ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

Type

 

ထက်လျှံ၊ ဓာတ်ပုံ - ဇော်မင်းလတ်

 

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၂၉ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

 

အစီအစဉ်မှူး ။ ။ ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပေါ်နေတဲ့

ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုရဲ့ ဒုတိယလှိုင်းဟာ အချိန်ကြာမြင့်လာတာနဲ့အမျှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့လည်း ဒီကပ်ရောဂါကြီးကို ဘယ်လိုရင်ဆိုင်ကျော်လွှားပြီး ပြည်သူ တွေအပေါ် ဘယ်လိုမျိုး စောင့်ရှောက်ကုသပေးရမယ် ဆိုတာကို ပိုပြီးနားလည်သဘောပေါက်လာပြီ ဖြစ်ပါတယ်။

အခုအချိန်မှာ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေအနေနဲ့ လည်း ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးမှာ ပါဝင်လာနိုင်ဖို့အတွက် ညှိနှိုင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်နေပြီလို့ ကြားသိရပါတယ်။ ဒါဆိုရင် ပြည်သူ တွေအတွက် ရွေးချယ်စရာတွေ များလာမှာဖြစ်သလို နိုင်ငံပိုင်ဆေးရုံတွေအတွက် ဝန်ထုပ်ဝန်ပိုး အနည်းငယ် လျော့နည်းသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ကိုဗစ် - ၁၉ နဲ့ပတ်သက်လို့ သိထားရမယ့် သတင်းမှန် အချက်အလက်တွေ၊ လိုက်နာရမယ့် ကိစ္စတွေကို ရှင်းလင်း ဖြေကြားပေးဖို့ ဒီနေ့ရဲ့ ဆွေးနွေးမှုမှာ ဆရာကြီး ပါမောက္ခ ဒေါက်တာထင်အောင်စော [ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန် အသင်း (ဗဟို)၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်ရေးအဖွဲ့ဝင်] ၊ ဆရာကြီး ဒေါက်တာ ကျော်ကံကောင်း [ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မကူးစက် နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲ၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန] တို့နဲ့အတူ ဆရာမ ဒေါက်တာ ခင်ခင်ကြီး [ညွှန်ကြားရေးမှူး၊ ဗဟိုကူးစက် ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန] က ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒီနေ့ရဲ့ မေးခွန်းတွေ မေးမြန်း / ဖြေကြားဆွေးနွေးမှုကို စတင်နိုင်ဖို့ အတွက် ဆရာမကနေ ဦးဆောင်ပြီး ဆွေးနွေးပေးဖို့ အတွက် ဖိတ်ခေါ်ပါတယ်။

 

 

ဒေါက်တာခင်ခင်ကြီး ။ ။ ဒီနေ့ ပဉ္စမအပတ် တတိယ

နေ့ ဆွေးနွေးပွဲမှာ ဦးဆောင် သူအဖြစ် ပါဝင်ဆွေးနွေးခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ပထမဦးဆုံး ဆရာကြီး ပါမောက္ခ ဒေါက်တာ ထင်အောင် စော ဆီမှာ မေးခွန်းတွေလည်း တော်တော်များများ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေထဲမှာ ဘယ်လိုမျိုး စိတ်ဝင်စားစရာမေးခွန်းတွေ ပါလာမလဲ၊ ဆရာကြီးက ဘယ်လိုဖြေဆိုမလဲဆိုတာ အထူးစိတ်ဝင်စား ဖွယ် ဖြစ်ပါတယ်။ ဒါကြောင့် ဆရာကြီး ဦးထင်အောင်စောကို ဖြေကြားပေးဖို့အတွက် အထူးလေးစားစွာ ဖိတ်ခေါ် အပ်ပါတယ်ရှင်။

 

 

ပါမောက္ခဒေါက်တာထင်အောင်‌စော ။ ။ ကျွန်တော့်

ကို အခုလို မျိုး မေးခွန်းတွေ ဖြေကြားခွင့်ပြုတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်။ ပထမဦးဆုံး ကျွန်တော် ဖြေကြား ရမယ့် မေးခွန်းက နှစ်ခု၊ သုံးခုလောက်စုပြီး မေးထားတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဦးတိုင်းကျော်ဆိုတဲ့ မေးခွန်းရှင်ရယ်၊ တခြားနာမည် မဖော်ပြထားတဲ့ မေးခွန်းရှင် နှစ်ဦး၊ သုံးဦး က မေးထားတဲ့ မေးခွန်းတွေဖြစ်ပါတယ်။

 

 

မေးခွန်းရှင်တစ်ဦးက ဘာပြောလဲဆိုတော့ သူက အပြင်ကိုထွက်တဲ့အခါမှာ နှာခေါင်းစည်း မတပ်နိုင်တဲ့ အခြေအနေမျိုးတွေ ကြုံလို့ရှိရင် ရောဂါပိုးမကူးအောင် နှာခေါင်းကို ဆပ်ပြာနဲ့ပွတ်ပြီး အပြင်ထွက်တယ်။ အဲဒီမေးခွန်းနဲ့ ခပ်ဆင်ဆင်တူတာက ကွမ်းယာစားတဲ့အခါ ကွမ်းယာထဲမှာ ထုံးတွေပါတော့ ဒီကွမ်းယာထဲက ထုံးတွေက ရောဂါပိုးကို ကာကွယ်နိုင်သလား။ ဘာဖြစ် လို့လဲဆိုတော့ ပတ်ဝန်းကျင်မှာ သန့်ရှင်းရေးအတွက် ပိုးသေအောင်လို့ ထုံးတွေဖြူးနေတာတွေ့တော့ အတူတူပဲ မဟုတ်ဘူးလားလို့ဆိုပြီး မေးထားပါတယ်။ ကျွန်တော့် အနေနဲ့ ဒါတွေကို ရှင်းပြချင်ပါတယ်။

ပတ်ဝန်းကျင်မှာ ထုံးဖြူးပြီးတော့ ပတ်ဝန်းကျင်မှာ ပိုးကင်းစင်အောင်လုပ်တဲ့ နည်းစနစ်သည် ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုနေကြပါပြီ၊ ကုန်ကျစရိတ် သက်သာတဲ့ နည်းတစ်ခုဖြစ်တယ်။ ထိရောက်မှုလည်း ရှိပါတယ်။ တချို့သော ဗက်တီးရီယားတွေ၊ ဗိုင်းရပ်စ်တွေကို ကာကွယ်နိုင်တာ မှန်ပါတယ်။ သို့သော် ဒီထုံးသည် ဘာလဲဆိုရင် ကယ်လ်ဆီယံအောက်ဆိုက်လို့ခေါ်တဲ့ Quick Lime Stones ဖြစ်ပါတယ်။ ဒီဟာကို သုံးစွဲတဲ့အခါမှာ သတိထားရတယ်။ ဒီလိုမှမဟုတ်ရင် လက်တွေကို အပူလောင်တတ်တယ်။ မျက်စိတွေ၊ ပါးစပ်တွေထဲကို ဝင်ရင်လည်း လောင်ကျွမ်းတတ်ပါတယ်။

ကွမ်းယာထဲကို ထည့်ပြီးစားတဲ့ ထုံးက မတူပါဘူး။ နည်းနည်းကွာခြားပါတယ်။ သူသည် ကယ်လ်ဆီယံ ဟိုက်ဒြောဆိုက် ဖြစ်ပါတယ်။ နံပါတ် (၁) မတူပါဘူးခင်ဗျာ။ နံပါတ် (၂) သူသည် ပိုးသန့်စင်တာအတွက် အသုံးမဝင် ပါဘူး။ ပြီးခဲ့တဲ့လအတန်ကြာက မှတ်မိကြမယ်ထင်ပါတယ်။ တိုးတက်တဲ့ နိုင်ငံတစ်ခုရဲ့ ခေါင်းဆောင်ကြီးတစ်ဦးကနေ Antiseptic လို့ ခေါ်တဲ့ ပိုးသတ်ဆေးတွေက ပတ်ဝန်းကျင် မှာသုံးရင် ပိုးသေတယ်ဆိုတော့ လူ့ခန္ဓာကိုယ်ထဲ ထိုးရင် ပိုးသေမှာပဲလို့ ပြောမိတဲ့အခါ လူအများကြားထဲမှာ “မျက်စိ” ရှုပ်ထွေးမှု၊ “နားလည်မှု” ရှုပ်ထွေးမှု ဖြစ်စေ ခဲ့ပါတယ်။ နောက်မှ ကျန်းမာရေးပညာရှင်တွေက မဆိုင်ဘူးဆိုပြီး မတူတဲ့အချက်တွေကို ရှင်းပြခဲ့ရပါတယ်။ စောစောကပြောတဲ့ ပတ်ဝန်းကျင်မှာ သုံးစွဲတဲ့ပိုးသတ်ဆေး တွေက ခန္ဓာကိုယ်ကို အန္တရာယ်တောင် ဖြစ်စေတတ် တာကို ရှင်းပြခဲ့ရပါတယ်။

