
ကိုဗစ် - ၁၉ ရောဂါ ရင်ဆိုင်ကျော်လွှားခဲ့ရပုံများအကြောင်း ဆွေးနွေးခန်း
ထက်လျှံ၊ ဓာတ်ပုံ - ဇော်မင်းလတ်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၂၈ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်၏ ကိုဗစ် - ၁၉ ရောဂါ ရင်ဆိုင်ကျော်လွှားခဲ့ရပုံများအကြောင်း ဆွေးနွေးခန်းကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး ။ ။ ကိုဗစ် - ၁၉ ကူးစက်မှုတွေဟာ
ဘယ်လောက်ကြာကြာ ရှိနေမလဲ ဆိုတာက ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အတိုင်းအတာအပေါ် မူတည်နေပြီး ပူးပေါင်းဆောင် ရွက်မှု များရင်များသလို ရောဂါကူးစက်ဖြစ်ပွားမှုကာလ လည်း တိုတောင်းမှာ ဖြစ်ပါတယ်။
ကိုဗစ် - ၁၉ ဖြစ်ပွားမှု မများသေးတဲ့ တိုင်းဒေသ ကြီးတွေ၊ ပြည်နယ်တွေအနေနဲ့လည်း ဖြစ်တော့မယ် ဆိုတဲ့ ပုံစံမျိုးနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို အလေးထား ဆောင်ရွက်ကြရမှာပါ။ ကိုဗစ် - ၁၉ ကာကွယ်ရေး နည်းလမ်းတွေဟာ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်နိုင်တာ ဖြစ်တဲ့အတွက် ရာသီတုပ်ကွေးလို ရောဂါတွေပါ ကာကွယ် ပြီးသားဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ ကိုဗစ်အကြောင်း သိကောင်းစရာ အမေး/ အဖြေ အစီအစဉ်မှာ ကိုဗစ် - ၁၉ ရောဂါကို အကြောင်း အမျိုးမျိုးကြောင့် ကိုယ်တိုင်ခံစားခဲ့ရပြီး မှန်ကန်တဲ့ကုသ မှုတွေ ခံယူကာ ပြန်လည်သက်သာ ပျောက်ကင်းလာသူ တွေနဲ့ တွေ့ဆုံမေးမြန်းတင်ဆက်လာတာက အခုဆိုရင် တတိယမြောက် ရက်သတ္တပတ်ကို ရောက်ရှိလာပါပြီ။
ရောဂါကူးစက်ခံရသူတွေရဲ့ အတွေ့အကြုံတွေကို မိဘပြည်သူတွေထံ မျှဝေပေးဖို့အတွက် ဒီနေ့ရဲ့ ဆွေးနွေးပွဲ မှာတော့ ပါမောက္ခဒေါက်တာဆန်းလင်း [ပါမောက္ခ / ဌာနမှူး၊ စိတ်ကျန်းမာပညာ ဌာန၊ ဆေးတက္ကသိုလ် - ၂ (ရန်ကုန်)] နဲ့အတူ ဗိုလ်တထောင်မြို့နယ်က ဦးမြင့်လွင်နှင့် ကိုဇော်မင်းအောင်တို့ကို ဖိတ်ခေါ်ထားပါတယ်။
ဟုတ်ကဲ့ပါ ၊ အားလုံးပဲ မင်္ဂလာပါရှင်။ ပထမဆုံး ဆရာကြီးဒေါက်တာဆန်းလင်းအနေနဲ့ ကိုဗစ် - ၁၉ ရောဂါ ပိုးဟာ ဘယ်လိုမျိုးစပြီး ရောက်ရှိလာတယ်ဆိုတာကို သိချင်ပါတယ်။
ပါမောက္ခဒေါက်တာဆန်းလင်း။ ။ ကျွန်တော်တို့က
ဆေးတက္ကသိုလ် (၂) တာဝန်ကျသလို ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံ လို့ခေါ်တဲ့ ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးမှာ လည်း တွဲဖက်တာဝန် ထမ်းဆောင်ရပါတယ်။ အဲဒီမှာ ကျွန်တော် တို့ ကူးစက်ခံရတဲ့အဖွဲ့ပေါ့နော်။ ပြီးခဲ့တဲ့ အပတ်က အင်တာဗျူးမှာပါဝင်တဲ့ ဆရာပါမောက္ခဒေါက်တာတင်ဦးတို့နဲ့အတူ ကျွန်တော်တို့ ကူးစက်မှုရရှိလာတာပါ။
အစီအစဉ်မှူး။ ။ ကိုဇော်မင်းအောင်အနေနဲ့ ကိုဗစ်
ရောဂါပိုးက အစ်ကို့ဆီကို ဘယ်လို ရောက်ရှိလာတာလဲ၊ ဘယ်လိုကူးစက်ခံရတာလဲ ဆိုတာကို ပြောပြပေးပါဦး။
ကိုဇော်မင်းအောင်။ ။ ကျွန်တော်နဲ့ အိမ်မှာအတူနေတဲ့
အဖေက အရင် တစ်ရက်၊ နှစ် ရက်လောက်က ဖျားတယ်။ ကျွန်တော်လည်း ကိုယ်ပူလာ တဲ့အတွက် မိသားစုက သံသယရှိတာနဲ့ ဆေးရုံကို တစ်ခါတည်းသွား သတင်းပို့ပါတယ်။ အဖေ့ဆီကနေ တစ်ဆင့်ကူးစက်တဲ့ သဘောပါ။
အစီအစဉ်မှူး။ ။ အဲဒီတော့ ဦးမြင့်လွင်ကကော
ဘယ်ကနေ စပြီးကူးတယ်ဆိုတာ ကို သိပါသလား။ Contact Person တွေ၊ ဘာတွေ ရှိလားရှင့်။
ဦးမြင့်လွင်။ ။ ကျွန်တော်လည်း ဘယ်ကနေကူးမှန်း
မသိပါဘူး။ သွားရင်း၊ လာရင်းနဲ့ ဆိုတော့ အမှတ်တမဲ့ပဲ။ တစ်ရက်၊ နှစ်ရက် ကြည့်လိုက် တော့ နေရ၊ ထိုင်ရတာ သိပ်မကောင်းဘူး။ တစ် ရက်၊ နှစ် ရက်လည်းနေပြီးတဲ့အခါ အနံ့က နည်းနည်းပျောက်သွား တယ်။ ဒီတော့ မိသားစုနဲ့ တိုင်ပင်လိုက်တယ်။ ငါတော့ အနံ့ပျောက်သွားပြီ၊ ကိုဗစ် ဖြစ်သလား / မဖြစ်ဘူးလား တော့ မသိဘူး၊ ဆေးရုံသွားကြမယ်။ စစ်လိုက်တာ ပိုကောင်းတယ်ဆိုပြီး မိသားစုနဲ့တိုင်ပင်လိုက်တယ်။ မိသားစုနဲ့တိုင်ပင်ပြီး ကျွန်တော့်သမက် ဇော်မင်းအောင်နဲ့ ကျွန်တော်နဲ့ အင်းစိန်ဆေးရုံကို ၃၀ ရက်နေ့က သွားလိုက် တာပါခင်ဗျာ။
