
မော်ကျွန်း-မြင့်အောင်
ဧရာဝတီတိုင်းဒေသကြီးအောက်ဘက် ပင်လယ်ပြင် နှင့် ထိစပ်နေသော မြို့နယ်များဖြစ်သည့် မော်လမြိုင် ကျွန်းမြို့နယ်၊ လပွတ္တာမြို့နယ်၊ ဘိုကလေးမြို့နယ် နှင့် ဖျာပုံမြို့နယ်တို့အနက် မော်လမြိုင်ကျွန်းမြို့နယ် သည် ရေချို၊ ရေငန် ထိစပ်နေသော မြို့နယ်ဖြစ်သည်။ မော်လမြိုင်ကျွန်းမြို့နယ်အောက်ဘက် ပင်လယ်ပြင် နှင့် ထိစပ်နေသောနေရာတွင် လှိုင်းဘုန်းကျေးရွာကြီး ရှိသည်။
လှိုင်းဘုန်းကျေးရွာကြီးသည် ပင်လယ်ပြင်နှင့် ထိစပ်နေ၍ ပင်လယ်ပြင်၏ အလှအပ တစ်စိတ် တစ်ပိုင်းကို တွေ့ရသည်။
မြန်မာနိုင်ငံ၏အောက်ပိုင်း ပင်လယ်အတွင်းသို့ စီးဝင်နေသော မြစ်ကြီးများ၏ အစွန်အဖျားနားတွင်ရှိရာ ပင်လယ်ပြင်၏ အငွေ့ အသက်များကို နွေရာသီနှင့် ဆောင်းရာသီများတွင် ခံစားရသည်။ နွေရာသီတွင် ပင်လယ်ပြင်ဘက်မှ ဖြတ်သန်းတိုက်ခတ်လာသော လေနုအေးကလေး များကို ခံစားရသည်။ မိုးရာသီ လှိုင်းလေပြင်းထန်ချိန် များတွင် ရေယာဉ်ကြီးငယ်နှင့် စက်တပ်ရေယာဉ် ငယ်များသည် လှိုင်းဘုန်းချောင်းအတွင်း ဝင်ရောက် ပုန်းခိုကြရသည်။ ထို့ကြောင့် လှိုင်းပုန်းဟုခေါ်ရာမှ ကာလရွေ့လျားလာပြီး လှိုင်းဘုန်းဖြစ်လာခြင်း ဖြစ်သည်။
ကျေးရွာ ၁၂ ရွာပါဝင်
လှိုင်းဘုန်းကျေးရွာကြီးသည် မော်လမြိုင်ကျွန်း မြို့နယ်အတွင်း ပါဝင်သော ကျေးရွာအုပ်စုတစ်ခု ဖြစ်သည်။ လှိုင်းဘုန်းကျေးရွာအုပ်စုတွင် ကျေးရွာ ပေါင်း ၁၂ ရွာ ပါဝင်သည်။ ယင်းကျေးရွာများမှာ ပင်လယ်ပြင်နှင့် ထိစပ်နေသော ကျေးရွာများဖြစ်ကြ သည်။ ပင်လယ်ဒေသ ထွက်ကုန်မျိုးစုံ ငါး၊ ပုစွန် လုပ်ငန်းများကို လှိုင်းဘုန်းကျေးရွာကြီးနှင့် ချိတ် ဆက်၍ အရောင်းအဝယ်ပြုလုပ်ကြသည်။ ထိုသို့ ပင်လယ်ပြင်ကျေးရွာ ၁၂ ရွာ၏ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ပင်လယ်ဒေသထွက်ကုန် မျိုးစုံ ရောင်းဝယ်ရေးကိုပါ လှိုင်းဘုန်းကျေးရွာကြီးက ဗဟိုပြုနေသဖြင့် လှိုင်းဘုန်းကျေးရွာကြီးသည် ပို၍ ဖွံ့ဖြိုးတိုးတက်လာသည်။ နယ်မြေကျယ်ဝန်းလာသည်။ စည်ကားလာသည်။