ဒါကြောင့်မိုလို့ ဆေးဝါးတွေနဲ့ ပတ်သက်တဲ့အခါကျရင် မတူတဲ့အချက်တွေကို ကျန်းမာရေးပညာရှင်တွေနဲ့ ဆွေးနွေးဖို့လည်း လိုပါတယ်။ ကိုယ်ထင်တိုင်း လုပ်လို့ မရပါဘူး။

 

ကွမ်းယာစားတဲ့အတွက်ကြောင့်မိုလို့ “ကိုဗစ်” ကို မကာကွယ်နိုင်ပါဘူး။ “ကိုဗစ်” ကို ပိုကူးစက်နိုင် ပါတယ်လို့ ဒီနေရာမှာ ဆွေးနွေးချင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကွမ်းတံတွေးထွေးလို့ ဖြစ်ပါတယ်။ ကိုဗစ် ဟာ အားလုံးသိတဲ့အတိုင်းပဲ အသက်ရှူလမ်းကြောင်းမှာ ဖြစ်တယ်။ ပါးစပ်၊ နှာခေါင်းကထုတ်တဲ့ အမှုန်အမွှား အရည်တွေထဲမှာ ရှိတယ်။ ဒီကနေထွက်ရင် ကူးစက်နိုင် တယ်။ ဒါကြောင့်မိုလို့ ချောင်းဆိုးရင် ပါးစပ်ကို အုပ်ဆိုးဖို့ ပြောကြားရပါတယ်။ နှာခေါင်းစည်းတပ်ဖို့ ပြောကြား ရပါတယ်။ စကားပြောရင်တောင် ကူးနိုင်တယ်။ သီချင်း ဆိုရင်လည်း ကူးနိုင်တယ်။ ဒီလိုမျိုး ဆိုကြတာတွေ ရှိပါတယ်။

အဲဒီတော့ တံတွေးကနေလည်း ကူးစက်နိုင်တာကို စိုးရိမ်မှုတွေရှိတဲ့အတွက်ကြောင့် တားဆီးနေတဲ့ လုပ်ငန်း တွေ၊ နည်းစနစ်တွေ ရှိပါတယ်။ ဥပမာ - အားကစားကို ပြင်းပြင်းထန်ထန်လုပ်တဲ့ သူတွေဆိုရင် ကြာလာတဲ့အခါ ပါးစပ်ထဲမှာ တံတွေးတွေ ချွဲပျစ်လာတဲ့အတွက်ကြောင့်မို့ တံတွေးထွေးချင်တဲ့ဆန္ဒ ဖြစ်ပေါ်တတ်ပါတယ်။ အထူး သဖြင့် ဘယ်မှာတွေ့ရသလဲဆိုရင် ဘောလုံးသမားတွေ ကစားတဲ့အခါမှာ တွေ့ရလေ့ရှိပါတယ်။ အဲဒီတော့ ပြီးခဲ့တဲ့ ရက် လပိုင်းတွေက အခြားအနောက်နိုင်ငံတွေမှာ ဘောလုံး ပြိုင်ပွဲ ပြန်ဖွင့်တဲ့အခါ ဖီဖာလို့ခေါ်တဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ကလည်းကောင်း၊ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကလည်းကောင်း အားကစားသမားများ၊ ဘောလုံးသမားများ တံတွေး မထွေးရဘူးဆိုပြီး တားမြစ်ထားပါတယ်။ ကိုဗစ်ရောဂါကူးစက်မှာစိုးလို့ ဖြစ်ပါတယ်။ တကယ်လို့ တံတွေးထွေးလို့ရှိရင် အဝါကတ်ပြမယ်လို့ ပြောခဲ့ဖူး ပါတယ်။ အခု အဝါကတ်တော့ မပြဘူး၊ သတိ ပေးတာတော့ ခံရပါတယ်။

အိန္ဒိယနိုင်ငံမှာဆိုရင်လည်း ကျွန်တော်တို့နိုင်ငံမှာလို ကွမ်းစားတာများတယ်။ ကွမ်းတံတွေး ထွေးတာကျတော့ ကွမ်းတံတွေးကြောင့်မို့ ကိုဗစ်ရောဂါကူးစက်မှာစိုးတဲ့ အတွက် ကွမ်းတံတွေး ထွေးကြသူများသည် Mask မတပ် သောသူများနှင့် အတူတူပဲလို့ တန်းတူထားပြီး ဒဏ်ငွေ ဆောင်ရမယ်လို့ ဆိုပါတယ်။ ရူပီး ၅၀၀ မြန်မာငွေနဲ့ဆိုရင် ငွေကျပ် ၁၀၀၀၀ ကျော် ဆောင်ရမှာဖြစ်ပါတယ်။ ဒီတံတွေး ထွေးတာနဲ့ပတ်သက်လို့ ပညာပေးနေတဲ့ လုပ်ငန်းတွေ၊ တားမြစ်နေတဲ့ လုပ်ငန်းတွေ၊ ဒဏ်ရိုက်နေတဲ့ လုပ်ငန်းတွေ လည်းရှိပါတယ်။ ကျွန်တော်ကတော့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ကိုဗစ်ရောဂါ ကာကွယ်ရေး လုပ်ငန်းတွေမှာ ဘယ်အရာမဆို မလုပ်မဖြစ် ကျန်တဲ့ ဟာတွေကို နည်းစနစ်တကျတွေလုပ်ဖို့ သင့်တယ်လို့ ပြောချင်ပါတယ်။

ကွမ်းစားတဲ့အတွက်ကြောင့်မို့ ကိုဗစ်ကူးစက်နိုင်ရုံ သာမက တခြားသော မကူးစက်တတ်သော ရောဂါတွေ လည်း ဖြစ်နိုင်ပါသေးတယ်။ ဥပမာ - ခံတွင်းကင်ဆာ လိုဟာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော် ထင်ပါတယ်။ ဆရာကြီး ဦးကျော်ကံကောင်းတို့က ဒီရောဂါ တွေနဲ့ပတ်သက်လို့ ပိုကျွမ်းကျင်တဲ့အတွက်ကြောင့်မို့ ဆရာရဲ့ ဆွေးနွေးမှုမှာ ပါဝင်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီတော့ ကွမ်းစားခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ် သောက်ခြင်းတို့သည် ကျန်းမာရေးကို ထိခိုက်စေတဲ့ အတွက်ကြောင့်မိုလို့ အခြေခံကျန်းမာရေးကို ချို့ယွင်း စေသော၊ ပိုဆိုးစေသော အချက်အနေနဲ့ ဒီနေရာမှာ အကြံပြုလိုပါတယ်။ တံတွေးထွေးခြင်းအားဖြင့် တီဘီ ရောဂါကိုလည်း ကူးစက်ဖြစ်ပွားနိုင်တဲ့အတွက်ကြောင့် တီဘီရောဂါအဖြစ်များတဲ့ နိုင်ငံမျိုးမှာ တံတွေးထွေး ခြင်းကို အထူးသတိထားစေချင်ပါတယ်။

ဒုတိယတစ်ခုက အစားအသောက်ကနေ ကူးနိုင် သလားဆိုပြီး မေးခွန်းရှင်တစ်ဦးက မေးထားပါတယ်။ ကိုဗစ်ဟာ အစားအသောက်ကနေ မကူးပါဘူး။ သို့သော် အစားအသောက် အတူတူစားကြလို့ရှိရင် Mask တွေ ဖြုတ်ပြီး စားကြမယ်၊ အခန်းအလုံပိတ်ပြီး စားကြမယ် ဆိုရင်တော့ သတိထားဖို့ သင့်ပါတယ်။ ဒါလည်း အရေးကြီး တဲ့ ကိစ္စတစ်ခုပါ။