အစီအစဉ်မှူး ။ ။ ဒါဆိုရင် မိသားစုထဲမှာကူးစက်ခံရ
တာ ဘယ်နှယောက်များရှိမလဲရှင့်။
ဦးမြင့်လွင်။ ။ မိသားစုထဲမှာ ကူးစက်ခံရတာ ကျွန်တော်
ဖြစ်တယ်ဆိုတော့ အားလုံး ခုနစ်ယောက် ရှိတယ်။ အဲဒီ ခုနစ်ယောက်လုံး အကုန်လုံးက Positive ဖြစ်ပြီး ကျွန်တော်နဲ့ ကျွန်တော့်သမက်က ဝေဘာဂီကို ရောက်တယ်။ ကျန်တဲ့ မိသားစုတွေက ဖောင်ကြီးကို သွားပြီး ကုသမှုခံရတယ်။
အစီအစဉ်မှူး ။ ။ ဆရာကြီး ဒေါက်တာဆန်းလင်းရှင့်။
ဆရာကြီးအနေနဲ့ ကိုယ်တိုင်က ဆရာဝန် တစ်ဦးလည်းဖြစ်တယ်။ ကိုဗစ်ရောဂါ ကိုယ့်ဆီ မှာ စပြီးဖြစ်ပြီဆိုတာ သိရတဲ့အချိန်မှာ ဆရာကြီးအနေနဲ့ ဘယ်လိုခံစားရလဲရှင့်။
ပါမောက္ခဒေါက်တာဆန်းလင်း။ ။ ကျွန်တော် စဖြစ်ပြီ
ဆိုတဲ့ အချိန်မှာ Contact ရပြီ။ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက် အနံ့ပျောက်ပြီ၊ ဖျားနေပြီဆိုတာကို သတင်း ကြားတာနဲ့ ကျွန်တော်က အိမ်မှာစပြီး Home Quarantine သဘောမျိုးနဲ့ အိမ်ကအခန်းထဲကနေ လုံးဝမထွက်တော့ ဘူး။ ကျွန်တော် သီးသန့်ခွဲနေလိုက်တယ်။ သူကလည်း အဲဒီနေ့မှာ သွားစစ်လိုက်တော့ Positive ဖြစ်သွားတယ်။ နောက်တစ်နေ့မှာ ကျွန်တော်တို့အဖွဲ့တွေ စစ်တယ်။ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျွန်တော်တို့ကော သူ့ရဲ့ Contact ၂၀ ကျော်ကို စစ်တယ်။ အဲဒီအထဲမှာ ၁၄ ယောက် Positive ဖြစ်တယ်။
အဲဒီအချိန်မှာ ကိုယ်က လူနာတွေကို ကုသပေးနေရတဲ့ ဆရာဝန်တစ်ယောက်ဆိုတော့ တစ်ချိန်မဟုတ် တစ်ချိန် မှာတော့ ကိုယ့်ကို ကူးစက်နိုင်တယ်ဆိုတာကို ခန့်မှန်း ပြီးသားပါ။ ကိုယ့်အတွက် အလွန်အမင်း မပူပင်ပေမယ့် ကိုယ့်ရဲ့မိသားစုတွေ၊ ကျန်တဲ့သူတွေကို ဆက်ပြီး ကူးစက် မှာကိုတော့ စိုးရိမ်မိပါတယ်။ ကျွန်တော်တို့ ကျန်းမာ ရေးဝန်ထမ်းအားလုံးဟာ အဲဒီလို ခံစားရတာပါ။
အစီအစဉ်မှူး။ ။ ကိုဇော်မင်းအောင်အနေနဲ့ ကိုဗစ်
ရောဂါ စဖြစ်ပြီဆိုတဲ့ အချိန်မှာ ဘယ်လိုခံစားရလဲ။ အဲဒီအချိန်မှာ ပတ်ဝန်းကျင်အခြေ အနေ၊ ပတ်ဝန်းကျင်က ကိုယ့်ကိုဘယ်လိုမျိုး ဆက်ဆံ ကြလဲ အဲဒါလေး သိချင်ပါတယ်။
ကိုဇော်မင်းအောင်။ ။ ကျွန်တော် ရောဂါဖြစ်ပြီလို့
သံသယဖြစ်တာနဲ့ ဆေးရုံကို အရင်အကြောင်းကြားပြီး ဆေးရုံကို ရောက်သွားတယ်။ ရောက်သွားတယ်ဆိုတော့ ကျွန်တော်တို့ ဒီပတ်ဝန်းကျင် ဆိုတဲ့ဟာက အိမ်နီးနားချင်းတွေက ဖုန်းဆက်ပြီး အကျိုး အကြောင်းမေးတာပါတယ်။ ကျွန်တော်တို့နဲ့ ပတ်ဝန်း ကျင်က အထိအတွေ့ မမြင်လိုက်ရဘူး။ ကျွန်တော်တို့က ဖုန်းနဲ့ပဲ သတင်းရလိုက်တဲ့ အနေအထားမျိုး ဖြစ်သွား တာပါ။ သူတို့က အကျိုးအကြောင်း ဖုန်းနဲ့ပဲ လှမ်းမေးကြ တာပါ။ အပေါ်ထပ်၊ အောက်ထပ်တွေ အကုန်လုံးပါ။
အစီအစဉ်မှူး။ ။ ဆရာကြီးဒေါက်တာဆန်းလင်းရှင့်။
ဆရာ့အနေနဲ့ ဘယ်ဆေးရုံမှာ တက် ရောက်ပြီး ဆေးကုသမှုခံယူခဲ့ရသလဲ၊ ဆေးရုံတက်ရောက် ခဲ့ရတဲ့ အတွေ့အကြုံတွေကို မျှဝေပေးပါဦး။
ပါမောက္ခဒေါက်တာဆန်းလင်း။ ။ ကျွန်တော်တို့ ဖြစ်တဲ့
အဲဒီ ရက်ပိုင်းက Positive လူနာတွေ အတော်များပါတယ်။ ကျွန်တော်တို့ ဖြစ်တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ Positive လူနာ တွေများတဲ့အတွက် ဆေးရုံကို ပို့မယ့်အချိန်မှာ ကျွန်တော် တို့ကို တစ်စုတစ်ဝေးတည်းပို့ဖို့ မဖြစ်နိုင်ဘူး။ နောက်ပြီး ကျွန်တော်တို့ဆီမှာလည်း ရောဂါပြင်းထန်တဲ့သူ ရှားပါ တယ်။ Positive ပဲဖြစ်တယ်။ ဘာမှ သိသိသာသာ မဖြစ် ကြဘူး။ အဲဒီအထဲမှာ ကျွန်တော်က ဆီးချိုရောဂါအခံ ရှိတော့ ဆေးရုံသွားတက်ခိုင်းတယ်။
