ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေး

 

နေပြည်တော်   ဒီဇင်ဘာ   ၁၆


ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး   အိုမီခရွန် ကာကွယ်တားဆီးနိုင်ရေး   ဝန်ကြီးဌာနများအကြား လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက်ပိုင်း တွင် ကျန်းမာရေးဝန်ကြီးဌာန   အစည်းအဝေးခန်းမ၌ ကျင်းပရာ  ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်တို့  တက်ရောက်ကြသည်။

 


 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်


အစည်းအဝေးတွင်    ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး       ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက    လက်ရှိတွင်    ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးသည် နိုင်ငံပေါင်း (၈၅)နိုင်ငံတွင်  ကူးစက်ဖြစ်ပွားလျက်ရှိပြီး   အရှေ့ တောင်အာရှဒေသတွင်းနှင့် မြန်မာနိုင်ငံ၏  အိမ်နီး ချင်းနိုင်ငံများတွင်လည်း  တွေ့ရှိနေရပြီဖြစ်ပါကြောင်း၊ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ဝင်ရောက်လာမှု စောင့်ကြပ်ကြည့်ရှုခြင်းအနေဖြင့်     ကျန်းမာရေး ဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ တပ်မတော် ဆေးသုတေသနတပ်တို့နှင့်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြုဓာတ်ခွဲခန်းများတွင်  ဓာတ်ခွဲစစ်ဆေး မှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ လက်ရှိအချိန်အထိ ပြည်တွင်း၌    အိုမီခရွန်ရောဂါပိုး   မတွေ့ရှိသေးပါ ကြောင်း၊    လက်ရှိအချိန်တွင်   ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကို  နိုင်နိုင်နင်းနင်း  ထိန်းချုပ်ထားနိုင် နေပြီဖြစ်ပြီး   နေ့စဉ် ရောဂါပိုး  စစ်ဆေးတွေ့ရှိနှုန်း အနေဖြင့် (၂) ရာခိုင်နှုန်း ခန့်သာရှိသည်ကို တွေ့ရှိရပါ ကြောင်း။

 


ကိုဗစ်-၁၉ ရောဂါ   တတိယလှိုင်းတွင် ရောဂါ ဖြစ်ပွားမှု        စတင်ကျဆင်းလာစဉ်အချိန်ကပင် နိုင်ငံတော် ဝန်ကြီးချုပ်ကလည်း  နောက်ထပ်လှိုင်း တစ်ခုအဖြစ် ဖြစ်ပွားမလာစေရေးအတွက် ကြိုတင် ပြင်ဆင်မှုများ  ဆောင်ရွက်ထားရှိရန်နှင့် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများကို  ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားထားပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မျိုးရိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်အဖြစ်  စတင်ကြေညာသည့်အချိန်ကပင် မိမိတို့နိုင်ငံအတွင်းသို့  အဆိုပါရောဂါပိုးဝင်ရောက်ကူးစက်မှုမဖြစ်ပွားစေရေး    တောင်အာဖရိကနှင့် ဘော့ဆွာနာနိုင်ငံများမှ ခရီးသည်ဝင်ရောက်မှုများ၏ ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ခြင်းလုပ်ငန်းကို    ကိုဗစ်-၁၉ ကာကွယ်၊  ထိန်းချုပ်၊   ကုသရေး  ဗဟိုကော်မတီသို့ တင်ပြလမ်းညွှန်မှုခံယူပြီး သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း။

 


ကိုဗစ်-၁၉  ရောဂါမှာ  လူအချင်းချင်းထိတွေ့ရာမှ ကူးစက်ခြင်းဖြစ်၍  အပြည့်အဝတားဆီးနိုင်ရန် ခက်ခဲ ပါကြောင်း၊   မိမိတို့နိုင်ငံအနေဖြင့်လည်း   ရှေ့တွင် ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လှိုင်းများ သည်     နိုင်ငံတကာနှင့်နှိုင်းယှဉ်ပါက    အတန်ငယ် နောက်ကျ၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါ၍    ယခု အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုး    ဝင်ရောက်မလာစေရေး တတ်နိုင်သမျှ   အချိန်ကြာကြာ  တားဆီးထားနိုင်ခြင်း ဖြင့် ပြည်တွင်း၌ ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုမြှင့်တင် ထားရှိနိုင်ခြင်းနှင့်   ကာကွယ်၊  ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ပိုမိုပြင်ဆင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ရောဂါပိုးဆိုင်ရာအချက်အလက်များကို  ပိုမိုသိရှိနိုင် မည်ဖြစ်ပြီး ပြင်ဆင်ကာကွယ်မှုများပြုလုပ်ရန် အချိန် ပိုမိုရရှိမည်ဖြစ်ပါကြောင်း၊  မျိုးရိုးဗီဇပြောင်းရောဂါပိုး ပြည်ပနိုင်ငံများမှ  ကူးစက်ဝင်ရောက်မှုတားဆီးနိုင် ရေးအတွက်   လက်ရှိကျင့်သုံးနေသော  မူဝါဒများကို ရောဂါကူးစက်မှုသဘာဝအရ     ပြောင်းလဲကျင့်သုံးဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်သည့်  အခက်အခဲ များ၊  အားနည်းချက်နှင့် လိုအပ်ချက်များကို  ဌာန အသီးသီးမှ  ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် လူမှုစီးပွားလုပ်ငန်းများ  ထိခိုက်မှု အနည်းဆုံး ဖြစ်စေရေးအတွက်  ကာကွယ်ဆေးထိုးနှံ ခြင်း၊  ဦးတည်အုပ်စုများတွင်  ဟိုတယ်နှင့် ခရီးသွား လာရေးကဏ္ဍနှင့် စက်ရုံ အလုပ်ရုံ လုပ်ငန်းဆောင်ရွက် သူများအား    ထည့်သွင်း၍   ကာကွယ်ဆေးထိုးနှံ ပေးခြင်းများ   ဦးစားပေး  ဆောင်ရွက်ပေးနိုင်ခဲ့ပါ ကြောင်း၊   ထို့အတူ   ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ   ပံ့ပိုးမှုများကြောင့်   အသွားအလာ ကန့်သတ်ခြင်း လုပ်ငန်းများနှင့်  Hotel Quarantine ကိစ္စရပ်များတွင်   ပိုမိုအဆင်ပြေအောင် ဆောင်ရွက် နိုင်ခဲ့ပါကြောင်း။