ဒီတော့ မေးခွန်းတွေအားလုံးကို ခြုံငုံပြီးကြည့်လိုက် မယ်ဆိုရင် များသောအားဖြင့် လူတွေက စိုးရိမ်လို့ မေးကြတာတွေ များပါတယ်။ ရောဂါကူးစက်မှာစိုးလို့၊ ရောဂါဖြစ်မှာစိုးလို့၊ နောက် ဘာဖြစ်မှန်းမသိလို့ဆိုပြီး မေးကြတာပါ။ လူတွေမှာ စိုးရိမ်သောကတွေ ဖြစ်တယ်လို့ ကျွန်တော် ခံစားမိပါတယ်။ ဒီလိုမျိုး စိုးရိမ်သောကတွေဟာ ဆွေးနွေးတိုင်ပင်သင့်တယ်လို့ ကျွန်တော် အကြံပေးချင် ပါတယ်။ ပညာရှင်တွေနဲ့ တိုင်ပင်သင့်ပါတယ်။ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ဖွင့်ထားတဲ့ 2019 Call Center ကို လည်းကောင်း၊ MMA က ဖွင့်ထားတဲ့ Teleconsultation ကို လည်းကောင်း၊ ကိုဗစ် Consultation နဲ့ပတ်သက်တဲ့ Call Center တွေရှိပါတယ်။ MMA Facebook မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ဝင်ရောက်ပြီး ဆွေးနွေးမေးမြန်းနိုင်ပါတယ်။ ကျန်းမာရေး ဆိုင်ရာ စိတ်ပညာရှင်တွေက ဒါတွေနဲ့ပတ်သက်ပြီး နှစ်သိမ့်ဆွေးနွေးမှုတွေကိုလည်း ပြုလုပ်ပေးတာလည်း ပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ အခြားသော မကူးစက် တတ်တဲ့ ရောဂါတွေနဲ့ပတ်သက်ပြီး ဆွေးနွေးလို့ရတဲ့ အပိုင်းတွေပါတယ်လို့ ကျွန်တော့်အနေနဲ့ အကြံပေးလို ပါတယ်။

ဒေါက်တာခင်ခင်ကြီး ။ ။ ဆရာကြီးအနေနဲ့ ဒီလို

ရှင်းလင်း ပြောပြပေးတဲ့ အတွက် ပြည်သူတွေ အများကြီးအကျိုးရှိမယ်လို့ ကျွန်မ ထင်ပါတယ်။ အခုဆက်လက်ပြီး မကူးစက်နိုင်သော ရောဂါများနဲ့ ပတ်သက်ပြီး မကူးစက်တဲ့ရောဂါတွေနဲ့ ကိုဗစ်ဟာ ဘယ်လိုဆက်စပ်နေတယ်၊ မကူးစက်တဲ့ရောဂါ တွေဖြစ်တဲ့ သွေးတိုး၊ နှလုံးရောဂါအခံရှိသူတွေဟာ ကိုဗစ် ဖြစ်လာရင် ဘယ်လောက်အထိ ဆိုးဆိုးရွားရွားခံစားနိုင် ရတယ်ဆိုတဲ့ အချက်တွေကို ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြ ပေးဖို့အတွက် ဆရာကြီး ဦးကျော်ကံကောင်းကို ဖိတ်ခေါ် ပါတယ်။

ဒေါက်တာကျော်ကံကောင်း ။ ။ အဲဒီတော့ ပြည်သူ

လူထုက မေးထား တဲ့ မေးခွန်း သုံးခု ရှိပါတယ်။ ပထမဆုံးမေးခွန်းက ရောဂါ အခံရှိတဲ့သူတွေ သေဆုံးမှုများနေတယ်။ ဒုတိယမေးခွန်း က ဘယ်လိုရောဂါတွေကြောင့်မို့ သေဆုံးမှုပိုများနေတာ လဲနဲ့ နောက်ဆေးခန်းတွေ သွားရလာရတာ ခက်ခဲတယ်။ ပုဂ္ဂလိကဆေးခန်းတွေကလည်း ကိုဗစ်လို့ သံသယရှိရင် လက်မခံနိုင်ဘူး။ ဒါကို ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်လို့ အဖွင့်မှာလည်း ပြောသွားပြီးပါပြီ၊ ဒါတွေကို ဘယ်လိုလုပ်ရမလဲဆိုပြီး ပြည်သူလူထုက မေးထားတာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ကိုဗစ်ရောဂါ ကြောင့် သေဆုံးမှုတွေကို ကြည့်မယ်ဆိုရင် လူတိုင်းက ရောဂါဖြစ်လာမယ်ဆိုရင် သေဆုံးမှုကို ကြောက်ကြတာ ပေါ့နော်။ အဲဒီတော့ ကူးစက်ရောဂါဖြစ်ဖြစ်၊ မကူးစက် ရောဂါဖြစ်ဖြစ် သေဆုံးမှုကို လျှော့ချပေးဖို့ လိုအပ်ပါတယ်။ အဲဒီမှာ Case Fatality Rate လို့ခေါ်တဲ့ ရောဂါကြောင့်သေဆုံးမှုနှုန်းထားကို ကျွန်တော်တို့ အမြဲတမ်းပြန်လည်ပြီး ဆန်းစစ်နေဖို့ လိုပါတယ်။ ကိုဗစ် ကူးစက်မှုကိုထိန်းချုပ်ဖို့ ကျွန်တော်တို့ ဆောင်ရွက်နေသလို ရောဂါကြောင့် သေဆုံးမှုနှုန်းကိုလည်း လျှော့ချဖို့အတွက်ကို ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ကြိုးပမ်းပြီး ဆောင်ရွက် နေပါတယ်။

သေဆုံးမှုအနေအထားတွေကို ကြည့်မယ်ဆိုရင် အောက်တိုဘာလ ၂၇ ရက် ညပိုင်းက ထုတ်ပြန်တဲ့ ဒေတာတွေအရဆိုရင် သေဆုံးသူ စုစုပေါင်း ၁၁၄၁ ဦး ရှိခဲ့ပါပြီ စိတ်မကောင်းစရာပါ။ ကူးစက်ရောဂါတိုက်ဖျက် ရေးဌာနရဲ့ လေ့လာသုံးသပ်ချက်တွေအရ သေဆုံးသူတွေရဲ့ အသက် ၆၀ ကနေ ၇၅ နှစ်အရွယ် လူနာတွေက သေဆုံးမှု အမြင့်မားဆုံးဖြစ်ပါတယ်။ ဒုတိယအမြင့်မားဆုံးအုပ်စုက အသက် ၄၅ နှစ်ကနေ ၆၀ အရွယ် လူနာတွေဖြစ်ပါတယ်။ ဒါပေမယ့် လူငယ်တွေမှာလည်း သေဆုံးမှုရှိပါတယ်။ သို့သော် သေဆုံးမှုရာခိုင်နှုန်း မများပါဘူး။ အဲဒီမှာ ကျွန်တော်တို့က သေဆုံးမှုတွေကို လျှော့ချဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော် ရဲ့ ပံ့ပိုးမှု၊ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုတွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။

 

 

ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုက သိပ်ကိုအရေး ကြီးပါတယ်။ လိုအပ်တဲ့ အသက်ကယ်ဆယ်မှုတွေ ဆောင်ရွက်ဖို့အတွက် အောက်ဆီဂျင် လိုအပ်ချက်တွေ၊ Remdesivir ဆေးဝါးလိုအပ်ချက်တွေကို သွေးရည်ကြည် ကုထုံးနဲ့ ကုသပေးတဲ့ လုပ်ငန်းတွေကို ဝန်ကြီးဌာနအနေနဲ့ ဦးစားပေးလုပ်ငန်းတစ်ရပ်အနေနဲ့ ချက်ချင်းတွေ့၊ ချက်ချင်းကုသပေးနေပါတယ်။ သေဆုံးမှုတွေကို လျှော့ချ နိုင်ဖို့အတွက်ဆိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ဆောင်ရွက်လျက်နည်းတူ ပြည်သူလူထု တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ မိသားစု တစ်စုချင်း၊ ရပ်ကွက်၊ ကျေးရွာတွေမှာ တာဝန်ရှိတဲ့သူတွေက ပူးပေါင်း ဆောင်ရွက်ဖို့ အထူးအရေးကြီးပါတယ်။

ရောဂါအခံရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ မိမိတို့ ကိုယ်တိုင်က ကိုဗစ် - ၁၉ နဲ့ပတ်သက်တဲ့ ညွှန်ကြားချက် တွေကိုလိုက်နာပြီး ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ် ပါတယ်။ မြန်မာနိုင်ငံမှာ အခုလက်ရှိ ဆေးရုံတက် ကုသမှုခံယူနေတဲ့ လူနာတွေထဲက ၈၉ ရာခိုင်နှုန်းဟာ ရောဂါအခံ တစ်ခုရှိတယ်ဆိုတာကို လေ့လာတွေ့ရှိရ ပါတယ်။ အဲဒီရောဂါတွေက ဘာတွေလဲဆိုတော့ ဆီးချို၊ သွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ နှလုံး သွေးကြောကျဉ်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာ ရောဂါနဲ့ လေဖြတ်ထားသူတွေ ပါတယ်။ တချို့ဆိုရင် ကူးစက်ရောဂါတစ်ခုဖြစ်တဲ့ တီဘီရောဂါကို ဖြစ်ပွားပြီး ထပ်မံ၍ ကိုဗစ်ရောဂါ ကူးစက်ခံရတဲ့အတွက် ပိုမို ဆိုးရွားသွားတာတွေရှိတယ်။ တချို့မှာ အသည်းခြောက်တဲ့ ရောဂါ၊ ပန်းနာရင်ကျပ်တဲ့ ရောဂါရှိတဲ့သူတွေလည်း ပိုမိုသေဆုံးတာကို တွေ့ရပါတယ်။

ကိုဗစ်မဖြစ်ခင်ကတည်းက သေဆုံးမှုတွေ ဘာလို့ များနေတယ်ဆိုတာကို ပြန်လည်သုံးသပ်ရရင် ရန်ကုန် တိုင်းဒေသကြီးရဲ့ ၂၀၁၉ ခုနှစ် ဒေတာတွေကို အနည်းငယ် တင်ပြလိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ မနှစ်တုန်းက သေဆုံးသူစုစုပေါင်း ၆၂၀၀၀ လောက်ရှိပါတယ်။ အဲဒီထဲမှာ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ လေဖြတ် ရောဂါတွေကြောင့် သေဆုံးသူပေါင်း ၂၀၀၀၀ လောက်ရှိပါ တယ်။ ဆီးချို၊ သွေးချိုရောဂါကြောင့် သေဆုံးခဲ့သူတွေ တော်တော်များပါတယ်။ ဆီးချိုရောဂါကနေ ဆက်စပ် ဖြစ်သွားတဲ့ ရောဂါတွေကြောင့် သေဆုံးနေတာဖြစ်ပါတယ်။

ကိုဗစ်သေဆုံးမှုနဲ့နှိုင်းယှဉ်လိုက်ရင် မကူးစက် နိုင်တဲ့ရောဂါတွေရဲ့ သေဆုံးမှုနှုန်းက နဂိုကတည်းက များနေပါတယ်။ ကမ္ဘာပေါ်မှာ ဒါကိုဘယ်လိုခေါ်လဲဆိုတော့ “ကိုဗစ်” ကို ကပ် Pandemic ရောဂါလို့ ခေါ်နေကြတဲ့ အချိန်မှာ နဂိုရှိရင်းစွဲ မကူးစက်နိုင်တဲ့ရောဂါတွေရှိနေတဲ့အတွက်ကြောင့် Syndemic လို့ ခေါ်နေကြပါတယ်။ Synergistic Pandemic လို့လည်း တချို့က သုံးနှုန်းကြ ပါတယ်။

 

 

ဘာကြောင့် သေဆုံးမှုကများတာလဲ အခုမေးထားတဲ့ မေးခွန်းမှာလည်း ပါပါတယ်။ ဆီးချို၊ သွေးတိုးရောဂါရှိတဲ့ သူတိုင်းဟာ ကိုဗစ်ရောဂါ ကူးစက်ခံရလို့ရှိရင် သာမန် Control ရနေတဲ့သူတွေက ဒီလောက်သေဆုံးမှု မများ ပါဘူး။ နဂိုကတည်းက ဆီးချိုရောဂါ၊ သွေးတိုးရောဂါရှိမယ်၊ ဆေးကို ပုံမှန်သောက်သုံးမှု မရှိဘူး။ သောက်သုံးတဲ့ ဆေးဝါးတွေက လွဲနေတယ်။ သေချာကုသမှု မခံယူဘူး ဆိုရင် ဒီ ဆီးချို၊ သွေးချို၊ သွေးတိုးလူနာတွေက နဂိုကတည်း က ကျောက်ကပ်ပျက်စီးထားတာဖြစ်မယ်။ နှလုံးတွေ နဂိုကတည်းက အားနည်းထားတာဖြစ်မယ်။ ဒီဟာကြောင့်မို့ “ကိုဗစ်” ဝင်လာတဲ့အခါမှာ နဂိုကတည်းက ခန္ဓာကိုယ်က ခုခံအားနဲ့ ခံနိုင်ရည်မရှိတဲ့အချိန်မှာပိုပြီး သေဆုံးမှု များသွားတာ ဖြစ်ပါတယ်။

ဒါတွေက နဂိုကတည်းက ဆီးချို၊ သွေးတိုးကို ထိန်းသိမ်း ထားရမယ်။ ထိန်းချုပ်ထားနိုင်ရမယ်။ လေ့လာဆန်းစစ်မှု တွေအရ သွေးတိုးဆေးတွေ သောက်တာသောက်နေတယ်၊ ဒါပေမယ့် ပုံမှန် သွေးပေါင်ချိန်မရဘူးဆိုတဲ့ အနေအထား တွေကို တွေ့ရှိခဲ့ပါတယ်။ ယခုနောက်ဆုံး ထွက်ပေါ်လာတဲ့ သုတေသနတွေအရ ဆီးချိုတက်နေတယ်၊ သွေးထဲမှာ သကြားဓာတ်များနေတယ်ဆိုရင် ဆဲလ်တွေ၊ တစ်သျှူးတွေ ပျက်စီးနေတဲ့အချိန်ကြောင့်မို့ ဖြစ်ပါတယ်။

ဒါပေမယ့် အခုထပ်မံတွေ့ရှိချက်အရ သွေးထဲမှာရှိတဲ့ ခုခံအားစနစ်တစ်မျိုးဖြစ်တဲ့ Interleukin Regulatory Factor အမှတ် ၁၅ ကို ဒီဆီးချိုတက်နေတယ်ဆိုရင် လှုံ့ဆော်ပေးလိုက်တဲ့အခါ ကိုယ်ခံအားစနစ်က ကိုယ့်ကိုပဲ လွန်ကဲစွာတုံ့ပြန်တဲ့စနစ်တွေ ဖြစ်လာတယ်။ တချို့ ဆီးချို မရှိသေးဘူး၊ ကိုဗစ် Positive ဖြစ်လို့ ဆေးရုံရောက် သွားတဲ့အခါ လိုအပ်တဲ့ဆေးဝါး သုံးပါတယ်။ အများစု သိကြပါတယ်။ Dexamethasone ဆိုတဲ့ဆေးတွေ သုံးပါ တယ်။ အဲဒီတော့ Dexamethasone ဆေးထိုးလိုက်ရင် သာမန် ဆီးချိုမတက်တဲ့သူက ဆီးချိုတက်သွားနိုင်ပါတယ်။

ဒါတွေက ကုသမှုစင်တာတွေဖြစ်တဲ့ ဝေဘာဂီ၊ တောင်ဥက္ကလာ၊ ဖောင်ကြီးတို့မှာ ကြုံတွေ့နေရပါတယ်။ အဲဒီမှာ အင်ဆူလင်လိုဆေးဝါးမျိုးတွေနဲ့ ဆီးချိုကို ထိန်းနိုင်အောင် လုပ်ပေးနေရတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ ပြောချင်တာကတော့ ပြည်သူလူထုအနေနဲ့ အရင်ကတည်းက ဆီးချို၊ သွေးချိုရှိရင် မှန်မှန်ဆေးသောက် ဖို့၊ ပုံမှန် Checkup လုပ်ဖို့ တိုက်တွန်းလိုပါတယ်။