ကျွန်တော့်ကို စက်တင်ဘာလ ၂၅ ရက်နေ့မှာ တောင်ဥက္ကလာပဆေးရုံကို ပို့တယ်။ ကျန်တဲ့သူတွေထဲမှာ နောက်ထပ် ၃ ယောက်မှာ ၂ ယောက်က ဝေဘာဂီကို ရောက်တယ်။ ဆရာ ပါမောက္ခ ဒေါက်တာတင်ဦးက တောင်ဥက္ကလာပဆေးရုံကို ရောက်လာတယ်။ ကျန်တဲ့ သူတွေက ရောဂါလက္ခဏာ အပြင်းအထန်မပြတော့ ရွာသာကြီးဆေးရုံမှာပဲ သူတို့ကို သီးသန့်ထားပြီး ၁၁ ရက် ပြည့်တဲ့နေ့မှာ အိမ်ပြန်သွားကြတယ်။ အခုဆို အကုန်လုံး အတူတကွ အလုပ်တွေ ပြန်လုပ်နေကြပါပြီ။
အစီအစဉ်မှူး။ ။ ဦးမြင့်လွင်ရှင့်၊ ဦးအနေနဲ့ အသက်
အရွယ်ရလာတဲ့ အနေအထားမှာ ကိုဗစ်ရောဂါခံစားရတဲ့အချိန် ဆေးရုံကိုတက်ရောက်ပြီး ကုသမှုခံယူရတဲ့အပိုင်းမှာ ဘယ်လိုမျိုးတွေ ကြုံတွေ့ခဲ့ ရလဲ၊ ဘယ်လိုကုသမှုတွေခံယူခဲ့ရလဲ အဲဒါတွေကို သိချင် ပါတယ်ရှင့်။
ဦးမြင့်လွင်။ ။ Positive ဖြစ်ပြီဆိုတော့ ကျွန်တော်
တို့ကို အင်းစိန်ဆေးရုံကနေပြီး ဝေဘာဂီဆေးရုံကို ပို့လိုက်တယ်။ ဆေးရုံကို ၁၁ နာရီခွဲ၊ ၁၂ နာရီလောက်မှာ ရောက်သွားတယ်။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ သူတို့က နွေးထွေးစွာကြိုဆိုပြီး လိုအပ်တဲ့ဆေးဝါးတွေကို စပြီး ကုသပေးပါတယ်။ နောက်တစ်ရက်မှာ ကျွန်တော်တို့ ဓာတ်မှန်ရိုက်ရတယ်။ ၃ / ၄ ရက်လောက်နေတော့ ICU ထဲကို ဝင်လိုက်ရတယ်။ ICU ထဲကို ဝင်လိုက်ပြီးတာနဲ့ သွေးရည်ကြည်ကို နှစ်ကြိမ် လောက် သွင်းပေးတယ်။ ကျွန်တော်တို့ တော်တော်ကြီးကို နေလို့ကောင်းသွားတယ်။ ၃ / ၄ ရက် အဲဒီ ဝန်းကျင်မှာ တော်တော်ကြီးလည်း ကောင်းသွားတဲ့အတွက် ICU ထဲကနေ ကျွန်တော် ပြန်ပြီးထွက် လိုက်ရပါတယ်။
၄ ရက်နေ့ ပြန်ထွက်ပြီးတော့ ကျွန်တော်တို့ အခန်း ကို ပြန်ရောက်တဲ့အခါမှာ ဆက်လက်ပြီး ကျွန်တော်တို့ ကို ပြုစုစောင့်ရှောက်ပေးတဲ့အတွက် အားလည်းပိုတက် လာတယ်။ ပိုပြီးနေရထိုင်ရတာ ပိုကောင်းလာတယ်။ ဆရာဝန်ကြီးတွေ၊ ဆရာမကြီးတွေရဲ့ ဒီလိုနေပါ၊ ဒီလို ထိုင်ပါ၊ ဒီလိုလုပ်ပါဆိုတဲ့ ညွှန်ကြားချက်တွေရဲ့အောက်မှာ ကျွန်တော်တို့ လိုက်နာပြီး နေထိုင်ခဲ့ရတဲ့အတွက် တော်တော်ကောင်းသွားပါတယ်။
အစီအစဉ်မှူး။ ။ အဲဒီတော့ ဒီကုသမှုအပိုင်းအပြင်
အစားအသောက်အပိုင်းမှာ ဘယ်လို မျိုးထူးထူးခြားခြား ညွှန်ကြားချက်အတိုင်းကို စားသောက် ခဲ့ရသလဲ၊ လေ့ကျင့်ခန်း ကိုယ်လက်လှုပ်ရှားမှုအနေနဲ့ ဘယ်လိုမျိုးတွေလုပ်ခဲ့ရလဲရှင့်။
ဦးမြင့်ဟန်။ ။ ဆေးရုံက ကျွေးမွေးတဲ့ ဒီအစားအစာ
တွေက ကျွန်တော်တို့နဲ့တည့်တဲ့ ပစ္စည်း တွေပေါ့နော်။ ဒီဆေးရုံက ကျွေးတာတွေကို အချိန်မှန် စားသောက်ရတဲ့အတွက်ပိုပြီးအားရှိလာတယ်။ စားသောက် ပြီးတာနဲ့ ခဏတဖြုတ်နေ လိုအပ်တဲ့ဆေးဝါးတွေသောက် ပြီးတာနဲ့ ကိုယ့်ရဲ့အခန်းထဲ ဟိုဘက်၊ ဒီဘက် လမ်းတွေ ဘာတွေ လျှောက်ရပါတယ်။ ကိုယ်လိုချင်တဲ့ လေ့ကျင့်ခန်း တွေ လုပ်တယ်ဆိုရင် တဖြည်းဖြည်းနဲ့ ပုံမှန်အနေအထား ကို ရောက်လာတဲ့အတွက် ဝမ်းသာတယ်။
ရက်ပေါင်း ၄၂ ရက်အတွင်း ဆေးရုံရဲ့ ပြုစုမှုတွေ အတော်ကောင်းတဲ့အတွက် ကျွန်တော်တို့က ပေါ့ပေါ့ပါးပါး ပဲ ဖြတ်သန်းလာခဲ့ရတယ်။ ကြောက်စရာ မဟုတ်ဘူးလား ဆိုတော့ အတော်ကြောက်ဖို့ ကောင်းပါတယ်။ ဖြစ်လိုက် ရင်တော့ အတော်ကြောက်ဖို့ ကောင်းပါတယ်။ ကျွန်တော် တို့ ကိုယ်တိုင်လည်း ခံစားရပါတယ်။ တော်တော်ကို ခံစားရပါတယ်။ မဖြစ်တာ ပိုကောင်းပါတယ်။ ဖြစ်လိုက်ရင် တော့ တော်တော်လေးကို ခံစားရပါလိမ့်မယ်။ ကျွန်တော့် အနေနဲ့ ပြောချင်တာက ဆေးရုံရောက်ပြီး ကုသရတာ ထက်စာရင် အိမ်မှာပဲနေပြီး အပြင်မထွက်ဘဲ၊ မိသားစု လေး သိုက်သိုက်ဝန်းဝန်းနဲ့ ကိုယ့်အိမ်ထဲမှာပဲ ကိုယ်နေပြီး ရောဂါကိုရှောင်ရင် ပိုကောင်းပါတယ်။
အစီအစဉ်မှူး။ ။ ကိုဇော်မင်းအောင်ရှင့်။ အစ်ကို့
အနေနဲ့ ဘယ်ဆေးရုံမှာ ကုသမှု ခံယူခဲ့သ လဲ၊ လူနာတစ်ယောက်အနေနဲ့ ကုသမှုခံယူနေစဉ် ကာလအတွင်းမှာ စိတ်ကျေနပ်မှုရရှိခဲ့လား အဲဒါကို ပြောပြပေးပါဦးရှင့်။
ကိုဇော်မင်းအောင်။ ။ ကျွန်တော် သတင်းပို့တာက
အင်းစိန်ဆေးရုံပါ။ အင်းစိန် ဆေးရုံမှာ သတင်းပို့ပြီး ကျွန်တော်တို့က Positive ဖြစ်တယ်လို့ သိတဲ့အခါမှာ ဝေဘာဂီဆေးရုံကို ပို့လိုက် တယ်။ ဝေဘာဂီဆေးရုံကိုရောက်တဲ့ ပထမ တစ်ရက်၊ နှစ်ရက်အတွင်းမှာ သိပ်မသိသာပါဘူး။ ၃ ရက် / ၄ ရက် လောက်ကျတော့ ကျွန်တော်တော်တော်ကို မောလာတယ်။ အသက်ရှူရတာကလည်း သိပ်မကောင်းတော့ဘူး။