ယခင်က လှိုင်းဘုန်းကျေးရွာကြီးမှာ လပွတ္တာ မြို့နယ်ထဲမှဖြစ်သည်။ နာဂစ်မုန်တိုင်းအလွန်ကာလ တွင် လှိုင်းဘုန်းကျေးရွာကြီးကို မော်လမြိုင်ကျွန်း မြို့နယ်ထဲသို့ ထည့်သွင်းခဲ့သည်။ အကြောင်းရှိပါ သည်။ အမှန်စင်စစ် လှိုင်းဘုန်းကျေးရွာကြီးအပါ အဝင် ကျေးရွာ ၁၂ ရွာ အုပ်စုသည် မော်လမြိုင်ကျွန်း မြို့နယ်နှင့်ထိစပ်နေ၍ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစစအရာရာ မော်လမြိုင်ကျွန်း မြို့နယ်နှင့် ဆက်သွယ်ဆောင်ရွက်သည်။ အဆင်ပြေသည်။
သို့သော် လှိုင်းဘုန်းကျေးရွာအုပ်စုက လပွတ္တာ မြို့နယ်ထဲပါနေသဖြင့် ဌာနဆိုင်ရာကိစ္စနှင့် အထွေထွေ ကိစ္စများတွင် လပွတ္တာသို့ မဖြစ်မနေသွားရသည်။ နာဂစ်နောက်ပိုင်းကျမှသာ မော်လမြိုင်ကျွန်းမြို့နယ် ထဲ ထည့်ပေးလိုက်သဖြင့် ဒေသခံများ အဆင်ပြေ လွယ်ကူသွားသည်။
လှိုင်းဘုန်းကျေးရွာကြီးသို့
စာရေးသူ လှိုင်းဘုန်းကျေးရွာကြီးသို့ မရောက် သည်မှာ ၁၀ နှစ်ကျော်ပြီဖြစ်သည်။ လှိုင်းဘုန်း ကျေးရွာကြီး၏ တိုးတက်မှုအဖုံဖုံမြင်ကွင်းစုံကို ကြည့်လိုသည်။ လှိုင်းဘုန်းကျေးရွာကြီးမှ စာရေးသူ ၏ မိတ်ဆွေများကို နှုတ်ဆက်လိုသည်။ စကားပြော လိုသည်။ ဇွန် ၂၄ ရက်က လှိုင်းဘုန်းကျေးရွာကြီး ခရီးစဉ်တွင် စာရေးသူ လိုက်ပါခွင့်ရခဲ့သည်။ မော်လမြိုင်ကျွန်းမြို့မှ ပဲ့ထောင်ရေယာဉ်စထွက် တော့ နံနက် ၆ နာရီရှိပြီဖြစ်သည်။
တစ်နာရီကျော်ကျော် ခုတ်မောင်းပြီးသောအခါ ငွေဇင်ယော်စံပြကျေးရွာကြီးကို လှမ်းမြင်ရသည်။ အိမ်ခြေ ၄၀၀ ခန့်ဖြင့် စည်ကားသော ကျေးရွာကြီး တစ်ရွာဖြစ်နေသည်။ နာဂစ်မတိုင်မီက စာရေးသူ ငွေဇင်ယော်ကျေးရွာသို့ နှစ်ခေါက်ရောက်ခဲ့ပြီး နာဂစ် နောက်ပိုင်းတွင်လည်း သတင်းဆောင်းပါး ရေးရန် နှစ်ခေါက်ရောက်ခဲ့သည်။ ယခု ငွေဇင်ယော် စံပြကျေးရွာရှေ့မှ ပဲ့ထောင်ဖြတ်သန်းမောင်းနှင်ရသောအခါ နာဂစ်နောက်ပိုင်း ကွင်းဆင်းခရီးစဉ်များ ကို ပြန်လည်အမှတ်ရမိသည်။ နာဂစ်တွင် ပြည်သူတို့ အချိန်မီရုန်းထနိုင်ခဲ့သည်။ အားမာန်ဝင့်ထည်ခဲ့ သည်။ ပြန်လည်တည်ဆောက်နိုင်ခဲ့ကြသည်။ ပြည်သူ့အားဖြင့် နာဂစ်ကို အနိုင်ယူနိုင်ခဲ့သည်။