နောက်ဆုံးမေးခွန်းတစ်ခုက ဆေးခန်းပြလို့မရတဲ့ အခက်အခဲပါ။ ဒီလိုသေဆုံးမှုတွေရှိနေတာက ဆီးချို၊ သွေးချိုရောဂါ၊ သွေးတိုးရောဂါတွေကို Control လုပ်မထားတဲ့အတွက် မသေသင့်ဘဲ သေနေရတာ ဖြစ်ပါတယ်။ ပြန်လေ့လာရာမှာ ဆေးရုံရောက်တဲ့လူတွေရဲ့ သုံးပုံတစ်ပုံလောက်ဟာ ဆေးရုံရောက်ပြီး တစ်ရက်အတွင်း သေဆုံးသွားတာဖြစ်ပါတယ်။

 

 

အဲဒီမှာ ဆေးရုံကိုရောက်ဖို့ အကြောင်းကြောင်းကြောင့် နှောင့်နှေးနေတာ တွေ့ရပါတယ်။ ကျွန်တော်တို့ မိတ်ဆွေ တွေထံကလည်း ကြားနေရတယ်။ အနံ့ပျောက်သွားတယ်။ ဒါပေမယ့် သူတို့က မသွားချင်ဘူး။ တစ်ခါတလေကျရင် တက္ကစီသမားတွေ အနံ့ပျောက်သွားတယ်။ တက္ကစီ မောင်းနေတုန်းပဲ။ ဒါမျိုးတွေက ကူးစက်မှုကို ပိုပြီးများပြား စေပါတယ်။ စောစောစီးစီး မိမိကိုယ်တိုင်ကလည်း ဆေးရုံ၊ ဆေးခန်းတွေကိုလာဖို့ ကျွန်တော်တို့ ပြောလိုပါတယ်။

နောက်တစ်ခုက Stay Home ကာလတွေမှာ အခြေအနေအကြောင်းကြောင်းကြောင့် အိမ်မှာပဲနေရတဲ့ အချိန်တွေက များလာတယ်။ အိမ်မှာနေရတာပိုများတော့ အစားအသောက်တွေ ပိုစားဖြစ်တယ်။ လေ့ကျင့်ခန်း လုပ်တာတွေလည်း လျော့သွားတယ်။ အဲဒါမျိုးတွေ ကိုလည်း ကျွန်တော်တို့ လုပ်ရမယ်။

ခုနက ဆရာကြီး ဦးထင်အောင်စော ဆွေးနွေးသွား သလိုပဲ စိတ်ဖိစီးမှုတွေ၊ သောကတွေ များလာတယ်။ ပူပန်စရာတွေ များလာတဲ့အခါကျတော့ မိမိတို့ ဘာသာ တရားအလိုက် ဘုရားရှိခိုးတာ၊ တရားထိုင်တာတွေ ကိုလည်း ဆောင်ရွက်ဖို့လိုပါတယ်။

ကျွန်တော်တို့ ကုသမှုပေးရတဲ့ တစ်ရက်၊ နှစ်ရက် အတွင်းမှာ ရောက်လာတဲ့သူတွေဟာ စောစောစီးစီး ရောဂါနုတုန်းမှာလာမှ သေဆုံးမှုကို လျှော့ချနိုင်မှာဖြစ်တဲ့ အတွက် ဒီအကြောင်းတွေကြောင့် ကျွန်တော်တို့ဘက်က လည်း လိုအပ်တာတွေကို ပံ့ပိုးမယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ဆောင်ရွက်လျက်ရှိ ပါတယ်။ ပြည်သူလူထုတွေဘက်ကလည်း မိမိအသိစိတ် ဓာတ်နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။

နောက်တစ်ခုက ဆေးခန်းတွေ ပိတ်တားတဲ့ကိစ္စမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာ ဒေသန္တရ ကျန်းမာရေးဌာနတွေသည် မြို့ပေါ်မှာ ရှိပါတယ်။ ရန်ကုန် မြို့မှာဆိုလည်း ရှိတယ်။ မြို့လယ်မှာလည်း ရှိပါတယ်။ ကျေးလက်ကျန်းမာရေးဌာနတွေမှာ ဆီးချို၊ သွေးချို စစ်ဆေးတဲ့ဆေးခန်းတွေ ရှိပါတယ်။ အပတ်စဉ် ဖွင့်လှစ် နေပါတယ်။

ကိုဗစ်စဖြစ်ကတည်းက Social Distancing Measure တွေနဲ့ လူနာတွေလာမယ်ဆိုရင် သေချာ ကြည့်ရှုပေးဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။ အဲဒီဆေးခန်း တွေက ဖွင့်မြဲအတိုင်း ဖွင့်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖွင့်လှစ်ထားပေးတဲ့ ဒေသန္တရ ဆေးခန်းတွေ၊ ကျေးလက်ကျန်းမာရေးဌာနတွေကို လာပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ၊ စစ်ဆေးမှုတွေကို ခံယူဖို့ တိုက်တွန်းလိုပါတယ်။

 

 

မကူးစက်နိုင်တဲ့ရောဂါတွေ ဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းက ဆေးလိပ်သောက်သုံးမှုများတာ၊ ကွမ်းစားသုံးမှုများတာ၊ ဆေးရွက်ကြီးသုံးစွဲတာများတာ၊ အရက်အလွန်အကျွံသောက်တာ၊ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်နေတဲ့ အနေအထားတွေက အချိုလွန်ကဲတဲ့ အစား အသောက်တွေ၊ အဆီလွန်ကဲတဲ့ အစားအသောက်တွေ၊ အငန်လွန်ကဲတဲ့ အစားအသောက်တွေက NCD ရဲ့ Modifiable Risk Sector တွေဖြစ်ပါတယ်။

ဒါတွေအားလုံးကို လိုက်နာကျင့်သုံးခြင်း၊ ရှောင်ရှား ခြင်း၊ လေ့ကျင့်ခန်းတွေလုပ်ခြင်းအားဖြင့် NCD ရောဂါတွေ ဖြစ်ပွားမှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ပြည်သူလူထုက ဝိုင်းဝန်းပြီး ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်။

ဒေါက်တာခင်ခင်ကြီး ။ ။ ကူးစက်ရောဂါနဲ့ ဆိုင်တဲ့

မေးခွန်းတွေ ကျွန်မကို မေးမြန်းထားတာ ရှိပါတယ်။ ပြည်သူလူထုထဲမှာ စိုးရိမ် စိတ်တွေ လွန်ကဲတယ်။ စားစရာတွေအပေါ်မှာ ပိုးသတ် ဆေးတွေ ဖျန်းမယ်။ ဝယ်လို့ရတယ် စသဖြင့် ဒါမျိုးတွေ ကြော်ငြာနေတဲ့ ကိစ္စတွေလည်း တွေ့ရပါတယ်။

ဒါတွေဟာ အလွန်အန္တရာယ်ရှိတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ဒီနေရာမှာ FAO ၊ OIE ၊ WHO နဲ့ World Food Programme တို့ပူးတွဲပြီး ကိုဗစ် - ၁၉ နဲ့ အစား အသောက်ဆိုပြီး လက်ကမ်းစာစောင်တွေ၊ ပိုစတာတွေ လုပ်ထားတာရှိပါတယ်။ ဒါက ဘာပြောထားသလဲဆိုတော့ လက်ကို မကြာခဏ ဆေးခြင်းက အကောင်းဆုံး ဖြစ်ပါ တယ်။

 

 

ဘယ်အချိန်မှာ လက်ဆေးမလဲ အစားအသောက်တွေ ကိုင်တွယ်ရာမှာ၊ အစားအသောက်တွေ ချက်ပြုတ်ရာမှာ၊ စားသောက်ရာမှာ၊ ရေသောက်ရာမှာ လက်ကိုဆေးရမှာ ဖြစ်ပါတယ်။ အိမ်သာသွားပြီးအခါမှာ၊ နောက်တစ်ခုက ညစ်ပတ်နေတဲ့ အရာတွေကို ကိုင်တွယ်လိုက်မိပြီဆိုရင် လက်ဆေးပါ။

