
နှင်းမိုးအိမ်
ကိုဗစ် -၁၉ ကပ်ရောဂါမှာ လွန်ခဲ့သည့် နှစ်နှစ်ခန့်မှစတင်ကာ အမေရိကန်ပြည်ထောင်စုတွင် အရွယ်ရောက်ပြီးသူများ သေဆုံးမှုဖြစ်ပေါ်စေခဲ့သည်။ သို့သော်လည်း ကိုဗစ် -၁၉ ကြောင့် ကလေးသူငယ်များသေဆုံးမှု နည်းပါးခဲ့သည်။ ကိုဗစ် -၁၉ မျိုးကွဲအိုမီခရွန်ကူးစက်မှုတွင်မူ ကလေးများတွင် ရောဂါကူးစက်မှုများပြားလာပြီး ဆေးရုံတက်ရမှုနှုန်းမှာလည်း မြင့်မားလာသည်။၊
တွန့်ဆုတ်စေခဲ့
ကာကွယ်ဆေးထိုးနှံမှုကို ဆန့်ကျင်သည့် သတင်းအချက်အလက် အမှားများကြောင့်လည်း မိဘများ မိမိတို့၏ ကလေးငယ်များကို ကာကွယ်ဆေးထိုးပေးရန် တွန့်ဆုတ်စေခဲ့သည်။ ကလေးများကို ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ဘေးအန္တရာယ်ဖြစ်လာနိုင်မှု များပြားသည်ဆိုသော သတင်းအချက်အလက် အမှားများကြောင့် နစ်နာမှုများပေါ်ပေါက်ရသည်။
ကိုဗစ်-၁၉ ကြောင့် လူငယ်များသေဆုံးမှုနှုန်းမှာမူ ဆက်လက် နိမ့်ကျနေဆဲဖြစ်သည်။ ကာကွယ်ဆေးထိုးထားခြင်းဖြင့် ကိုဗစ် -၁၉ ကြောင့် ရောဂါလက္ခဏာဆိုးရွားပြင်းထန်မှုကို အကာအကွယ် ပေးနိုင်ပြီး မိခင်မှကလေးငယ်ကို ကူးစက်မှုကိုလည်း အကာအကွယ် ပေးကောင်းပေးနိုင်သည်။
ထိခိုက်မှုဖြစ်ပေါ်စေခဲ့
သို့သော်လည်း အွန်လိုင်းပေါ်မှ ပြောကြားချက်များကြောင့် ကာကွယ်ဆေးထိုးရန် တွန့်ဆုတ်မှုများဖြစ်ပေါ်ရပြီး မိဘနှင့်ကလေး များကိုပါ ထိခိုက်မှုဖြစ်ပေါ်စေခဲ့သည်။ ကာကွယ်ဆေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ လျင်လျင်မြန်မြန် ဖြစ်ပေါ်လာရသည်။ ကာကွယ်ဆေး ထိုးခြင်းဖြင့် အနာဂတ်တွင်ကလေးယူရန် ထိခိုက်မှုများရှိနိုင်သည်ဟု ပြောဆိုချက်အမှားများလည်း ထွက်ပေါ်နေသည်ဟု ဖွန်းနစ် ကလေး ဆေးရုံမှ သမားတော် ဝက်စ်ဆန်ဘေလ်လန်က ပြောသည်။ သတင်း အချက်အလက်အမှားများကို နှိမ်နင်းနေရသည်မှာလည်း ၎င်း၏ အလုပ်တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
အကောင်းဆုံးကာကွယ်ပေးနိုင်
