ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ  ပြည်ပမှအဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

 

နေပြည်တော်   ဒီဇင်ဘာ   ၂၀
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးဆိုင်ရာ  ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်း နှင့်      နယ်စပ်ကုန်သွယ်ရေးစခန်း များမှ   နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက်   အချိန် နှင့်တစ်ပြေးညီ  စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း တို့မှ ကုမ္ပဏီ သုံးခု၊   ယာဉ်စီးရေ ငါးစီးဖြင့်   အောက်ဆီဂျင်အရည် Storage Container/Tank နှစ်ခု၊ အောက်ဆီဂျင်အရည် Distributor နှစ်ခုနှင့်  နှာခေါင်းစည်း  (Mask) ၁၉  တန်တို့ကို   တင်သွင်းခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့်    SOP  များနှင့် အညီ  ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့်  ဆေးဝါး နှင့်ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့်   ဆက်စပ်သည့်အသိပေး ကြေညာချက်များကိုလည်းအများ ပြည်သူသိရှိစေရန်    ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။   သတင်းစဉ်