
နေပြည်တော် ဒီဇင်ဘာ ၉
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာ နိုင်သည့် စီးပွားရေးသက်ရောက် မှုများအပေါ် ကုစားရေး လုပ်ငန်း ကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၉/၂၀၂၁) ကို ယနေ့ မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် လုပ်ငန်း ကော်မတီဝင်များ ဖြစ်ကြသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနတို့မှ ဒုတိယ ဝန်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဌာန ကိုယ်စားလှယ် များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်း ကော်မတီဥက္ကဋ္ဌက နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍသို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ပထမအသုတ်အဖြစ် ချေးငွေထုတ်ယူရန် ခွင့်ပြုခဲ့သည့် အခြေအနေ၊ ဒုတိယအသုတ် ချေးငွေ ထုတ်ပေးနိုင်ရေး စိစစ် ထားရှိမှု အခြေအနေများ၊ နောက်ထပ်ချေးငွေထုတ်ပေးရန် ပြင်ဆင်လျက်ရှိသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာ ကဏ္ဍအတွက် ချေးငွေ လျှောက်လွှာ စိစစ်ထားမှုနှင့် ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက ကိုဗစ်-၁၉ ကြောင့် စီးပွားရေး သက်ရောက်မှုများ ကုစားရေး အတွက် ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဝန်ကြီးဌာန များနှင့် စီးပွားရေးလုပ်ငန်းရှင် များက ကုစားရေးလုပ်ငန်း ကော်မတီသို့ တင်ပြလာသည့် အချက်များနှင့်စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်