သို့သော်လည်း ကလေးများဆေးရုံရောက်မှသာလျှင် မိဘများနှင့် ထိုအခြင်းအရာကို ဆွေးနွေးမိသည်ဟု ၎င်းကပြောသည်။ အချိန် အများကြီးအလဟဿ ဖြစ်ရသည်ဟု ပြောသည်။ မိဘများနားလည် ထားသင့်သည့်အရာမှာ ကာကွယ်ဆေးထိုးခြင်းဖြင့် ကလေးများကိုအကောင်းဆုံးကာကွယ်ပေးနိုင်သည်ဟူသော အချက်ပင်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် အသက် ငါးနှစ်မှ ၁၁ နှစ်ကြား ၂၇ ရာခိုင်နှုန်းသော ကလေးများသာ ကိုဗစ် - ၁၉ ကာကွယ်ဆေးကို ပထမအကြိမ်ထိုးရသေးသည်။
အရွယ်ငယ်လွန်းသေး
ယခုလအတွင်း ကပ်ရောဂါကြောင့် ကလေးများဆေးရုံတက်ရမှုနှုန်းမှာလည်း ၉၁၄ ဦးရှိသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ကိုဗစ် -၁၉ ကြောင့် ကလေးသူငယ် ဆေးရုံတက်ရမှုနှုန်းမှာ ၃၄၂ ဦးသာရှိခဲ့ရာ ဆေးရုံ တက်ရမှုနှုန်းမြန်မြန်ဆန်ဆန်မြင့်မားလာခဲ့ ခြင်းဖြစ်သည်။ ၂၀၂၂ခုနှစ် ပထမပတ်တွင် တက္ကဆက်ပြည်နယ် ကလေးဆေးရုံ၌ ကိုဗစ် -၁၉ ကြောင့် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေရသူ ၁၂ ဦးရှိသည်။ ကလေးငယ်များမှာ ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးရန် အရွယ်ငယ်လွန်းနေသေးသည်။
အကန့်အသတ်ဖြင့်အကာအကွယ်ပေးနိုင်
သို့သော်လည်း ဘရစ်ဂမ်နှင့် အမျိုးသမီးဆေးရုံမှ မိခင်နှင့်သန္ဓေ သားအထူးကုတက်ရောက်နေသူ ကက်သရင်းဂေးက သုတေသန ပြုမှုများအရ ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးထားခြင်းဖြင့် ကလေးဆီသို့ ပဋိပစ္စည်းဘေးကင်းလုံခြုံစွာ လွှဲပြောင်းပေးနိုင်ပြီး အကန့်အသတ်ဖြင့် အကာအကွယ်ပေးနိုင်သည်ဟု တွေ့ရှိရကြောင်း ပြောသည်။ ကနဦးကာကွယ်ဆေးစမ်းသပ်မှုများတွင် ကိုယ်ဝန် ဆောင်မိခင်များကို ချန်လှပ်ထားခဲ့သည့်အတွက် မိခင်လောင်းများ သည် ကာကွယ်ဆေးထိုးနှံမှုကို ခံယူရန် တွန့်ဆုတ်နေကြသည်။
အသုံးချစရာဖြစ်နေခဲ့
ကက်သရင်းဂေးက ယင်းအခြေအနေများကို စောင့်ကြည့်နေသူ တစ်ဦးလည်းဖြစ်သည်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ကာကွယ်ဆေး ထိုးခြင်းဖြင့် မိခင်နှင့်ကလေးကိုပါ လုံခြုံစိတ်ချရသည်ဟူသော အချက် ကို မိဘများအားပြောပြရန် ယုံကြည်မှုအပြည့်ရှိသည်ဟု ၎င်းက ပြောသည်။ ကမ္ဘာ့နေရာအနှံ့အပြားမှ ကျန်းမာရေး အေဂျင်စီများ သည်လည်း အလားတူပင်ပြောဆိုကြသည်။ ကနဦး လက်တွေ့ စမ်းသပ်မှုအချက်အလက်များ ကင်းမဲ့နေခြင်းကြောင့် လူမှုကွန်ရက် မီဒီယာတွင် ကာကွယ်ဆေးထိုးနှံမှုကို ဆန့်ကျင်ရန်အတွက် အသုံးချစရာ ဖြစ်နေခဲ့သည်။