အဲဒါနဲ့ ဆရာမကို အကြောင်းကြားတဲ့အခါ သူတို့က လည်း ဂရုတစိုက်ပဲ ကျွန်တော့်ကို ICU အခန်းထဲကို ပို့ပေးပါတယ်။ ဟိုရောက်တဲ့အချိန်မှာ ကျွန်တော် အသက်ရှူ ရတာ တော်တော်ကျပ်လာတယ်။ ကျွန်တော် တို့အနေနဲ့ ဆေးရုံကို မရောက်ခင်အချိန်မှာ မသိသာ ပါဘူး။ ဆေးရုံကို ရောက်လာပြီး ၂ ရက် / ၃ ရက်လောက် မှာ တော်တော်အသက်ရှူကျပ်တယ်။ ပြီးရင်မောတယ်။ ICU ထဲကို ရောက်တဲ့အခါ နှလုံးခုန်တာတို့၊ သွေးထဲက အောက်ဆီဂျင်တိုင်းတာတို့ အကုန်လုံးတပ်ပေးတယ်။ အောက်ဆီဂျင်လည်း ပေးရှူတယ်။
ကျွန်တော်ရဲ့ အောက်ဆီဂျင်က ၉၀ အောက်ကို ရောက်ပါတယ်။ အောက်ဆီဂျင်စက်နဲ့ ပြန်ရှူတော့မှ ၉၃ လောက် ပြန်ရပါတယ်။ ICU ရောက်တဲ့နေ့မှာပဲ ကျွန်တော့်ကို သွေးရည်ကြည်သွင်းပေးတယ်။ ပထမ တစ်ခေါက်သွင်းပေးတော့ တိုးတက်မှုက နည်းနည်းလေး နည်းပါတယ်။ သွေးရည်ကြည်နှစ်လုံး ကျွန်တော့်ကို သွင်းပေးတယ်။ တခြားတန်ဖိုးကြီးတဲ့ ဆေးတွေနဲ့လည်း ဆရာ၊ ဆရာမတွေက ဂရုတစိုက်နဲ့ ကုပေးပါတယ်။ နိုင်ငံတော်က ထောက်ပံ့ပေးတဲ့ ဆေးဝါးတွေပေါ့နော်။
ကျွန်တော့် အဆုတ်ထဲကို ပိုးရောက်သွားတယ်လို့ ဆရာမတွေက ပြောပါတယ်။ အဆုတ်ထဲ ပိုးရောက်သွားတဲ့ အတွက် အဆုတ်ရဲ့သွေးတွေက နည်းနည်းခဲသွားတဲ့ အတွက် အဆုတ်က သိပ်အလုပ်မလုပ်ဘူး။ ဒီလို အဆုတ် က သိပ်အလုပ်မလုပ်တဲ့အတွက် ကျွန်တော်က ၁၁ ရက် နေရတယ်။ ကျွန်တော့်အဖေဆို ICU ကနေ ၃ ရက် / ၄ ရက်နဲ့ ပြန်ထွက်ရတယ်။ သွေးရည်ကြည်နှစ်လုံးသွင်း တယ်။ ပြီးရင် နိုင်ငံတော်က ထောက်ပံ့တဲ့ Remdesivir ဆေးတွေနဲ့ သက်သာလာပါတယ်။
ပြောချင်တာက ရောက်ရောက်ချင်း ၃ ရက်လောက် မှာ အသက်ရှူကျပ်တာတို့၊ မောတာတို့ ဖြစ်လာတယ်။ ၄ / ၅ / ၁၀ လှမ်းလောက်ကို မလျှောက်နိုင်ဘူး။ အဲဒီလို တွေ ဖြစ်တာပါ။ ဒီဆေးတွေကို နိုင်ငံတော်ကလည်း ထောက်ပံ့ပေးတယ်။ ဆရာ၊ ဆရာမတွေကလည်း ဂရု တစိုက်ကုသပေးတယ်။
နောက်လေ့ကျင့်ခန်းအနေနဲ့ ဆရာ၊ ဆရာမတွေက အဆုတ်အားကောင်းအောင်လို့ မှောက်မှောက်ပြီး အိပ်ခိုင်း တယ်။ မှောက်ပြီး အသက်ရှူလေ့ကျင့်ခန်းတွေကို ICU အခန်းထဲမှာပဲ လုပ်ခိုင်းတယ်။ မနက်တစ်ကြိမ်လာပြီး လုပ်တဲ့အခါကျရင် အဆုတ်အားကောင်းအောင် ဆရာမ တွေကိုယ်တိုင် ရိုက်ပေးတယ်။ ဘယ်လိုနေဖို့ ပြောပေး တယ်။
အစီအစဉ်မှူး။ ။ ဆရာကြီး ဒေါက်တာဆန်းလင်းရှင့်။
ဆရာအနေနဲ့ ကိုဗစ်ရောဂါ ခံစား နေရတဲ့ ကာလအတွင်းမှာ ဆေးကုသမှုတွေ ခံယူရတယ်။ အဲဒီလို ခံယူရတဲ့အတွေ့အကြုံတွေကို ပရိသတ်တွေ သိအောင် မျှဝေပေးပါဦး။
ပါမောက္ခဒေါက်တာဆန်းလင်း။ ။ ကျွန်တော်ဆေးရုံ
ကို ရောက်တဲ့ အချိန်မှာ ဓာတ်မှန်ရိုက်တယ်။ သွေးတွေစစ်တယ်။ အဲဒီက အခြေအနေတွေကိုကြည့်ပြီး ကိုဇော်မင်းအောင် ပြောသလို ပေါ့နော်။ ကျွန်တော်တို့ကို တန်ဖိုးကြီးတဲ့ ဆေးတွေပါပဲ CS2 တို့၊ Meropenem တို့ အဲဒီလို ဆေးတွေကို အပြည့် အဝပေးတယ်။ အဲဒါတွေက ပိုးသတ်ဆေးတွေပါ။ ကိုဗစ် ရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင် ပိုးသတ်ဆေးတွေပေးတယ်။ Remdesivir ဆေးကို ကျွန်တော့်ရဲ့ သွေးစစ်တဲ့အဖြေတွေအပေါ်မှာ ကြည့်ပြီး ကိုက်ညီမှုရှိတဲ့အတွက် ပေးပါတယ်။ ဒီဆေးကလည်း အခုနောက်ပိုင်းထွက်တဲ့ သုတေသနတွေအရ သူနဲ့ကိုက်ညီ တဲ့သူတွေကို ဆေးသွင်းလိုက်တာနဲ့ သက်သာတာကို တွေ့ရပါတယ်။