လှိုင်းဘုန်း-ရွာသစ် ချောင်းကူးတံတား
ငွေဇင်ယော်စံပြကျေးရွာကျော်တော့ လှိုင်းဘုန်း ကျေးရွာကြီးက နီးလာသည်။ လှိုင်းဘုန်းချောင်း အတွင်းသို့ ချိုးကွေ့ဝင်လိုက်သောအခါ လှိုင်းဘုန်း ကျေးရွာကြီးကို ခပ်ပျပျလှမ်းမြင်နေရသည်။ ပထမ ဆုံး လှမ်းမြင်ရသည့်မြင်ကွင်းမှာ လှိုင်းဘုန်း-ရွာသစ် ချောင်းကူးတံတားဖြစ်သည်။ ခံ့ထည်လှပသည်။ တံတားအရှည် ပေ ၆၂၀ ရှိသည်။ လှိုင်းဘုန်း-ရွာသစ် တံတားပေါ်မှ ဆိုင်ကယ်များ၊ စက်ဘီးများဖြင့် ဒေသခံပြည်သူများ လွယ်ကူအဆင်ပြေစွာ ဖြတ်သန်း သွားလာနေကြသည်။ လွန်ခဲ့သော ၁၀ နှစ်ကျော်က စာရေးသူ လှိုင်းဘုန်းသို့လာစဉ် တံတားမရှိသေးပေ။ နိုင်ငံတော်၏ စေတနာဖြင့် တည်ဆောက်ပေးခဲ့သဖြင့် ဒေသခံများ အကျိုးခံစားနေကြရပေသည်။
လှိုင်းဘုန်းကျေးရွာအုပ်စုဟူ၍ နာမည်ကြီးလာ ခြင်းမှာ ပင်လယ်ပြင်ထိစပ်ကျေးရွာများကြောင့် ဖြစ်သည်။ ယင်းကျေးရွာများမှာ နောက်ပြန်ထိုး၊ ဇီးကွက်ချောင်း၊ ကံစု၊ ရွာသစ်၊ စလူချောင်း၊ လိပ်ချောင်း၊ လမုတစ်ပင်၊ စခန်းသောင်းလေး၊ လှိုင်းဘုန်းလေး၊ ရွှေတံခါး၊ အိမ်တော်ရာစခန်းနှင့် ရွာသစ်ကံစုကျေးရွာတို့ဖြစ်သည်။
လှိုင်းဘုန်းကျေးရွာကြီးဆိပ်ကမ်း
လှိုင်းဘုန်းကျေးရွာ တံတားကြီးနှင့်အတူ လှိုင်းဘုန်းကျေးရွာမြင်ကွင်းကလည်း စာရေးသူတို့ အဖွဲ့ကို ဆီးကြိုနေသည်။ လူနေတိုက်တာအဆောက် အဦများ၊ အိမ်ကြီးအိမ်ကောင်းများ၊ ဆန်စက်များ နှင့်အတူ ပင်လယ်ပြင်အလှအပအစိတ်အပိုင်းများ ဖြင့် လှိုင်းဘုန်းကျေးရွာကြီး ဆိပ်ကမ်းကို မြင်တွေ့ရ သည်။ ၁၀ နှစ်ကျော်အတွင်း လှိုင်းဘုန်းကျေးရွာကြီး က တစ်မူထူးခြား ဖွံ့ဖြိုးတိုးတက်လာသည်။
လှိုင်းဘုန်းဆိပ်ကမ်းတစ်လျှောက် ပင်လယ် ကျေးရွာများမှ ပဲ့ထောင်ရေယာဉ်ကြီး/ငယ်များ ဆိုက်ကပ်ထားသဖြင့် ကြိတ်ကြိတ်တိုး စည်ကားနေ သည်။ ဆိပ်ကမ်းမှ လှမ်းတက်လိုက်သောအခါ ကမ်းနားဈေးတန်းသို့ရောက်သည်။ ကမ်းနားဈေး လှိုင်းဧရာလမ်းမကြီးပေါ်တွင် ပင်လယ်ထွက်ကုန် အမယ်စုံ၊ ငါးပုစွန်၊ ဟင်းသီးဟင်းရွက်များကို ဈေးတန်းများဖြင့် ရောင်းဝယ်နေကြသည်။ ပိတောက် ရွှေဝါလမ်း၊ မြကန်သာလမ်းနှင့် သီရိနန္ဒာလမ်း တို့တွင် အလှကုန်၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်းမျိုးစုံ နှင့် ဖုန်းအမျိုးမျိုးအရောင်းဆိုင်များလည်းရှိသည်။