နောက်တစ်ခု ထူးခြားတာက တိရစ္ဆာန်တွေကို ကိုင်တွယ်ပြီးရင် လက်ဆေးပါ။ ဒီအဖွဲ့ လေးခုက ပြောထားတာဖြစ်ပါတယ်။ အချက် ၁၀ ချက်ကို ချုပ်ပြီး ပြောထားပါတယ်။ အစားအသောက်ကနေ ကူးစက်တယ် ဆိုတဲ့ အထောက်အထားမရှိပါဘူး။ ဒါက နံပါတ် (၁)အချက် ဖြစ်ပါတယ်။ နံပါတ် (၂)အချက်က ကိုဗစ် - ၁၉ ဗိုင်းရပ်စ်က အစားအသောက်မှာ မကြီးထွားနိုင်ပါဘူး။ မရှင်သန်နိုင် ပါဘူး။ ပိုးမပွားနိုင်ပါဘူး။

ခန္ဓာကိုယ်ကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆပ်ပြာနဲ့ ရေချိုးတာ၊ လက်ကိုလည်း မကြာခဏဆေးတာ ဒီလိုကိုဗစ် - ၁၉ နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို သေချာ လုပ်ဖို့လိုပါတယ်။ ဒါက နံပါတ် (၃) ပါ။

နောက်တစ်ခုက အစားအသောက်တွေ ကျက်အောင် ချက်ဖို့လည်း အရေးကြီးပါတယ်။ ဒါဆိုရင် အစိမ်းစားတဲ့ အသီးအနှံတွေ၊ အစိမ်းစားတဲ့ အရွက်တွေကို ဘယ်လို လုပ်ရမလဲဆိုတော့ အဲဒီအတွက်လည်း ရှိပါတယ်။ ဒါဆိုရင် အစိမ်းစားမယ့် အသီးအနှံအရွက်တွေကို ရိုးရိုးရေနဲ့ပဲ ဆေးဖို့ လိုအပ်ပါတယ်။ ဆပ်ပြာရေနဲ့ လုံးဝဆေးစရာ မလိုအပ်ပါဘူး။

ဒါတွေကို ဆပ်ပြာရေနဲ့ ဆေးခြင်းဟာ မလိုအပ်ဘဲနဲ့ ဆိုးကျိုးတွေကို ဖြစ်စေပါတယ်။ ရိုးရိုးရေနဲ့ဆေးပြီး စိတ်ချလက်ချစွာ စားသုံးနိုင်ပါတယ်။ ဒါကနံပါတ် (၅) ပါ။ နံပါတ် (၆) ကတော့ အစားအသောက်၊ ဒီပစ္စည်းတွေကို ထုပ်ပိုးထားတဲ့အရာတွေက ကိုဗစ် - ၁၉ ကူးစက်မှုဖြစ်ဖို့ အတွက် အလွန်ခဲယဉ်းပါတယ်။ ဖြစ်ဖို့ နည်းပါတယ်။

ဒါကြောင့် ပါဆယ်တွေ၊ အထုပ်အပိုးတွေ၊ Delivery က အစားအသောက်တွေ လာပြီဆိုရင် လက်ကို သေချာ ဆေးပြီးမှ ပါကင်ကိုဖွင့်ပြီး ပစ္စည်းတွေ၊ အခွံတွေ၊ အမှိုက် တွေကို စနစ်တကျ စွန့်ပစ်ပြီးရင် လက်ကို သေချာဆေးပါ။ အဲဒီလိုမျိုးလုပ်ရင် လုံလောက်ပါတယ်။

 

 

နံပါတ် (၇) ကတော့ Shopping ထွက်တဲ့အခါမှာလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အချက်အလက်တွေကို လိုက်နာပါ။ ဖျားနေတယ်၊ ချောင်းဆိုးနေတယ်၊ တစ်ခုခု ရောဂါဝေဒနာ ခံစားနေရတယ်ဆိုရင် လုံးဝ Shopping မထွက်ပါနဲ့။ တစ်နေရာတည်းမှာ အကြာကြီး နေတာတွေ မလုပ်ပါနဲ့။ အချိန်ကြာလေလေ အန္တရာယ်ရှိလေပါပဲ။ ဒီလိုမျိုးတွေ ကျင့်သုံးရမှာ ဖြစ်ပါတယ်။

နံပါတ် (၈) အချက်ကတော့ အခုအချိန်မှာဆိုရင် အစားအသောက်တွေကို ပို့ဆောင်ပေးတာ၊ အစား အသောက်တွေ စဉ်ဆက်မပြတ်ရရှိဖို့ လုပ်ဆောင်ပေးနေတဲ့ သူတွေကို ကျေးဇူးတင်ပါ။ သူတို့ တွေ ရောင်းချပေးနေတယ်၊ သူတို့တွေ ပို့ပေးနေတယ်ဆိုတာတွေက ကိုယ့်ကို ရောဂါ မကူးစက်အောင် ဆောင်ရွက်နေတဲ့အတွက်ကြောင့် ကျေးဇူးတင်ပါ။

နံပါတ် (၉) အချက်က စိုက်ပျိုးထုတ်လုပ်ပေးတဲ့ သူတွေဟာ တစ်နည်းအားဖြင့် အစားအသောက် Supply Chain ကို မပြတ်တောက်အောင် ဆောင်ရွက်ပေးနေတာ ဖြစ်တဲ့အတွက် သူတို့တွေကို ကျေးဇူးတင်ပါ။

နံပါတ် (၁၀) ကတော့ အပေါ်က အရာတွေအကုန်လုံး ကို ဆောင်ရွက်ပါ။ ဆောင်ရွက်ပြီးတဲ့အခါ လက်ကိုဆေးပါ။ ဒါက တစ်ပတ်လည်သွားတာပါ။ ဒီအချက်တွေကို ဆောင်ရွက်ရင် အစားအစာ ဘေးကင်းလုံခြုံရေးက စိတ်ပူ စရာမရှိပါဘူး။ ဘယ်လိုအရာမျိုးက ပိုပြီးကူးစက်နိုင်ဆုံးလဲ ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ပူးပူးကပ်ကပ်နေတာ၊ တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေ မခွာဘဲနဲ့ အတူရှိနေတာ ဖြစ်ပါတယ်။

 

 

သူ့ရဲ့အသက်ရှူလိုက်တဲ့ အစက်အမှုန်တွေက အပြင် ကို ထွက်လာပါတယ်။ အစက်အမှုန်က အကြီးကြီးတွေ ထွက်လာတာရှိတယ်။ အသေးတွေ ထွက်လာတာရှိတယ်။ နဂိုကတည်းက ကိုဗစ် - ၁၉ ဗိုင်းရပ်စ်က ကြီးတဲ့အုပ်စု ထဲမှာပါတဲ့အတွက် သူက အကြီးကြီးအမှုန်တွေအနေနဲ့ ထွက်လာပြီဆိုရင် သူကလေထဲမှာ ကမ္ဘာမြေရဲ့ ဆွဲအားနဲ့ ပြုတ်ကျသွားတတ်ပါတယ်။ လေထဲမှာ အကြာကြီး မနေ တတ်ပါဘူး။

သို့သော် အစက်အမှုန်သေးသေးလေးတွေက Particle လိုမျိုး အသေးအမွှားလေးတွေ ဖြစ်တယ်ဆိုရင်တော့ သူကလေထဲမှာ ရှိနိုင်ပါတယ်။ ဒီအချိန်မှာ ထိတွေ့မှုရှိတယ်၊ တစ်ယောက်နဲ့တစ်ယောက် နီးကပ်တယ်၊ သူနှာချေ၊ ချောင်းဆိုးလိုက်တယ်၊ အော်ဟစ်လိုက်တယ်၊ ပြောလိုက် တယ်၊ သဘောကျလို့ တဟားဟားနဲ့ ရီ (ရယ်) တယ် အဲဒီ အခါမှာ ဗိုင်းရပ်စ်တွေအများကြီးပါတဲ့ အစက်အမှုန်တွေက အားပါးတရနဲ့ ထွက်လာတယ်။