ကျွန်တော်တို့ဆို နှစ်ကြိမ်လောက် သွင်းရပါတယ်။ ပထမနေ့မှာ ဆေး မီလီဂရမ် ၂၀၀ ကို ပိုက်နဲ့သွယ်ပြီး နှစ်နာရီလောက် သွင်းပေးပါတယ်။ ဒုတိယနေ့မှာ ဆေး ၁၀၀ မီလီဂရမ်ကို ထည့်ပေးပါတယ်။ ပထမရက်တွေက အတော်ဖျားတယ်။ အောက်ဆီဂျင်လည်း ကျသွားတယ်။ ကျွန်တော်တို့ က ICU ထဲကို မရောက်ပါဘူး။ တောင် ဥက္ကလာပဆေးရုံရဲ့ အောက်ထပ်က ခုတင်တိုင်းမှာ အောက်ဆီဂျင်ပိုက်တွေ ရှိတယ်။ အဲဒီအထပ်မှာ အများစု က ဆရာဝန်တွေများတဲ့အတွက် အရင်တပ်ထားတဲ့သူက နောက်လူတွေကို ကြည့်ပေးတယ်။ ကျွန်တော်နဲ့ အတူ နေတဲ့သူတွေက ကျွန်တော့်မှာ အောက်ဆီဂျင် ကျလာပြီ ဆိုရင် ခုတင်ဘေးက အံဆွဲထဲက အောက်ဆီဂျင်မျက်နှာ ဖုံးကို ယူတပ်ပေးတယ်။ အဲဒီမှာက ဆေးပစ္စည်းတွေ လည်း အပြည့်အစုံရှိတယ်။ ကိုယ့်ခုတင်ရဲ့ ခေါင်းရင်းက အောက်ဆီဂျင်ပိုက်လိုင်းရှိတဲ့အတွက် အလွယ်တကူ တပ်ဆင်ပြီး အသုံးပြုလို့ရပါတယ်။
ဆေးသွင်းရမယ့်အချိန်မှာ လာသွင်းပေးတယ်။ ဆေးထိုးရမယ့်အချိန်မှာ လာထိုးပေးတယ်။ ဓာတ်မှန် ရိုက်ရမယ့်အချိန်မှာ သွားရိုက်ရပါတယ်။ Remdesivir ဆေးကို နှစ်ကြိမ်လောက်သွင်းပြီးတဲ့အချိန်မှာ ကျွန်တော် က အဖျားလုံးဝကျသွားတယ်။ ပထမပိုင်းတွေက တော်တော်ပင်ပန်းတယ်။ အတော်နုံးပြီး မလုပ်မကိုင် နိုင်ပါဘူး။ အစားအစာကအစ ဘေးလူတွေက လာလာပို့ ပေးရပါတယ်။ ကျွန်တော်လည်း ကြိုးစားကျိတ်မှိတ်ပြီး စားရပါတယ်။ အစားအသောက်တွေက ပြည့်ပြည့်စုံစုံ စားပါတယ်။
ဒါပေမယ့် အဲဒီအချိန်မှာ အရသာပျောက်နေတယ်၊ အနံ့ပျောက်နေတဲ့ အချိန်ကျတော့ ကြိုးစားပြီး အားရှိ အောင် စားပေးရတယ်။ အဲဒီအချိန်မှာ ဒါတွေကိုကျော်ဖြတ် ဖို့ လေ့ကျင့်ခန်းတွေလည်း မလုပ်နိုင်သေးဘူး။ တရားပဲ ကိုယ့်စိတ်ကိုတည်ငြိမ်အောင်လုပ်တယ်။
ကျန်တာတွေ တခြားဘာမှမစဉ်းစားဘဲ အာနာပါနနဲ့ Mindfulness Meditation ကြိုးစားပြီး လုပ်တယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ စောင့်ရှောက်နေရတယ်။ အဲဒီအချိန် ကျရင် ကြုံဖူးတဲ့လူတိုင်း သိပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ စောင့်ရှောက်ရတာ၊ ဘယ်သူမှလည်း လာမစောင့်ရှောက် ဘူး။ ဘေးကလူတွေက ဆရာဝန်၊ ဆရာမတွေ စောင့်ရှောက်ပေးတယ်ဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ်၊ ကိုယ့်စိတ်နဲ့ကိုယ် ဖြတ်သန်းရတာပါ။
အဲဒီ နှစ်ရက်ကျော်သွားပြီး စက်တင်ဘာလ ၂၉ ရက် နေ့ကျတော့ ကျွန်တော့်သူငယ်ချင်း ဆရာကြီးဦးတင်ဦး ရောက်လာတော့ အဲဒီအချိန်မှာ ကျွန်တော်က နည်းနည်း သက်သာလာတယ်။ သက်သာလာတော့ စကားတွေ ဘာတွေပြောပေါ့။ သူရောက်လာတဲ့အချိန်မှာ တော်တော် ပင်ပန်းနေပါတယ်။ သူ့ကို လုပ်ပေးစရာရှိတာ လုပ်ပေးပေါ့။
အဲဒီအချိန်ကျတော့ ကျွန်တော်လမ်းလျှောက်နိုင်ပြီ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တယ်။ အသက်ရှူလို့ကောင်း အောင် မှောက်အိပ်တာတို့၊ မှောက်တာတို့ လုပ်တယ်။ အဲဒီအချိန်ကျတော့ Relax ရလာပြီ၊ သီချင်းတွေ နားထောင်တယ်။ အိမ်နဲ့လည်း ဖုန်းပြောဖြစ်လာတယ်။ မိတ်ဆွေအပေါင်းအသင်းတွေမေးတဲ့ စကားတွေကို လည်း ပြန်ပြီးဖြေနိုင်တယ်။ ကိုယ့်စိတ်ခွန်အားရှိမယ့် အရာတွေကို လုပ်တယ်။ ကျန်တဲ့သူတွေကိုလည်း အားပေး တယ်။
တစ်ခါတလေကျရင်လည်း ကျွန်တော်တို့တွေက Psychiatrist (စိတ်ရောဂါအထူးကုဆရာဝန်)တွေလည်း ဖြစ်တော့ တချို့လူနာတွေက ကိုယ်ဖြစ်တာ မသိကြဘူး။ သူတို့ ပြဿနာတွေကို ကိုယ်တွေကို လှမ်းပြောတယ်။ တချို့လူနာတွေဆိုရင် သူတို့ကိုယ်တိုင် ကိုဗစ်ဖြစ်မှာ ကြောက်လို့ ဖုန်းနဲ့ လှမ်းပြီးမေးတယ်။
အဲဒီလိုလူမျိုးကို ကိုယ်က ကိုဗစ်ဖြစ်ပြီး ဆေးရုံ ရောက်နေတဲ့အချိန် သူတို့ကို မကြောက်ဖို့ ကိုယ်ဖြစ်တာ မပြောဘဲ အားပေးပြီးပြောရတယ်။ တချို့အိပ်မပျော်တဲ့ သူတွေကို ဆေးတွေ ညွှန်းပေးရတယ်။ အဲဒီအချိန်ကျတော့ ကိုယ်က နည်းနည်းသက်သာသွားပြီလေ။ ဆေးရုံထဲမှာ လည်း မိသားစုတွေ ဆုံးရှုံးတဲ့ဆရာဝန်တွေရှိတယ်။ ICU ထဲမှာပဲ ကိုယ့်မိသားစုတွေ တိမ်းပါးသွားကြတယ်။ အဲဒီလို ကိုယ်တန်ဖိုးထားတဲ့အရာဆုံးရှုံးလို့ စိတ်ထိခိုက်နေတဲ့ လူတွေကို သူတို့နဲ့စကားပြောပေးတယ်။ Counseling နှစ်သိမ့်ဆွေးနွေးပေးတယ်။ ကိုယ်လည်း သက်သာလာ တယ်။
