
ဘန်ကောက် ဇူလိုင် ၆
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု တိုးလာခြင်းကို ထိန်းချုပ်ရန် ထိုင်းနိုင်ငံသည် ဖိုက်ဇာ၊ ဆီနိုဗက်နှင့် မော်ဒါနာ ကိုဗစ်-၁၉ ကာကွယ်ဆေးများအပါအဝင် နောက်ထပ် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဝယ်ယူရန် ဇူလိုင် ၆ ရက်က သဘောတူခဲ့သည်။
ဝန်ကြီးများအဖွဲ့က အမေရိကန်ပြည်ထောင်စုမှ ဖိုက်ဇာကာကွယ်ဆေး သန်း၂၀ ကို ယခုနှစ်၏ စတုတ္ထသုံးလပတ်အတွင်းပေးပို့ရန်နှင့် အစီအစဉ် ဖြင့် ဝယ်ယူရန် သဘောတူခဲ့ကြောင်း ကိုဗစ်-၁၉ စီမံခန့်ခွဲရေးစင်တာ အကြံပေးယူ ဒန်ကာချင်သွန်က ပြောသည်။
ထိုင်းနိုင်ငံတွင် ဖိုက်ဇာ ကိုဗစ်-၁၉ ကာကွယ် ဆေးကို ကိုဗစ်-၁၉ လူနာများအား အများဆုံး ကိုင်တွယ်ရသည့် ဆေးဝန်ထမ်းများအတွက် တတိယအကြိမ်ထိုးပေးရန် စီစဉ်ထားကြောင်း သိရသည်။
ထို့အပြင် အစိုးရအဖွဲ့သည် အမေရိကန် ပြည်ထောင်စုမှ နောက်ထပ် မော်ဒါနာကိုဗစ်-၁၉ ကာကွယ်ဆေး ငါးသန်းနှင့် တရုတ်နိုင်ငံမှ ဆီနိုဗက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဝယ်ယူရန် အတည်ပြုခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံသည် ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန် ကတည်းက အဆိုးဆုံးဖြစ်သော ကိုဗစ်-၁၉ တတိယ အကျော့ကူးစက်ဖြစ်ပွားမှုကို ထိန်းသိမ်းနိုင်ရန် ကြိုးစားလျက်ရှိသည်။ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွား သူ ၃၀၀၀၀ အောက်မှ ယခုအခါတွင် သုံးသိန်းနီးပါး မြင့်တက်လာသည်။
ဇူလိုင် ၆ ရက်က ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၅၄၂၀ ရှိလာခဲ့ပြီး စုစုပေါင်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၉၄၆၅၃ ဦး အထိရောက်ရှိလာခဲ့သည်။ သေဆုံးသူပေါင်း မှာလည်း ၂၃၃၃ ဦးအထိ တိုးလာသည်။
ထိုင်းနိုင်ငံတွင် ဧပြီ ၂၇ ရက်မှ ဇူလိုင် ၂ ရက်အထိ ဒယ်လ်တာ ကိုဗစ်-၁၉ မျိုးစိတ်သစ် ကူးစက်ဖြစ်ပွား သူ ၁၈၃၈ ဦးရှိလာခဲ့သည်။ ဒယ်လ်တာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူများအနက် ၁၃၀၉ ဦးမှာ ဘန်ကောက်မှ ဖြစ်သည်။
ဇူလိုင် ၅ ရက်အထိ ထိုင်းနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၁၁ သန်းကျော် ထိုးပေး ခဲ့သည်။ ယခုနှစ်ကုန်တွင် လူဦးရေ သန်း ၇၀ နီးပါး ရှိသည့်အနက် ၇၀ ရာခိုင်နှုန်းခန့်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရန် စီစဉ်ထားကြောင်း သိရ သည်။
ဆင်ဟွာ