 


ပူးပေါင်းပါဝင်ဆောင်ရွက်


နိုင်ငံတကာနှင့်       အိမ်နီးချင်းနိုင်ငံများတွင် အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုး ရောက်ရှိ ကူးစက် မှု    မြင့်မားလာချိန်တွင်     နယ်စပ်ဒေသများနှင့် လေကြောင်းခရီးလမ်းမှတစ်ဆင့် နိုင်ငံခြားမှပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများ၊ သံတမန် များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ  ပုဂ္ဂိုလ်များ ထံမှ     ရောဂါပိုး   ကူးစက်ဝင်ရောက်နိုင်မှုများကို တားဆီးကာကွယ်နိုင်ရေးအတွက်   ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြစေလိုပါကြောင်း၊   ထို့အပြင်    မျိုးရိုးဗီဇ ပြောင်း    အိုမီခရွန်ရောဂါပိုး  တွေ့ရှိလာပါကလည်း ထိန်းချုပ်ရေးလုပ်ငန်းများ        ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်ဖြစ်ကြောင်း ပြော ကြားသည်။

 


ဆက်လက်၍       ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး    ဒေါက်တာ ဌေးအောင်က  လွန်ခဲ့သော  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား မှု လှိုင်းများအတွင်း၌    ဟိုတယ်နှင့် ခရီးသွားကဏ္ဍ တွင်လည်း  လုပ်ငန်းများ နှောင့်နှေးခဲ့ရပါကြောင်း၊ ရောဂါဖြစ်ပွားမှု      လျော့နည်းကျဆင်းချိန်တွင် ကန့်သတ်မှုများ ဖြေလျှော့ခဲ့သော်လည်း  အချို့ ခရီး သွားနေရာများတွင် ရောဂါပိုး ပြန်လည်တွေ့ရှိရသဖြင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ   အချိန်နှင့် တစ်ပြေးညီ  ပြန်လည်ဆောင်ရွက်ခဲ့ရပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ယှဉ်တွဲနေထိုင်ရာတွင် No-one is safe until everyone is safe ဟု ဆိုသကဲ့သို့ မိမိ တို့တစ်ဦးချင်းစီမှ   ရောဂါကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများကို   ထိန်းသိမ်းလိုက်နာဆောင်ရွက် သည့်အခါမှသာ   ရလဒ်ကောင်းများ  ရရှိမည်ဖြစ်ပါ ကြောင်း။

 


စည်းမျဉ်းစည်းကမ်းတင်းကျပ် 


လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး   ဖြေလျှော့မှုများ ကြားတွင်       စည်းမျဉ်းစည်းကမ်းလိုက်နာမှုများ တဖြည်းဖြည်း   လျော့ကျလာပါက   ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာမည်ဖြစ်ပြီး         နိုင်ငံတော် ဝန်ကြီးချုပ်မှလည်း  စည်းမျဉ်းစည်းကမ်းတင်းကျပ် မှုများကို    ဂရုစိုက်ဆောင်ရွက်ကြရန်    လမ်းညွှန် မှာကြားထားပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ အနေဖြင့်လည်း  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ရာတွင်  ပူးပေါင်းပါဝင်  ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။

 


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာ သော  ပြည်ထဲရေးဝန်ကြီးဌာန၊  အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊  ပို့ဆောင်ရေး နှင့်   ဆက်သွယ်ရေးဝန်ကြီးဌာန၊   ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသ ရေးဦးစီးဌာန၊   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနများမှ  ညွှန်ကြားရေးမှူးချုပ် များနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့က ဆွေးနွေး ကြသည်။

 


ယင်းနောက်  ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက မျိုးရိုးဗီဇ ပြောင်း   အိုမီခရွန်ရောဂါပိုးသည် အိမ်နီးချင်းနိုင်ငံ များတွင် တွေ့ရှိနေရပြီဖြစ်ပြီး မိမိတို့ နိုင်ငံသို့ အချိန် မရွေးဝင်ရောက်လာနိုင်သည့် အခြေအနေတွင်ရှိပါ ကြောင်း၊ အဆိုပါ ရောဂါပိုး  ဝင်ရောက်မလာစေရေး အတွက် တတ်နိုင်သမျှဆောင်ရွက်၍  အချိန်ဆွဲထား ရန်   လိုအပ်ပါကြောင်း၊    အိုမီခရွန် ရောဂါပိုးနှင့် ပတ်သက်၍ လိုအပ်ချက်နှင့်အညီ မူဝါဒ၊ လမ်းညွှန် ချက် ပြောင်းလဲမှုများ အချိန်နှင့်တစ်ပြေးညီ ဆောင် ရွက်နေရသည်ဖြစ်ပြီး   နှီးနွှယ်ဌာနဆိုင်ရာများသို့ လည်း အချိန်မီအကြောင်းကြား ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 


ဆက်လက်၍      ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး      ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။

 


အဆိုပါ အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊       ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ   ညွှန်ကြားရေး မှူးချုပ်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရ သည်။                     

 သတင်းစဉ်