ကျွန်တော့်သူငယ်ချင်း ဆရာကြီးဦးတင်ဦးက အဲဒီ အချိန်မှာ နည်းနည်းဖြစ်နေတယ်။ ဒါပေမယ့် သူလည်း ဆေးသွင်းပြီး နှစ်ရက်လောက်ကြာတော့ အဖျားကျသွား တယ်။ ကျွန်တော့်အတွေ့အကြုံအရတော့ Remdesivir က သူနဲ့ကွက်တိကျတဲ့ လူတွေအတွက် တော်တော် ထိရောက်ပါတယ်။ Hospital Stay ကို လျော့ကျစေပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံမှာက ဒီ Remdesivir အပြင် သွေးရည်ကြည်ပေါ့။ ကျွန်တော်တို့လို ရောဂါဖြစ်ပွား တဲ့ ရောဂါပြင်းထန်သူတွေ၊ အလယ်အလတ်အဆင့်ရှိတဲ့ သူတွေအတွက် သွေးရည်ကြည်ဟာ Antibody အများ ကြီးပါတယ်။ တစ်လကျော်ဆိုရင် လှူလို့ရပြီ။ အဲဒီသွေးရည် ကြည်က ပြန်ပြီး ပြင်းပြင်းထန်ထန်ဖြစ်တဲ့လူတွေကို အသက်ကယ်နိုင်တယ်။
အဲဒီလိုတွဲပြီး ကုတဲ့လူတွေလည်း ရှိတယ်။ နှစ်မျိုး စလုံးသွင်းရတဲ့ လူတွေလည်း ရှိတယ်။ တချို့တွေကျတော့ ဆေးနဲ့ပေးလို့ ကျောက်ကပ်တို့၊ အသည်းတို့က အခြေ အနေမကောင်းဘူးဆိုရင် Remdesivir ကို ပေးလို့မလွယ် ပါဘူး။ အဲဒါဆို ပေးလို့မရဘူး။ သွေးရည်ကြည်နဲ့ ကုကြ တယ်။
အစီအစဉ်မှူး။ ။ ဆရာ့အနေနဲ့ အစားအသောက်
ပိုင်းမှာအနံ့မရဘူး၊ စားလို့သောက် လို့ မကောင်းဘူးဆိုပေမယ့်လည်း အားရှိအောင် ကိုယ်ခံ အားကောင်းစေမယ့် အစားအစာတွေကို ဘယ်လိုမျိုး စားသုံးခဲ့ရတယ်ဆိုတာကိုလည်း သိချင်ပါတယ်။
ပါမောက္ခဒေါက်တာဆန်းလင်း။ ။ ကျွန် တော် တို့
ဆေးရုံကနေ ပို့တယ်။ နောက်တော့ ကျွန်တော့်သူငယ်ချင်းတွေ ဆရာဝန်တွေရော၊ ကျန်းမာရေးစောင့်ရှောက်သူတွေရော ရန်ကုန်ဆေးရုံကြီးနဲ့ တောင်ဥက္ကလာဆေးရုံကြီးကို ထမင်းချိုင့်ပို့တယ်။ အဲဒီ Box တွေမှာ ဆရာဝန်ဆေးရုံ တက်တဲ့သူတွေအတွက်ပါ ပါတယ်။ တစ်ခါတလေကျရင် အလှူရှင်ထပ်တယ်ဆိုရင် တစ်နပ်ထဲမှာပဲ နှစ်မျိုးပါ တယ်။ ထမင်းကြော်လည်းရှိတယ်။ ခေါက်ဆွဲကြော် လည်း ရှိတယ်။
တစ်ခါတလေကျရင် ကြက်ပေါင်းလာလှူတာ တွေရှိတယ်။ တည့်မယ့်အစားအစာတွေပေါ့။ ကြက်ဥ ပြုတ်လေးတွေ၊ နောက်ပြီးတော့ ရှေ့ကဆင်းသွားတဲ့ လူတွေကနေ ဒီပစ္စည်းတွေက ကျွန်တော်တို့ဆီကို ရောက်ပြီးသွားရင် ဘယ်သူမှ အပြင်ပြန်ထွက်လို့ မရ တော့ဘူး။ ECG ရိုက်ထားတဲ့ စာရွက်တောင် ဓာတ်ပုံ ရိုက်ပြီးပို့ရတယ်။
Prevention Control စည်းမျဉ်းအရ ဒီပစ္စည်းတွေ ပြန်ထုတ်မပစ်တော့ဘူး။ လူထွက်ပြီးရင် PPE တောင် ချွတ်ရတယ်ဆိုတော့ ဒီအစားအသောက်တွေကတော့ ရှေ့လူတွေကလည်း နောက်လူတွေအတွက် အဆင် ပြေအောင် ပြန်ပြီးထားပေးတယ်။ အစားအသောက်တွေ တော်တော်များများ ပြည့်စုံပါတယ်။
ရေနွေး၊ ရေအေး အကုန်ရတယ်။ Water Cooler နဲ့ Hot Water ပါ တစ်တွဲတည်း အထပ်တိုင်းမှာရှိပါတယ်။ ထမင်းဘူးမစားချင်ရင် ဆန်ပြုတ်မှာလို့ရတယ်။ တစ်ခါ တလေကျရင် ခေါက်ဆွဲပြုတ်တွေ၊ ကြက်ပေါင်းတွေ လည်း လာပေးတယ်။ ကိုယ်က ဘယ်လိုပဲပြောပြော တကယ်အရသာမရှိတဲ့ အချိန်ကျရင် ထမင်းတွေကလည်း ဖော့တုန်းတွေ စားရသလိုပဲ။ ဘာအရသာမှ မရှိဘူး။ အနံ့ လည်း မရဘူး။ အရသာလည်း မရှိဘူး။
အဲဒီအချိန်မှာ တကယ်သံဝေဂရဖို့ ကောင်းတယ်။ အရင်တုန်းကဆိုရင် ကိုယ်က ရသတဏှာနဲ့ ခုံမင်လို့ စားတယ်။ အခုအချိန်မှာတော့ ဘဝကိုရှင်သန်ချင်လို့ ဘဝတဏှာနဲ့ အဲဒီဟာကို သည်းခံပြီး စားရတယ်။ အာဟာရမပြည့်ပြည့်အောင်စားတယ်။ ကိုယ်အလေးချိန် လည်း တော်တော်လေးကျသွားတယ်။ အဲဒီအချိန်မှာ ကိုယ်လက်လေ့ကျင့်ခန်းတွေ မလုပ်နိုင်သေးဘူး။
နောက်တော့ သက်သာလာတဲ့အချိန်မှာ ကျွန်တော် အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်တယ်။ ကိုယ့်အခန်း ထဲမှာ လမ်းလျှောက်တယ်။ ကိုယ့်အခန်းအပြင်မှာ လမ်းလျှောက်တယ်။ အဲဒီလို လှုပ်ရှားမှုတွေလုပ်ပါတယ်။ ကိုယ်စိတ်ကြည်နူးစရာကောင်းတဲ့ သီချင်းနားထောင် တာ၊ စာအုပ်ဖတ်တာ၊ မိသားစုနဲ့ပြန်ပြီး Video Call နဲ့ ပြောတာ၊ တရားထိုင်တာတွေကို မျှတအောင် ကိုယ့်ကိုယ် ကိုယ် နေလို့ကောင်းအောင် နေရတယ်။
အစီအစဉ်မှူး။ ။ ကိုဇော်မင်းအောင်ရှင့်။ အစ်ကို့
