ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုဆိုင်ရာ အကြောင်းအရာများနှင့် သုတေသနများမှ နောက်ဆုံးတွေ့ရှိချက်များကို တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆရာဝန်များအား အသိပေးဖြန့်ဝေခြင်း မွမ်းမံသင်တန်း ဖွင့်လှစ်

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုဆိုင်ရာ အကြောင်းအရာများနှင့် သုတေသနများမှ နောက်ဆုံးတွေ့ရှိချက်များကို တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆရာဝန်များအား အသိပေးဖြန့်ဝေခြင်း မွမ်းမံသင်တန်း ဖွင့်လှစ်

============================================================================================================================

 

နေပြည်တော် နိုဝင်ဘာ ၅

 

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုဆိုင်ရာ အကြောင်း အရာများနှင့် သုတေသနများမှ နောက်ဆုံးတွေ့ရှိချက်များကို တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆရာဝန်များအား အသိပေး ဖြန့်ဝေခြင်းမွမ်းမံသင်တန်းကို ယနေ့နံနက်ပိုင်း တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

နည်းဗျူဟာနှင့် ကုထုံးပြောင်းလဲ

 

သင်တန်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် စတင်ဖြစ်ပွားချိန်မှ ယနေ့အထိ ရောဂါကူးစက် ပျံ့နှံ့မှုပုံသဏ္ဌာန်နှင့် ရောဂါပိုး၏ မျိုးဗီဇသည် ပြောင်းလဲလျက်ရှိပြီး တွေ့ရှိချက်အသစ်များ၊ ရောဂါ ကာကွယ်ထိန်းချုပ် နည်းဗျူဟာများနှင့် ကုသမှုကုထုံး ပုံစံများသည်လည်း ပြောင်းလဲလျက်ရှိပါကြောင်း၊ ယနေ့ မွမ်းမံသင်တန်းတွင် တက်ရောက်နေသည့် ဆရာဝန်ပေါင်း ၈၀၀ ခန့်အား ကိုဗစ်-၁၉ ဆိုင်ရာ ခိုင်လုံသည့် နောက်ဆုံး လေ့လာတွေ့ရှိချက်များနှင့် ကုထုံးပုံစံများ၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတို့တွင် ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေ များ၊ လက်ရှိမြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ၊ နည်းဗျူဟာ များနှင့် လုပ်ငန်းလမ်းညွှန်များကို ပါမောက္ခကြီးများနှင့် ပညာရှင်ကြီးများက ဟောပြောပို့ချသွားရန် ဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ သည် တစ်နိုင်ငံလုံးတွင် ကူးစက်မှုရှိနေပြီး ဖြစ်ပွားမှုအနည်း အများသာ ကွာခြားပါကြောင်း၊ ဤရောဂါသည် မြန်မာနိုင်ငံ တွင်သာမက ကမ္ဘာတွင်ပါ ဆက်လက်ရှိနေမည့် ရောဂါဖြစ် သဖြင့် ဆရာဝန်တိုင်းသည် ဤရောဂါကူးစက်မှုနှင့် ကပ်ရောဂါ သဘောသဘာဝ၊ အသွားအလာ ကန့်သတ်ခြင်းနှင့် သီးခြား ထားရှိခြင်း၊ ရောဂါရှာဖွေ ဓာတ်ခွဲစမ်းသပ်ခြင်း၊ ကုသမှု ကုထုံးများ၊ ရောဂါကူးစက်မှု ကာကွယ်ရေးနည်းလမ်းများ စသည်တို့ကို ပိုမိုသိရှိနားလည် တတ်ကျွမ်းစေရန်အတွက် မိမိတို့ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။

 

အချိန်မရွေး မှီငြမ်းနိုင်

 

