ထွန်းအောင်စိုက်ပျိုးခြင်းနှင့်    ရှိပြီးသား ဒီရေတောများ   ထိန်းသိမ်းခြင်းများကို  ဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ်  ကြိုတင်ကာကွယ်နိုင်ရေး  ဧရာဝတီ၊ ရခိုင်၊ ရန်ကုန်၊ မွန်နှင့် တနင်္သာရီကမ်းရိုးတန်းဒေသများတွင် လမုပင်များ၊ အုန်းပင်များစိုက်ပျိုးရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ အုန်းထွက်ပစ္စည်း များသည် များစွာအသုံးဝင်ပြီး တန်ဖိုးလည်းရှိကြောင်း၊ မြစ်ဝကျွန်းပေါ် တစ်လျှောက်လုံးတွင် အုန်းပင်နှင့် လမုပင်များ စိုက်ပျိုးရမည်ဖြစ်ကြောင်း။


သစ်တောများကိုပြန်လည်ထိန်းသိမ်း


သစ်တောများကိုပြန်လည်ထိန်းသိမ်း၍ မိမိတို့နိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှု ၄၁ ရာခိုင်နှုန်းမှ ပိုမိုတိုးတက်လာအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သစ်တောများကို မူလအခြေအနေအထိ ပြန်လည်ရောက်ရှိ အောင် ကြိုးစားထိန်းသိမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြေနှင့် ပတ်သက်၍ မြေကို အကျိုးရှိစွာအသုံးချနိုင်ရန် မြေယာစီမံခန့်ခွဲမှုကို စနစ်တကျဆောင်ရွက်ရမည်ဖြစ်ကြောင်း။


ရွေးကောက်ပွဲ  မဲမသမာမှုများနှင့်ပတ်သက်၍လည်း  ပြည်တွင်း ပြည်ပကသိရှိအောင် ဆောင်ရွက်နေကြောင်း၊ ရွေးကောက်ပွဲတွင် မမှန် မကန်ဆောင်ရွက်ခဲ့သည့် တာဝန်ရှိသူများနှင့် ပါဝင်ပတ်သက်သူများကို လည်း အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ အချိုးကျကိုယ်စားပြုစနစ် နှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ များ ဆက်လက်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများ နှင့် စီးပွားရေးကုန်သွယ်မှု  မြှင့်တင်နိုင်ရေးအတွက်  အလေးထား ဆောင်ရွက်နေကြောင်း၊ မြန်မာကျပ်ငွေနှင့် ၎င်းတို့နိုင်ငံသုံးငွေ တိုက်ရိုက် ပေးချေနိုင်ရန် အိန္ဒိယ၊ ထိုင်း၊ တရုတ်နိုင်ငံတို့နှင့် သဘောတူလက်မှတ် ရေးထိုးပြီးဖြစ်ကြောင်း၊ နိုင်ငံ၏စီးပွားရေး ပြန်လည်ကောင်းမွန်လာ အောင် ဘက်ပေါင်းစုံမှ အတတ်နိုင်ဆုံး ဆောင်ရွက်နေကြောင်း။ 


ချင်းပြည်နယ်အတွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ရရှိနိုင်ရေးနှင့် မဏိပူရရေအားလျှပ်စစ်စီမံကိန်းမှ ဓာတ်အားထုတ်လုပ် နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင်ကလေးကျောက်မီးသွေး စက်ရုံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးနှင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အစပ်တွင် ရေအားလျှပ်စစ်စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရေး  ဆောင်ရွက်လျက်ရှိကြောင်း၊  ရွှေ့ပြောင်းတောင်ယာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍  တောတောင်များ  မပြုန်းတီးစေရေးနှင့် ရေဝေရေလဲဒေသများ ကာကွယ်ရေးကို ထိန်းသိမ်းဆောင်ရွက်သွားရန် လိုကြောင်း၊ လူမှုကွန်ရက်စာမျက်နှာများကို အသုံးပြု၍ သတင်းအမှန် ထုတ်ပြန်နိုင်ရေးနှင့်စပ်လျဉ်း၍ ထိထိရောက်ရောက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ဒေသအလိုက် လိုအပ်ချက်အရ ဒေသအဆင့် အဆုံးအဖြတ်ပေးနိုင်မည့် ခရိုင်ရုံးများ အဖြစ်   သတ်မှတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ဆွေးနွေး ပြောကြားသည်။


နိဂုံးချုပ်အမှာစကားပြောကြာ


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့အစိုးရ၏ နိုင်ငံရေးရည်ရွယ်ချက်နှစ်ခုမှာ      တိုင်းပြည်သာယာဝပြောရေးနှင့်  တိုင်းပြည်     စားနပ်ရိက္ခာဖူလုံရေးဖြစ်ကြောင်း၊    ဒေသအလိုက် စားနပ်ရိက္ခာဖူလုံရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများသည် ပြည်သူ ပြည်သားများ စားနပ်ရိက္ခာဖူလုံ စေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များအနေဖြင့်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဆွေးနွေးဖော်ဆောင် သွားကြစေလိုကြောင်း။


မိမိတို့နိုင်ငံတွင် ၁၉၉၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နိုင်ငံအတွင်းရှိ ဆေးတက္ကသိုလ်များမှ မွေးထုတ်ပေးခဲ့သည့် ဆရာဝန်များ ၃၀၀၀၀ ကျော်ရှိသော်လည်း  နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူ ၁၀၀၀၀ ခန့်သာရှိသည့်အတွက် ထက်ဝက်ပင်မရှိသည်ကို တွေ့ရကြောင်း၊ အဆိုပါဆရာဝန်များသည် ယခုအခါ အသက်အားဖြင့် ၅၅ နှစ်ဝန်းကျင် သာရှိမည်ဖြစ်၍   နိုင်ငံ့တာဝန်ကို  ကောင်းစွာထမ်းဆောင်နိုင်သည့် အရွယ်များပင်ဖြစ်သော်လည်း နိုင်ငံ့တာဝန်ကို ထမ်းဆောင်မှုမပြုသဖြင့် တိုင်းပြည်အတွက်   များစွာနစ်နာရကြောင်း၊  ထို့ကြောင့် လာမည့်  တက္ကသိုလ်ဝင်တန်းစာမေးပွဲ   ခေါ်ဆိုရာတွင် အင်္ဂလိပ်၊  ဇီဝဗေဒနှင့် ဓာတုဗေဒဘာသာရပ်များတွင် အမှတ်ကောင်းသူများကို ဆေးတက္ကသိုလ် ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့်ပေးသွားမည်ဖြစ်ပြီး ထိုသို့ ဆေးတက္ကသိုလ် သို့ တက်ရောက်ပညာသင်ကြားရာတွင်လည်း ပညာသင်ထောက်ပံ့ကြေး ပေး၍ ကျောင်းတက်ခွင့်ပေးသွားမည်ဖြစ်ကာ နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်သွားရန် ဝန်ခံကတိလက်မှတ် ရေးထိုးရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်မထမ်းဆောင် လိုသူများအနေဖြင့်   ပညာသင်ကြားရေးစရိတ်များ  နိုင်ငံတော်သို့ ပြန်လည်ပေးချေရမည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ တွင်လည်း ဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ၊ စီးပွားရေး၊ ဆေးပညာ၊ လူမှုဝန်ထမ်း ဘာသာရပ်များသင်ကြားနိုင်မည့် တက္ကသိုလ်တစ်ခုရှိရန် လိုအပ်သည်ဟု ယူဆပါကြောင်း၊ ယင်းအတွက် ပြင်ဆင်ဆောင်ရွက်နေကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။                                  

သတင်းစဉ်