သူ့အနီးအနားမှာ ရှိနေတယ်ဆိုရင်တော့ ကိုယ်က မလွှဲမရှောင်သာဘဲနဲ့ ကူးစက်သွားမှာ ဖြစ်ပါတယ်။ ဒီဥစ္စာသည် လေထဲမှာ ကူးစက်နေပြီလား၊ အသက်တောင် ကောင်းကောင်းမရှူရဲဘူး ဆိုတာမျိုးတွေ ဖြစ်လာတယ်။ တံခါးပေါက်တွေတောင် မဖွင့်ရဲဘူးဆိုတာမျိုးတွေကို သူက ရှင်းထားပါတယ်။

 

 

တချို့ Infection တွေက ကိုဗစ်ရယ်လို့ မဟုတ်ပါဘူး။ ဗိုင်းရပ်စ်တွေက လေထဲမှာ မိနစ်အနည်းငယ် ကြာတတ် ပါတယ်။ နေရာတိုင်းမှာတော့ မဖြစ်ပါဘူး။ တကယ်လို့ လေကောင်းလေသန့် မရဘူး။ အခန်းကလည်း ကျဉ်းမယ်။ လူတွေကလည်း အများကြီးဖြစ်မယ်။ အဲဒီမှာလည်း Activity တွေက များမယ်။ အဲဒီနေရာ၊ အဲဒီအချိန်မှာရှိတဲ့ လူတွေကို ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့သူက အဲဒီအခန်းက ထွက်သွားပြီးရင်တောင်မှ အချိန်အတိုင်း အတာတစ်ခုအထိတောင်မှ ကူးစက်စေနိုင်ပါတယ်လို့ ရှင်းပြထားပါတယ်။

ဒါဟာဆိုရင် သာမန်အချိန်မှာလေထဲကနေ လွတ်လွတ် လပ်လပ်ကြီး ကူးစက်နိုင်တဲ့ရောဂါတော့ မဟုတ်ပါဘူး အဲဒါလေးကို သိစေချင်ပါတယ်။ နောက်ပြီး နံပါတ် (၃) က ဘယ်လိုကူးစက်တာလဲဆိုရင် ညစ်ပတ်နေတဲ့မျက်နှာပြင် တွေကနေ ကူးစက်တာပါ။ အဲဒါကတော့ ညစ်ပတ်နေတဲ့ မျက်နှာပြင်တွေကို ထိမယ်၊ ကိုယ့်ရဲ့ နှာခေါင်း၊ ပါးစပ်၊ မျက်နှာကို ပွတ်လိုက်မယ်။ ပြီးတဲ့အခါ အသက်ရှူသွင်း လိုက်မယ်ဆိုရင် ဒါက ကူးစက်တာဖြစ်ပါတယ်။

တချို့တွေ စိတ်ဝင်စားပါတယ်။ တိရစ္ဆာန်တွေကနေ ကျွန်မတို့ကို ကူးစက်မှာလားပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး တော့လည်း CDC ကနေ ရှင်းထားပါတယ်။ လူကနေ တိရစ္ဆာန်ကိုပဲ ကူးစက်နိုင်ပါတယ်။ အလွန်နီးကပ်နေ တဲ့အခါမှာ ကိုယ့်ရဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေကို ကူးစက်နိုင်ပါတယ်။ လက်ရှိအထောက်အထားအရ တိရစ္ဆာန်ကနေ လူကိုကူးစက်တဲ့ အထောက်အထား မရှိသေးပါဘူးဆိုတာကို သိရပါတယ်။

 

 

ဒါကြောင့် ခွေးတွေ၊ ကြောင်တွေ တိရစ္ဆာန်တွေကို ကိုင်ပြီးရင် လက်ဆေးဖို့ သူက ပြောထားခြင်း ဖြစ်ပါတယ်။ လက်ဆေးဖို့က အရေးကြီးပါတယ်။ WHO က ပြောထား တာကတော့ အမှိုက်သရိုက်က ကူးစက်နိုင်တာတွေ အလွန်နည်းတယ်လို့ ပြောပါတယ်။

နောက်တစ်ခုက ဆီးမှာ ကိုဗစ် - ၁၉ ပိုးတွေ့တာ တစ်ခု ရှိပါတယ်။ ဝမ်းမှာ ကိုဗစ် - ၁၉ ပိုးတွေ့တာ သုံးခု ရှိပါတယ်။ သို့သော် ဆီးမှာ ပိုးတွေ့ခြင်း၊ ဝမ်းမှာ ပိုးတွေ့ ခြင်းဟာ လူကို ကူးစက်နိုင်တဲ့ အထောက်အထား လုံးဝ မရှိပါဘူးဆိုပြီး ပြောပါတယ်။ ဒါကြောင့်မို့ အခုလက်ရှိ အနေအထားအရ ဒီလို ကူးစက်နိုင်တဲ့နည်းကို သိပြီဆိုရင် မေးထားတဲ့ မေးခွန်းတွေဖြစ်တဲ့ ည ၈ နာရီအထိ လူအများ သွားလာခဲ့တဲ့ လမ်းမတွေပေါ်မှာ နံနက်စောစော လူတွေ မသွားမီ၊ နှာခေါင်းစည်းတပ်ပြီး ကျန်းမာရေးအတွက် နာရီဝက်ခန့် လမ်းလျှောက်ရင် ကိုဗစ် - ၁၉ ကူးစက်မှု အန္တရာယ် ရှိပါသလားဆိုတာနဲ့ ပတ်သက်ရင် လူတွေ အသွားအလာမရှိတဲ့အချိန်မှာ လမ်းလျှောက်တာ ဘာမှ အန္တရာယ်မရှိပါဘူး။ ခုနပြောတဲ့ လူအများရှိတဲ့နေရာတွေ၊ လူအများသွားတဲ့ နေရာတွေကိုသွားရင် အန္တရာယ် ရှိပါတယ်။

 

 

လူဦးရေထူထပ်စွာနေထိုင်တဲ့ အိမ်ရာများမှာ မြေညီထပ်၊ ပထမထပ်တို့မှာ ပြတင်းပေါက် တံခါးတွေ ဖွင့်ထားရင် အိမ်အပြင်မထွက်သော်လည်း ကိုဗစ် - ၁၉ ကူးစက်နိုင်ခြေရှိပါသလားတဲ့ ဒါနဲ့ ပတ်သက်ရင်လည်း ကိုဗစ် - ၁၉ က လေထဲကနေ ကူးစက်တာ မဟုတ်တဲ့ အတွက် လေကောင်းလေသန့်ရရှိဖို့ Ventilation ကောင်းကောင်းရရှိဖို့အတွက် အရေးကြီးပါတယ်။ ဒါကြောင့် ပြတင်းပေါက်တွေ ဖွင့်ထားတာ၊ နေရောင်ခြည် ရရှိဖို့အတွက် ဆောင်ရွက်တာဟာ ကောင်းပါတယ်။ ပြတင်းပေါက်တွေဖွင့်ထားလို့ ကိုဗစ် - ၁၉ မကူးပါဘူး။ ဒါလေးကိုလည်း သိစေချင်ပါတယ်။

နောက်တစ်ခုက မေးထားတာကတော့ ဆရာကြီး လည်း ခုနက ပြောပြီးပါပြီ။ အစားအသောက်မှာ ကပ်ပါ ပြီး စားသုံးမိရင် ခံတွင်း၊ အစာအိမ်၊ အူလမ်းကြောင်းကနေ ကူးစက်နိုင်ပါသလားဆိုတော့ မကူးစက်နိုင်ပါဘူး။

 

 

နောက်ပြီး မေးထားပါတယ်။ ရောဂါပိုးက လေထဲ ဘယ်လောက်ကြာကြာရှိသလဲ။ ရေထဲ ဘယ်လောက် ကြာကြာရှိသလဲ ဒါနဲ့ပတ်သက်လို့ ကျွန်မတို့အနေနဲ့ အထောက်အထားတော့ မရှိပါဘူး။ သို့သော် WHO က ထွက်ထားတဲ့ Paper မှာ အဝတ်အစားနဲ့ သစ်သားမှာ ဆိုရင်တော့ တစ်ရက်အသက်ရှင်နိုင်ပါတယ်။ ဖန်ခွက်မှာ ဆိုရင် နှစ်ရက် အသက်ရှင်နေနိုင်ပါတယ်။ စတီးလ်တို့၊ ပလတ်စတစ်တို့မှာဆိုရင် လေးရက် အသက်ရှင်နေနိုင် ပါတယ်။ Mask တွေရဲ့ အပြင်ဘက်မှာဆိုရင် ခုနစ်ရက် အသက်ရှင်နေနိုင်ပါတယ် ဆိုတာလေးတွေ ရှိပါတယ်။ ဒါတွေကလည်း သူက ဓာတ်ခွဲခန်းအခြေအနေမှာ စမ်းသပ်ထားတာဖြစ်တဲ့အတွက် လက်ရှိအခြေအနေမှာ နည်းနည်းတော့ကွာဟမှု ရှိနိုင်ပါတယ်။ ဒါလေးတွေကို သိစေချင်ပါတယ်။