ဤသို့ပုံစံဖြင့် ကျယ်ပြန့်စွာဆောင်ရွက်ခြင်းမှာ ပထမ အကြိမ်ဖြစ်ပြီး နောင်တွင်လည်း ယခုကဲ့သို့သော အင်တာနက် ကွန်ရက်အသုံးပြု ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဟောပြောပို့ချမှုနှင့် မွမ်းမံသင်တန်းအစီအစဉ်များကို ဆရာဝန်များ၊ သူနာပြုများ၊ ဆေးနှင့် ဆေးနှီးနွှယ် ပညာရှင်များနှင့် အခြေခံ ကျန်းမာရေးပညာရှင်များအတွက် တက္ကသိုလ်များအလိုက်၊ ပညာရပ်အလိုက်၊ ကဏ္ဍအလိုက် ပုံမှန်ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဟောပြောပို့ချမှု နှင့် မွမ်းမံသင်တန်းများ ပြုလုပ်မည့်အစီအစဉ်ကို ကြိုတင် ရေးဆွဲကာ ဘာသာရပ်အမျိုးအစားနှင့် ဟောပြောပေးမည့် ပါမောက္ခများ၊ ဆရာဝန်ကြီးများနှင့် အချိန်ဇယားများကို လည်း ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် ကြိုတင် အသိပေးထားမည်ဖြစ်ပါကြောင်း၊ ဤသို့ မွမ်းမံသင်တန်း ပြုလုပ်ရာ၌ အဓိကအားဖြင့် ပြည်သူ့ကျန်းမာရေးကဏ္ဍနှင့် ကုသရေးကဏ္ဍ ခေါင်းစဉ်ကြီး နှစ်ခုအောက်မှ သင်တန်းများ ကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဆက်လက် ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း၊ သင်တန်းများ၌ ပို့ချ သည့် ဟောပြောပို့ချသည့် အကြောင်းအရာများကိုလည်း ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ၌ လွှင့်တင်ထား ခြင်းဖြင့် တစ်နိုင်ငံလုံးမှ ဆရာဝန်များအနေဖြင့် အချိန်မရွေး မှီငြမ်းပြုနိုင်မည်ဖြစ်ပါကြောင်း၊ ဤသို့ ဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် ကုသမှုကုထုံး များနှင့် ပြည်သူ့ကျန်းမာရေးနိယာမများကို ပိုမိုသိရှိကာ ယခုဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများအပြင် အခြားရောဂါများ ကုသမှုသည်လည်း ပိုမိုကောင်းမွန် အရည်အသွေးပြည့်လာ မည်ဖြစ်ပါကြောင်း၊ သို့မှသာ လူတိုင်းလက်လှမ်းမီ လွှမ်းခြုံ ကျန်းမာရေးစောင့်ရှောက်မှုကို မိမိတို့နိုင်ငံ ပြည်သူများ အနေဖြင့် ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့မွမ်းမံသင်တန်း သို့ မြန်မာနိုင်ငံတစ်ဝန်းမှ မြို့နယ်ဆရာဝန်များ၊ အထူးကု လက်ထောက်ဆရာဝန်များ၊ အထူးကုဆရာဝန်ကြီးများ၊ ဆေးရုံအုပ်ကြီးများ စိတ်ပါဝင်စားစွာ တက်ရောက်ကြသည် ကို တွေ့ရှိရသည့်အတွက် ကျန်းမာရေးစနစ်ကောင်းမွန်မှု အတွက် ထူးခြားသည့် လက္ခဏာတစ်ခုဖြစ်ပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့်လည်း ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်များက သက်ဆိုင်ရာ ဆေးနှင့် ဆေးနှီးနွှယ်ပညာ ဘာသာရပ်အလိုက် ရိုက်ကူးထားသော သင်ကြားရေးရုပ်သံ ဗီဒီယို ၂၀၀ ကျော်ကို ဝန်ကြီးဌာန၏ အင်တာနက်လိပ်စာ- https://event-mohs.gov.mm/ တွင် ၂၃-၁၀-၂၀၂၀ ရက်နေ့မှ စတင်ကာ တစုတစည်းတည်း လွှင့်တင်ထားရှိ ပြီး ဆက်လက်၍လည်း ရိုက်ကူးလွှင့်တင်သွားမည်ဖြစ်ပါ ကြောင်း။

 

လူအင်အား၊ ဘဏ္ဍာငွေ ပိုမိုပံ့ပိုးမည်

 