အနေနဲ့ ရောဂါပျောက်ကင်းသွား ပြီ။ တချို့ဆိုရင် ရောဂါပျောက်ကင်းသွားပေမယ့်လည်း နောက်ဆက်တွဲအခြေအနေတွေ၊ အနံ့ ပြန်မရတာတို့ တွေလည်းရှိနေတတ်တော့ အခုလက်ရှိ အစ်ကို့ရဲ့ ကျန်းမာ ရေးအခြေအနေကို သိချင်ပါတယ်။
ကိုဇော်မင်းအောင်။ ။ ဆေးရုံမှာ ခံတွင်းပျက်တော့
သိပ်မစားချင်ဘူး။ ဒါပေမယ့် ဆရာပြောသလို မဖြစ်မနေစားတယ်။ နောက်ပိုင်းကျ တော့ ခံတွင်းက ပြန်လိုက်လာတယ်။ လိုက်လာတော့ ထမင်းဘူးဆိုရင်လည်း ကုန်တာပဲ။ ကိုယ့်မိသားစုအသိုင်း အဝိုင်းကနေ အာဟာရပြည့်အောင်စား၊ များများစားမှ ခန္ဓာကိုယ်အတွက်အားရှိမှ ဒီရောဂါကို တွန်းထုတ် နိုင် မယ်ဆိုတော့ စားတယ်။ အိမ်ပြန်ရောက်လာတော့လည်း အာဟာရပြည့်အောင်စားတယ်။ အခုအချိန်အထိတော့ ကောင်းပါတယ်။ ဆေးရုံကလည်း ဆေးတွေနဲ့ ကုသပေး လိုက်တော့ အခုကျန်းကျန်းမာမာပါပဲ။ နေလို့ကောင်းပါ တယ်။ အနံ့တွေလည်း ရပါတယ်။ ပုံမှန်ပါပဲ။
အစီအစဉ်မှူး။ ။ အခုဆိုရင် ကျန်းမာရေးနှင့် အား
ကစားဝန်ကြီးဌာနအနေနဲ့လည်း သွေးရည်ကြည်အလှူရှင်တွေကို ဖိတ်ခေါ်လျက်ရှိတယ်။ အစ်ကိုကိုယ်တိုင်ကလည်း သွေးရည်ကြည်ကုထုံးနဲ့ကုပြီး ပြန်လည်သက်သာလာတဲ့သူဆိုတော့ ရှေ့ဆက်လက်ပြီး အစ်ကို့အနေနဲ့ သွေးရည်ကြည်လှူဒါန်းမှုတွေမှာ ပါဝင်ဖို့ ရှိပါသလား။
ကိုဇော်မင်းအောင်။ ။ ရှိပါတယ် ခင်ဗျာ။ ဆေးရုံ
ဆင်းရမယ်ဆိုတဲ့ ရက်ကို သိကတည်းက သွေးရည်ကြည်လှူလို့ ရ / မရ မေးကြည့် ပါတယ်။ လှူလို့ရပါတယ်လို့ ပြောပါတယ်။ ကျွန်တော့် အဖေကလည်း လှူချင်တယ်။ သို့သော် သူတို့က အသက်က ၅၅ နှစ်အောက်မှပဲ ခွင့်ပြုတယ်ဆိုတော့ ကျွန်တော့်အဖေက လှူချင်သော်ငြားလည်း အသက်က ၆၀ ကျော်သွားတော့ လှူလို့မရဘူး။ ကျွန်တော်ကတော့ အခုစာရင်းပေးခဲ့တယ်။ ၄ ရက်နေ့ကျရင်လည်း ဆေးရုံ က ကျွန်တော့်ကို ပြန်ခေါ်ထားတယ်။ အဲဒီနေ့ပဲ သွေးရည် ကြည်ယူမလား၊ ဒါမှမဟုတ် ကျွန်တော့်ကို ပြန်ဆက်သွယ် ပြီး သွေးရည်ကြည် ယူမလားမသိသေးပါဘူး။ သတင်း ပေးထားတယ်။
သွေးရည်ကြည်လှူမယ်ဆိုတဲ့ အကြောင်း လည်း ပြောပြထားပါတယ်။
အစီအစဉ်မှူး ။ ။ ဦးမြင့်လွင်ရှင့်။ ဦးအနေနဲ့ အခု
ဆိုရင် ရောဂါသက်သာလာပြီ၊ အသက်ရဲ့ ကန့်သတ်ချက်အရလည်း သွေးရည်ကြည်လှူဖို့ မဖြစ်နိုင်တော့ဘူးဆိုတော့ ဦးအနေနဲ့ ကိုဗစ်ရောဂါ တိုက်ဖျက်ရေးမှာ ဘယ်လိုမျိုး ပူးပေါင်းပါဝင်သွားမလဲ ဆိုတာ သိချင်ပါတယ်။
ဦးမြင့်လွင် ။ ။ ကျွန်တော်ကတော့ အသက်က ၆၇
ဆိုတော့ သွေးရည်ကြည်ပေးချင် ပေမယ့်လည်း ပေးလို့မရတော့ဘူး။ ကျွန်တော်နဲ့နီးစပ် တဲ့ ပတ်ဝန်းကျင်ကို ကိုဗစ်ရောဂါမဖြစ်အောင်နေဖို့ တိုက်တွန်းချင်တယ်။ ဖြစ်လာခဲ့ရင် သိပ်ပြီးကြောက်ရွံ့ရင် စိတ်ဓာတ်ကျတာတွေ ဖြစ်လာမှာ စိုးပါတယ်။ ဖြစ်သွား ခဲ့ရင်တော့ ဆေးရုံသွားရမယ်။ ဆေးရုံရောက်ရင် ဆရာ ဆရာမကြီးတွေရဲ့ တာဝန်တစ်ခုလို ဖြစ်သွားတော့ သူတို့ ကလည်း ကျွန်တော်တို့ကို မဖိတ်မစဉ်အောင် အတတ် နိုင်ဆုံးကုသပေးကြတယ်။ အဲဒါကတော့ ကျွန်တော်တို့ ကိုယ်တိုင်လက်တွေ့ပါ။
အဓိက ဘယ်လိုပံ့ပိုးကူညီရမလဲဆိုရင် ကိုယ့်အိမ်မှာ ကိုယ်နေပြီး နိုင်ငံတော်ကိုလည်း အကျိုးပြုတဲ့အနေနဲ့၊ ကိုယ်ကိုယ်တိုင်လည်း ရောဂါကာကွယ်တဲ့အနေနဲ့ အိမ်ထဲ မှာပဲ မဖြစ်မနေ နေနိုင်သမျှ နေပေးပါလို့ ကျွန်တော်က ပြောကြားချင်ပါတယ်။
အစီအစဉ်မှူး။ ။ ဆရာကြီးဒေါက်တာဆန်းလင်းရှင့်။
အခုဆိုရင် ကွာရန်တင်းစင်တာ တွေမှာ ရောက်နေတဲ့ လူတွေ၊ ဆေးရုံတွေ၊ ကိုဗစ်ကုသ ရေးဌာနတွေမှာ ရောက်နေတဲ့သူတွေ ရောဂါခံစားနေရတဲ့ သူတွေ အပါအဝင် သူတို့ရဲ့ မိသားစုဝင်တွေ၊ ရောဂါမဖြစ် တဲ့ ပြည်သူတွေအတွက်ကို စိုးရိမ်ကြောင့်ကြမှုမလွန်ဖို့ အတွက် အားပေးစကားလေး ပြောပေးပါဦးရှင့်။
ပါမောက္ခဒေါက်တာဆန်းလင်း။ ။ ပြည်သူ တွေကို