 

 

စမ်းသပ်စစ်ဆေးတဲ့အခါမှာ မြန်မာတစ်နိုင်ငံလုံးက အာခေါင်တို့ဖတ်ပဲ ယူနေရတုန်းလားရှင်။ Blood Test ဆိုလား အဲဒါနဲ့ မစစ်ဆေးရသေးဘူးလား။ ဘာဟာက ပိုသေချာသလဲဆိုပြီး မေးထားတာရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် အခုကျွန်မတို့ စမ်းသပ် စစ်ဆေးနေတဲ့ PCR Test နဲ့ Antigen Test တွေဟာဆိုရင် ရောဂါပိုး ရှိ/မရှိကို စစ်တဲ့ Test တွေဖြစ်ပါတယ်။ အခု မေးခွန်းရှင် မေးထားတဲ့သွေးကို စစ်တယ်ဆိုတာက Antibody ကို စစ်တာဖြစ်ပါတယ်။ ရောဂါ ရှိ / မရှိ ကို စစ်တာ မဟုတ်ပါဘူး။ Antibody ကို စစ်တယ်ဆိုတာ က သူက အရင်တုန်းက ရောဂါပိုး ကူးစက်ခဲ့သလား၊ နောက်တစ်ခုက အရင်တုန်းက ရောဂါပိုးရှိခဲ့တယ်။ ဒါပေမယ့် အခု သူက Convalescent Plasma လှူမယ်။ လှူတဲ့အခါမှာ သူ့ရဲ့ Antibody ကိုသိဖို့လိုတယ်။ ဒီလိုအခါမျိုးမှာ Antibody Test က သုံးတာဖြစ်ပါတယ်။

 

 

ကျွန်မတို့အခုလက်ရှိသုံးနေတဲ့ PCR Test ကဆိုရင် ဗိုင်းရပ်စ်ရဲ့ Gene ကိုစစ်တာဖြစ်တဲ့အတွက် Gold Stan-dard ဖြစ်ပါတယ်။ မှန်ကန်တိကျမှု အပြည့်ရှိပါတယ်။ အခုသုံးနေတဲ့ Rapid Antigen Test တွေကလည်း ဗိုင်းရပ်စ်ရဲ့ ပရိုတင်းကို စစ်တာဖြစ်တဲ့အတွက် PCR ကို အစားထိုးတာ မဟုတ်ပါဘူး။ PCR လောက်တော့ တိကျမှု မရှိပါဘူး။ သို့သော် သူကလည်း ပိုးရှိရင်ရှိကြောင်း ၈၀ ရာခိုင်နှုန်းအထက် မှန်ကန်ပါတယ်။ ပိုးမရှိရင် မရှိ ကြောင်းကလည်း ၉၅ ကနေ ၉၇ ရာခိုင်နှုန်းအထိ မှန်ကန် ပါတယ်။

 

 

ကမ္ဘာပေါ်မှာ ရောဂါဖြစ်ပွားသူက ၄၄ သန်း ပြည့် တော့မှာ ဖြစ်ပါတယ်။ သေဆုံးတဲ့သူ ကလည်း ၁၁ သိန်းနဲ့ ၇ သောင်းနီးပါးရှိနေပြီ ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ရဲ့ အန္တရာယ်ကို လျှော့မတွက်ဖို့အတွက် သတိပေးတာဖြစ်ပါ တယ်။ လက်ရှိအခြေအနေအရ ပြီးခဲ့တဲ့ ၂၀ ရက်နေ့က WHO ရဲ့ တစ်ပတ်စာ Epidemiological Analysis အရ ဆိုရင် အခုလက်ရှိမှာ ရောဂါဖြစ်ပွားမှု အများဆုံးဒေသ က ဥရောပ ဖြစ်ပါတယ်။

ဥရောပဒေသရဲ့ ရောဂါဖြစ်ပွားမှုကို ပြီးခဲ့တဲ့အပတ် နဲ့နှိုင်းယှဉ်ရင် ၂၅ ရာခိုင်နှုန်း တက်လာတယ် ဆိုတာကို တွေ့ရှိရပါတယ်။ ကျွန်မတို့ နိုင်ငံပါဝင်တဲ့ အရှေ့တောင် အာရှဒေသက ဖြစ်ပွားမှုရော၊ သေဆုံးမှုရော ၁၁ ရာခိုင် နှုန်းကျလာပြီဆိုတာကို ဝမ်းသာစရာကောင်းတဲ့အချက် တစ်ချက်အနေနဲ့ တွေ့ရှိရပါတယ်။

သို့သော် ပေါ့လို့မရပါဘူး။ လက်ရှိအနေအထားက လည်း ပေါ့လို့မရပါဘူး။ မကြာခင်မှာ “ဆောင်း” ဝင်လာ တော့မယ်။ ဆောင်းတွင်းဝင်လာရင် ရာသီတုပ်ကွေး အပါအဝင် အခြားအအေးမိ၊ နှာစေးဗိုင်းရပ်စ်တွေနဲ့ အခု ကိုဗစ်နဲ့ ပြီးရင်လူတစ်ယောက်တည်းမှာပဲ ဗိုင်းရပ် နှစ်မျိုး လည်း ဝင်နိုင်ပါတယ်။ ရာသီတုပ်ကွေးလည်း ဝင်နိုင် သလို ကိုဗစ်လည်း ဝင်နိုင်ပါတယ်။

 

 

ဒါကြောင့် ရောဂါကပေါ့ဆလို့မရပါဘူး။ ကူးစက် ရောဂါထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ မင်နီဆိုးတားက ပရော်ဖက်ဆာတစ်ယောက်က ပြောထားတာရှိပါတယ်။ နောက်တစ်လခွဲကနေ သုံးလလောက်အထိမှာဆိုရင် အခုဖြစ်နေတဲ့ ကပ်ရောဂါကြီးရဲ့ အမိုက်မှောင်ဆုံးကာလ တွေ ဆက်ရှိဦးမယ်ဆိုပြီး Forecast ကြိုတင်မှန်းဆပြီး ပြောထားတာတွေလည်း ရှိပါတယ်။

ကျွန်မတို့ နိုင်ငံက အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ သေဆုံးမှုက နံပါတ် ၃ လောက်မှာ ရှိနေတယ်ဆိုပေမယ့် ဒါကိုပေါ့ဆလို့ မရပါဘူး။ ကျွန်မတို့အနေနဲ့ ကိုယ့် နိုင်ငံသား တစ်ယောက်ချင်းက ကိုယ့်ရဲ့ မိဘတွေ၊ ကိုယ့်ရဲ့ မောင်နှမတွေ ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီကို ရောဂါမဖြစ်စေချင်သလို၊ သေဆုံးမှုကိုလည်း ဘယ်နည်း နဲ့မှ မဖြစ်စေချင်ပါဘူး။

ကျွန်မတို့ နိုင်ငံရဲ့ အခုလက်ရှိ ကာကွယ်ထိန်းချုပ် နေတဲ့ စနစ်တွေက On the Right Track မှာ ရှိနေပါ တယ်။ ဒါလေးကိုလည်း ပြောချင်ပါတယ်။ ပြည်သူတွေ သာ ချမှတ်ထားတဲ့ စည်းကမ်းကို ပူးပေါင်းဆောင်ရွက် မယ်ဆိုရင် မအောင်မြင်စရာမရှိပါဘူး။ ဖြစ်ပွားမှုတွေရော၊ သေဆုံးမှုတွေရော ကျဆင်းသွားမယ်လို့ မျှော်လင့်ပါ တယ်။ ကျွန်မကတော့ အသက်ဝဝရှူနိုင်မယ့်နေ့ မြန်မြန် ရောက်ချင်နေပါပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်။