ထိုသို့ ပညာရပ်ဆိုင်ရာ ဟောပြောပို့ချမှုရုပ်သံများကို မြို့ကြီးများမှသာမက ခက်ခဲဝေးလံဒေသများတွင် တာဝန် ထမ်းဆောင်နေသော ဆရာဝန်၊ သူနာပြုနှင့် ကုသမှုပညာရှင် များ၊ ပြည်သူ့ကျန်းမာရေးပညာရှင်များ၊ အခြေခံကျန်းမာရေး ပညာရှင်ဝန်ထမ်းများ အားလုံးတို့သည် အင်တာနက် ကွန်ရက်အသုံးပြုကာ အချိန်မရွေး လေ့လာနိုင်မည်ဖြစ် သဖြင့် နောက်ဆုံးပေါ် ပညာရပ်များကိုသိရှိပြီး စွမ်းဆောင် ရည်များ ပိုမိုမြင့်တက်လာကာ ပြည်သူများ ပိုမိုအကျိုး ရှိမည်ဖြစ်ပါကြောင်း၊ ဆေးတက္ကသိုလ်များတွင် နိုင်ငံတကာ အဆင့်မီ "မျှော်မှန်းရလဒ် အခြေခံသော စုစည်းချိတ်ဆက် သင်ကြားခြင်း သင်ရိုးညွှန်းတမ်း (Outcome Based Integrated Curriculum)" ဖြင့် ၂၀၁၉ ခုနှစ်မှ စတင် သင်ကြားနိုင်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာန၏ တက္ကသိုလ်များ တွင်လည်း သင်ရိုးညွှန်းတမ်းများ မွမ်းမံရေးဆွဲခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် မွမ်းမံသင်တန်းများ ယခုထက်ပိုမိုအကျိုးရှိ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပါမောက္ခများနှင့် တာဝန်ရှိသူ များ ဆွေးနွေးခြင်း၊ သင်တန်းတက်ရောက်သူများထံမှ အကြံပြုချက်များရယူခြင်းနှင့် ယခင်သင်တန်းအတွေ့အကြုံ များကို ပြန်လည်သုံးသပ်ခြင်းများ အမြန်ဆုံး ပြုလုပ်သွား မည်ဖြစ်ပါကြောင်း၊ ထိုသို့ပြုလုပ်ခြင်းဖြင့် ဝန်ကြီးဌာနမှ ဝန်ထမ်းပညာရှင်များအားလုံးသည် ပညာရပ်အလိုက် နောက်ဆုံး တွေ့ရှိချက်များကို အမြဲသိရှိလေ့လာနိုင်ကာ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးများ ပိုမို တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဟောပြောပို့ချမှုဆိုင်ရာ ရုပ်သံများရိုက်ကူးရန်နှင့် ယခုကဲ့သို့ အင်တာနက်ကွန်ရက် အသုံးပြု မွမ်းမံသင်တန်းများ ဆက်လက်ပြုလုပ်ရန်အတွက် လိုအပ်သည့် လူအင်အား၊ ဘဏ္ဍာငွေများကို ဝန်ကြီးဌာနမှ ပိုမိုချထားပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဟောပြောပို့ချ

 

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေး) ဒေါက်တာထွန်းတင်၊ ဆေးတက္ကသိုလ် (၁) ဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာဇော်လင်းအောင်၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဌေးဌေးတင်၊ ဆေးတက္ကသိုလ် (၁) အရေးပေါ်ကုသမှု ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာ မော်မော်ဦး၊ ဆေးတက္ကသိုလ် (၁) မေ့ဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာမူမူနိုင်နှင့် ဆေးတက္ကသိုလ် (၁) မှုခင်းဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာမျိုးသိုက်ဦးတို့က သက်ဆိုင်ရာ ပညာရပ်အလိုက် နောက်ဆုံးတွေ့ရှိချက်များ၊ ပြည်သူ့ ကျန်းမာရေးနှင့် အသွားအလာကန့်သတ်ခြင်းနိယာမများ၊ ကုသမှုကုထုံးများ၊ ဓာတ်ခွဲမှုနည်းပညာရပ်များ၊ လူနာ သယ်ယူပို့ဆောင်မှုနှင့် လူနာအဆင့်ခွဲခြားသတ်မှတ်မှုများ၊ အရေးပေါ်နှင့် အထူးကြပ်မတ်ကုသမှုများ၊ လူနာစီမံခန့်ခွဲမှု များ၊ သေဆုံးရသည့် အကြောင်းအရင်းသတ်မှတ်ချက်များ၊ လက်ရှိတွင် မြန်မာနိုင်ငံတွင်ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများနှင့် နည်းဗျူဟာ များ၊ လုပ်ငန်းလမ်းညွှန်များ စသည်တို့ကို ဟောပြောပို့ချ ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက မေးမြန်း သည့် မေးခွန်းများကို ပါမောက္ခများ၊ ပညာရှင်များနှင့် တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ဖြေကြားပေးခဲ့ကြ ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်