သက်သေပြချက်မျိုးမရှိသေး
ကူးစက်ရောဂါ ဗေဒပညာရှင်များဖြစ်သည့် ကာလာဒီစစ်တိုနှင့် ဆာချာအယ်လင်တန်တို့သည် အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှဖြစ်ကြပြီး အမေရိကန်တွင် ကလေးမွေးဖွား မှုနှုန်း ၁ ဒသမ ၂ သန်းကို လေ့လာပြီးနောက် ကပ်ရောဂါကာလအတွင်း ကလေးအသေ မွေးဖွားမှုနှုန်းမြင့်မားသည်ဆိုသော သက်သေပြချက် မျိုးမရှိဟု ပြောသည်။ သို့သော်လည်း ကိုယ်ဝန်ဆောင်စဉ် ကိုဗစ် - ၁၉ ကူးစက်မှုကြောင့် အန္တရာယ်ရှိပုံကိုမူ ထုတ်ဖော်ပြောကြားခဲ့သည်။
ပစ်မှတ်တစ်ခုဖြစ်ခဲ့ရ
နို့ရည်တိုက်ကျွေးခြင်းမှာလည်း သတင်းအချက်အလက်အမှား များဖြန့်ဖြူးရာတွင် ပစ်မှတ်တစ်ခုဖြစ်ခဲ့ရသည်။ ကာကွယ်ဆေး ထိုးထားသည့်မိခင်မှ ကလေးငယ်ကို နို့ချိုတိုက်ကျွေးခြင်းဖြင့် ကလေး တွင် အဖုအပိမ့်များဖြစ်ပေါ်ခြင်း သို့မဟုတ် အသက်သေဆုံးသည် အထိ ဖြစ်နိုင်သည်ဟူသော စာသားများကို လူမှုကွန်ရက်များတွင် တင်လာကြသည်။
နို့တိုက်မိခင်များ ကာကွယ်ဆေးထိုးခြင်းကို မိခင်နှင့် သန္ဓေ သားဆေးပညာအသင်းက ထောက်ခံချက်ပေးထားသည်။ ကာကွယ်ဆေးထိုးခြင်းဖြင့် နို့တိုက်ခြင်းကို ရပ်တန့်စရာအကြောင်းမရှိ ဟု ပြောကြားခဲ့သည်။
လေ့လာမှုပြုလုပ်လျက်ရှိ
ဖေ့စ်ဘွတ် သီးသန့်အုပ်စုများတွင် သတင်းအချက်အလက် အမှားများပျံ့နှံ့လာပြီး ထိုနေရာတွင် မိခင်များ နို့ရည်ရောင်းချခြင်း နှင့်မျှဝေခြင်းတို့ဖြစ်လာသည်ဟု အဖွဲ့ကြီးကြပ်သူများက အေအက်ဖ်ပီ သို့ပြောသည်။
ကာကွယ်ဆေးထိုးထားသည့် မိခင်၏နို့ရည်သည် အကျိုး သက်ရောက်မှုရှိကြောင်း လေ့လာမှုများ ပြုလုပ်လျက်ရှိသည်ဟု စင်စီနက်တီကလေးဆေးရုံ မိခင်နို့တိုက်ကျွေးရေးစင်တာမှ ဒါရိုက်တာ လောရာဝါ့ဒ်က ပြောသည်။
ထောက်လှမ်းတွေ့ရှိ
ကာကွယ်ဆေးထိုးထားသည့် နို့တိုက်မိခင်၏ နို့ရည်ထဲတွင် ရောဂါကာကွယ်ပေးသော ပဋိပစ္စည်းကို ထောက်လှမ်းတွေ့ရှိရသည်ဟု ၎င်းက ဆက်ပြောသည်။ အကယ်၍ မိခင်က ကာကွယ်ဆေးထိုးထား ပါက နို့စို့ကလေးများမှာ ကိုဗစ် -၁၉ ကိုတစ်စုံတစ်ခုသောအတိုင်း အတာအထိ ကာကွယ်ပေးနိုင်သည်ဟုဆိုလိုကြောင်း ၎င်းက ဆက် လက်ပြောကြားခဲ့သည်။
ကိုးကား - အေအက်ဖ်ပီ
- Log in to post comments