
နေပြည်တော် ဇူလိုင် ၉
၂၀၂၁ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် ကျရောက်မည့် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်း အတွင်းဝန် ဦးအောင်ကျော်စိုး၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
အလေးထားဆောင်ရွက်လာစေရန်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ယနေ့ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း ၇၉၀၀ ခန့်ရှိကာ နှစ်စဉ်တိုးတက်လာလျက်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေသန်းပေါင်း ၈၅၀၀ ခန့် ရှိလာ မည်ဟု ခန့်မှန်းထားပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံ အများစုတွင် လူဦးရေ လျင်မြန်စွာတိုးပွားနေခြင်း ကြောင့် နောက်ဆက်တွဲ စိန်ခေါ်မှုများစွာကိုလည်း ရင်ဆိုင်နေရပါကြောင်း၊ ထို့ကြောင့် ကမ္ဘာ့နိုင်ငံ အားလုံးအနေဖြင့်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံချင်း အနေဖြင့်ဖြစ်စေ၊ အရေးကြီးနှင့် ဦးစားပေးဖြေရှင်း ရမည့် လူဦးရေနှင့် ဆက်နွှယ်ပတ်သက်နေသည့် အကြောင်းအရာများကို ဂရုပြုအာရုံစိုက်မိလာစေရန် နှင့် အလေးထားဆောင်ရွက်လာစေရန် ကမ္ဘာ့လူဦးရေ နေ့ အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာ့နိုင်ငံ အသီးသီးတွင် နှစ်စဉ် ကျင်းပနေခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့လူဦးရေနေ့ အခမ်းအနား ကို ၁၉၉၀ ပြည့်နှစ်က စတင်ကျင်းပခဲ့ပြီး ယခုဆိုလျှင် (၃၂) ကြိမ်မြောက်ကျင်းပခြင်း ဖြစ်ပါကြောင်း။
မျိုးဆက်ပွားအသိပညာပေး
ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့က ကမ္ဘာ့ လူဦးရေနေ့ဆောင်ပုဒ်များကို သတ်မှတ်ရာတွင် အချိန်ကာလအလိုက် ဖြစ်ပေါ်နေသည့် လူဦးရေနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များအပေါ် အခြေခံ သတ်မှတ်ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့က သတ်မှတ်ထား သည့် ဆောင်ပုဒ်ပါအချက်အလက်များကို အခြေခံ၍ ယခုနှစ်တွင် “ကမ္ဘာမြေသာယာဖို့ မျိုးဆက်ပွား ကျန်းမာရေးကိုမြှင့်တင်စို့” ဟု သတ်မှတ်ခဲ့ပါကြောင်း၊ ယင်းဆောင်ပုဒ်က ပေးလိုသည့် အဓိကအချက်မှာ ကိုဗစ်-၁၉ ကာလအတွင်း မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးလုပ်ငန်းများ၊ ဝန်ဆောင်မှုများကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်နှင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပါအဝင် နိုင်ငံသူ/ နိုင်ငံသား အားလုံး ကျန်းမာရေးနှင့် အခွင့်အရေးများ အပြည့် အဝရရှိနိုင်ရန် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံတွင် လူဦးရေ ၅၅ သန်းကျော်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေသန်း ၆၀ ခန့် ရှိလာမည်ဟု ခန့်မှန်းထားပါကြောင်း၊ ယခင်နှစ်များ က ကလေးမွေးနှုန်းမြင့်မားခဲ့မှု၏ အကျိုးဆက်အဖြစ် လူဦးရေဆုလာဘ်ကို ရရှိနေသည့် ကာလဖြစ်သည်နှင့် အညီ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများတွင် လူငယ်များ၏ အင်အားကို ထိထိရောက်ရောက် ထည့်သွင်းအသုံးချရန် လိုအပ်သကဲ့သို့ အနာဂတ်တွင် များပြားလာမည့် သက်ကြီးရွယ်အိုများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် အားကောင်း လာစေရန်လည်း ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပါ ကြောင်း၊ လူသားမျိုးနွယ်အားလုံးသည် ကိုဗစ်-၁၉ ကို စနစ်တကျ တုံ့ပြန်အန်တုရင်း ကမ္ဘာမြေသာယာ စေရေးအတွက် မျိုးဆက်ပွား ကျန်းမာရေးကို မြှင့်တင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆောင်ရွက်နေသည့်အချက်များရှင်းလင်း
ယင်းနောက် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့လူဦးရေ နေ့ဆောင်ပုဒ်နှင့် ဆက်နွှယ်၍ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အချက် အလက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက် လာကြသူများသည် ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် Video Clip ကို ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်