ကျွန်တော်က မှာချင်တာကတော့ ရောဂါဖြစ်တာက ပြင်းထန်တဲ့သူ တွေလည်း ဖြစ်နိုင်သလို အေးအေးဆေးဆေးနဲ့ ရောဂါ လက္ခဏာ မပြတာ၊ အနည်းအကျဉ်းပြတာတွေလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ကိုယ်က ကိုယ်ခံအားတွေ ကောင်းတယ်ဆိုပေမယ့်လည်း ကိုယ့်ဆွေမျိုးသားချင်းတွေ ရှိတယ်။ ကိုယ့်ရဲ့ မိဘဘိုးဘွားတွေ ရှိတယ်။ ကိုယ့်အိမ်မှာ လူကြီးတွေရှိတယ်။ အဲဒီလူတွေဟာ ကိုယ့်ကြောင့်နဲ့ အသက်အန္တရာယ် ရင်ဆိုင်ကြရတာလေ။ အခု ကျွန်တော် တို့ ဆေးရုံကို ရောက်လာတယ်။ တော်တော်များများက လူငယ်တွေထက် လူကြီးတွေများတယ်။ ကိုယ့်မိဘတွေ ရှိတော့ ကျွန်တော်တို့ ဆရာဝန်လေးတွေဆိုရင် ကြုံလာ ရင် အိမ်မပြန်ကြဘူး။ ကိုယ့်အိမ်ကို ဒုက္ခပေးရာကျမှာစိုးလို့ ဂျူတီကျရာကနေစပြီး ဟိုတယ်တို့၊ အဆောင်တို့မှာပဲ နေကြတယ်။
အဲဒါဆိုတော့ ပြည်သူတွေကလည်း အကာအကွယ်မဲ့ Mask မတပ်ဘူး။ လက်မဆေးဘူး။ Social Distancing မရှိဘဲ သွားလာပြီး ကိုယ့်အိမ်ထဲမှာ လုံးဝမထွက်တဲ့ လူကြီးတွေကို ရောဂါအရောက်ပို့ပေးသလိုဖြစ်ရင် ကိုယ့်ရဲ့ လူကြီးတွေကို မစောင့်ရှောက်နိုင်ဘဲ ဒုက္ခယူပေးသလို ဖြစ်မယ်။
အဲဒီလိုမဖြစ်ရလေအောင် ငယ်ရွယ်တဲ့သူတွေ၊ ကျန်းမာရေးကောင်းတဲ့သူတွေက ကိုယ်ကိုယ်တိုင် ခံနိုင် ရည်ရှိတယ်ဆိုပေမယ့် အကုန်လုံးဆင်ခြင်ကြပါ။ တတ်နိုင် သလောက် တကယ်လိုအပ်မှ သွားပါ။ သွားရင်လည်း Mask ကို သေချာတပ်ပါ။ လက်ဆေးပါ။ Face Shield ပါ တပ်ရင် ပိုကောင်းပါတယ်။ Mask တပ်ရမယ်။ လက်ဆေး ရမယ်။ Social Distancing ရှိရမယ်။ ကိုယ်တွေ့ပါ။
ကျွန်တော်တို့က Contact ဖြစ်ပြီး ကျွန်တော်ရောဂါ မဖြစ်ခင်မှာ လူနာတွေနဲ့ စကားပြောရတယ်။ စမ်းသပ် ရတယ်ဆိုတော့ ကျွန်တော်တို့က Social Distancing ခြောက်ပေတောင်ကျော်တယ်။ လူနာတွေနဲ့စကားပြောရ တယ်။ Mask လည်း တပ်ထားပြီး သူတို့ကို အခြေအနေ မေးတယ်။ အရင်ကလို အချိန်လည်း အကြာကြီး မသုံး တော့ဘူး။ အချိန်အကြာကြီးပြောချင်ရင် တယ်လီဖုန်းနဲ့ ပြောတယ်။ လူချင်းတွေ့တယ်ဆိုရင် ခပ်တိုတိုပဲပြောတယ်။
အဲဒီလို ကျွန်တော်နဲ့ ထိတွေ့တဲ့ လူတွေ အကုန်လုံးက ရောဂါကူးစက်မှုမရှိတာကို တွေ့တယ်။ ဒါပေမယ့် ကျွန်တော်နဲ့ ကားအတူတူစီးတယ်။ ထမင်းအတူတူစား တယ် ။ အဲဒီလိုလူတွေနဲ့ ကိုယ့်မိသားစုဝင်တွေက Mask မပါတဲ့သူတွေကတော့ ကူးစက်မှုရှိတာ တွေ့ရပါတယ်။ အဲဒီတော့ ကိုယ့်အပေါင်းအသင်းပဲဖြစ်ဖြစ်၊ ကိုယ့်မိသား စုပဲဖြစ်ဖြစ် ဘယ်သူမှ Mask မတပ်ဖြစ်ဘူး။ အဲဒါဆိုရင် ကိုယ့်အိမ်သားတွေက ကူးစက်ဖို့အန္တရာယ် အလွန်များ ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ဆေးရုံတက်ရတယ်။ ဆေးတွေ တန်ဖိုးလည်းသိနေတော့ တစ်ယောက်ကို တစ်နေ့ကုသရတဲ့ စရိတ်က မနည်းပါဘူး။ ကျွေးတာ မွေးတာမပါသေးဘူး။ ဆေးဝါးတင်မနည်းဘူး။ ကျွေးမွေး ရတဲ့စရိတ်က မနည်းဘူး။ ဒီစရိတ်တွေက တိုက်ပွဲအချိန် ဆိုတော့ ချွေတာလို့ မရဘူး။ သုံးစွဲရတယ်။
ဒါပေမယ့်ကိုယ်တစ်ယောက်စာ၊ တစ်ယောက်စာ ကာကွယ်စောင့်ရှောက်လိုက်ရင် တိုင်းပြည်ဘဏ္ဍာရော၊ ပြည်သူလူထု စေတနာရှင်တွေရဲ့ ငွေကြေးတွေရောကို တိုင်းပြည်မှာ ဒီထက်ပိုပြီး အကျိုးရှိတဲ့နေရာတွေမှာ သုံးဖို့ ရှိပါသေးတယ်။ ကျွန်တော်တို့နိုင်ငံက ချမ်းသာတာ မဟုတ်ပါဘူး။ အားလုံးတက်ညီလက်ညီနဲ့ ဝိုင်းလုပ်နေ လို့ပါ။ အဲဒီအထဲမှာ တက်ညီလက်ညီနဲ့ ကိုယ်တစ်ယောက် စာ၊ ကိုယ်တစ်ကိုယ်ရေစာကို ဒီတိုက်ပွဲမှာ ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင်နေပေးတယ်ဆိုရင် ကူးစက်မှုမရှိတော့ဘူး။ ဒါသည် တိုင်းပြည်နဲ့ တစ်ကမ္ဘာလုံးအတွက်ကို တိုက်ပွဲဝင် နေတာပါပဲ။ အဲဒီလို သတင်းစကားပါးချင်ပါတယ်။
အစီအစဉ်မှူး။ ။ အခုဆိုရင် ပရိသတ်တွေ အားလုံး
လည်း ဆရာကြီးတို့ရဲ့ ပြောစကား တွေ၊ ကိုဗစ်ရောဂါကို ဘယ်လိုရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့ အတွေ့အကြုံတွေကို သိရှိပြီး စိတ်ဓာတ်ခွန်အားတွေ ရရှိသွားမှာပါ။ အချိန်ပေးပြီးတော့ ဖြေကြားပေးခဲ့တဲ့ ဆရာကြီးတို့ အားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင်။
- Log in to post comments