
နေပြည်တော် အောက်တိုဘာ ၅
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက် ၉ နာရီခွဲတွင် ကိုဗစ်-၁၉ ကာလအလွန်တွင် ခရီးစဉ် ဒေသများ ပြန်လည်စတင်နိုင်ရန်အတွက်ရည်ရွယ်၍ ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်းအဖွဲ့ (PATA) နှင့် ကမ္ဘာ့ဘဏ် (World Bank) တို့မှ ကြီးမှူးပြီး COVID-19 Destination Recovery Insights Exchange- Session 3 ဆွေးနွေးပွဲသို့ နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်သည်။
အဖွင့်အမှာစကားပြောကြား
ဆွေးနွေးပွဲတွင် ပစိဖိတ်-အာရှခရီးသွားလုပ်ငန်း အဖွဲ့၏ အမှုဆောင်အရာရှိချုပ် Ms. Liz Ortiguera နှင့် ကမ္ဘာ့ဘဏ်အဖွဲ့မှ Senior Tourism specialist Ms.Jessie McComb က အဖွင့်အမှာစကားပြော ကြားသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ Guam Visitors Bureau နှင့် Macao Government Tourism Office တို့မှ တာဝန်ရှိ သူများက ကိုဗစ်-၁၉ ကာလအလွန်တွင် ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်နိုင်ရေးစီမံဆောင်ရွက်ချက်များကို ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ Round Table Discussion တွင် ခရီးစဉ်ဒေသများ ပြန်လည်ဖွင့်လှစ်ရာတွင် ဆောင်ရွက်သင့်သည့်အချက်များဖြစ်သော ခရီး သွားလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်သူများ၊ ဒေသခံ ပြည်သူများအကြား ကိုဗစ်- ၁၉နှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတပြန့်ပွား ရေးကိစ္စ၊ ကာကွယ်ဆေး အပြည့်အဝထိုးနှံရေးကိစ္စ၊ Digital နည်းပညာကျယ်ကျယ်ပြန့်ပြန့် အသုံးပြု ရေးကိစ္စ၊ မိမိတို့၏ ခရီးစဉ်ဒေသများကို COVID Safe Destination အဖြစ် မြှင့်တင်ဆွဲဆောင်နိုင်ရေးကိစ္စ၊ ပြည်ဝင်ခွင့် ဗီဇာ(Visa)ဆိုင်ရာ ကိစ္စရပ်များ အစရှိ သည်တို့ကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်း အဖွဲ့ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခဲ့ကြပြီး ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်း အဖွဲ့ (PATA)ကို ၁၉၅၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အာရှနှင့်ပစိဖိတ်ဒေသရှိ ခရီးစဉ်ဒေသများ စနစ် တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး အစိုးရ၊ ပုဂ္ဂလိက၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သောလုပ်ငန်းများမှ အသင်းအဖွဲ့များနှင့် ပညာရေးအဖွဲ့အစည်းများ စသည်တို့မှ အဖွဲ့ဝင် ၅၀၀ ကျော် ပါရှိသည်။
စီစဉ်ဆောင်ရွက်ပေးလျက်ရှိ
မြန်မာနိုင်ငံအနေဖြင့် ၁၉၉၅ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်းအဖွဲ့မှ စီစဉ်ပြုလုပ်သည့်ခရီးသွားပြပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများသို့ ပါဝင်တက်ရောက်ခဲ့သည်။ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပစိဖိတ်-အာရှ ခရီးသွား လုပ်ငန်းအဖွဲ့သည် အဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွား လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး အတွက် သင်တန်းများ၊ ဆွေးနွေးပွဲများကို Online မှတစ်ဆင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ သတင်းစဉ်