ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်    ဩဂုတ်   ၂၅


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အတွက်  လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်၊  ဆေးဝါးနှင့်   ဆက်စပ် ပစ္စည်းများ ပြတ်လပ်မှုမရှိစေဘဲ အမြန်ဆုံးဝင်ရောက်နိုင်ရေးအတွက် လေကြောင်း၊   ရေကြောင်းနှင့်   နယ်စပ်ကုန်သွယ်ရေးစခန်းများမှ    တင်သွင်းခွင့်ပြုပေးလျက်ရှိရာ အများပြည်သူအလုပ်ပိတ်ရက်များတွင် လည်း အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက်  သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းထားသည့်  SOP များနှင့်အညီ   ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။ 


ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ အိမ်သုံးအောက်ဆီဂျင်စက် ၂၅၉ ခု၊  တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ ၂၀၀၀၊ နှာခေါင်းစည်း လေးတန်၊  ဆိပ်ကမ်းများမှ အောက်ဆီဂျင်(အိုးခွံ) ၈၇၀၊ အိမ်သုံးအောက်ဆီဂျင်စက်၂၀  အပါအဝင် ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီး ကုန်သွယ်ရေး စခန်းများမှ အောက်ဆီဂျင်(အရည်) Bowser ယာဉ် သုံးစီးဖြင့် ၅၇ တန်၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် သုံးတန်၊ အောက်ဆီဂျင်အိုး(အခွံ)  ၄၂၇၀၊ အောက်ဆီဂျင်ထုတ်သည့်စက် တစ်ခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၂၇၉ ခု၊ တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ ၃၁၀၀ နှင့် နှာခေါင်းစည်း ၃၅ တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများအား  ကုမ္ပဏီ ၁၆  ခုမှ ယာဉ်စီးရေ ၂၅ စီး ဖြင့် တင်သွင်းလာခြင်းဖြစ်ပြီး အောက်ဆီဂျင်အရည် (Bowser)ယာဉ် သုံးစီးနှင့်  အောက်ဆီဂျင်ထုတ်သည့်စက် တစ်ခုမှာ  ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရသည်။    


ကိုဗစ်-၁၉    ကူးစက်ရောဂါ   ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက်  ဆက်သွယ်မေးမြန်းနိုင်သည့်  တာဝန်ခံများကိုလည်း   ဝန်ကြီးဌာန Website ဖြစ်သည့် www.commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး     စီစဉ်ဆောင်ရွက်ပေးထားကြောင်း     သိရ သည်။                                                                        

 

  သတင်းစဉ်