ကျေးရွာအဆင့်ထက် ပိုမိုတိုးတက်
လှိုင်းဘုန်းကျေးရွာကြီးတွင် လှိုင်းဧရာလမ်း၊ ပိတောက်ရွှေဝါလမ်း၊ မြကန်သာလမ်း၊ သီရိနန္ဒာ လမ်းနှင့် လှိုင်းအနောက်လမ်းမကြီးများ ရှိကြသည်။ လမ်းခွဲ လမ်းတိုလေးများလည်းရှိသည်။ သို့ဖြစ်ရာ လှိုင်းဘုန်းကို ကျေးရွာကြီးဟု အသိအမှတ်ပြု ခေါ်ကြသော်လည်း လှိုင်းဘုန်းက ကျေးရွာအဆင့် ထက်မက ပိုမိုတိုးတက်လျက်ရှိပေသည်။ လှိုင်းဘုန်း ကျေးရွာကြီးတွင် အိမ်ခြေ ၂၀၀၀ ကျော်ရှိပြီး လူဦး ရေ ၉၅၀၀ ကျော် နေထိုင်ကြသည်။ လှိုင်းဘုန်း ကျေးရွာကြီး၏ ဒေသဖွံ့ဖြိုးရေးအကြောင်းကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးနိုင်က ရှင်းပြခဲ့သည်။
လှိုင်းဘုန်းကျေးရွာကြီးသည် နာဂစ်နောက်ပိုင်း တွင် မမျှော်မှန်းနိုင်အောင် ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ ကိုယ့်အားကိုယ်ကိုးတည်ဆောက်သော လမ်း၊ တံတားများ၊ နိုင်ငံတော်က ပါဝင်တည်ဆောက်ပေး သော လမ်း၊ တံတားများလည်းရှိသည်။ လှိုင်းဘုန်း ကမ်းနားလမ်းမှ စိန်ပန်းကျေးရွာအထိ၊ အိမ်တော်ရာ စခန်းမှ လှိုင်းဘုန်းအထိ၊ စိန်ပန်းကျေးရွာမှ လှိုင်းဘုန်း ကျေးရွာအထိ လမ်းများအပြင် အခြားလမ်းတံတား များလည်းရှိသည်။
လှိုင်းဘုန်းကျေးရွာကြီး၏ အဓိကစီးပွားရေး လုပ်ငန်းတစ်ခုမှာ ဓနိလုပ်ငန်းဖြစ်သည်။ လှိုင်းဘုန်း အနောက်ဓနိကို မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ကျုံမငေး၊ ဝါးခယ်မ၊ ဖျာပုံနှင့် ကျိုက်လတ်မြို့နယ်တို့မှ ဝယ်ယူသုံးစွဲကြသည်။ ဓနိပွဲရုံများကလည်း တစ်နှစ် စာ ကြိုတင်စာချုပ်ချုပ်ဆို ဝယ်ယူထားကြကြောင်း သိရသည်။
လှိုင်းဘုန်း-ပြင်စလူ လမ်းမကြီး
လှိုင်းဘုန်းကျေးရွာအုပ်စုတွင် ကျေးရွာချင်းဆက် လမ်းများ၊ အဓိက ဆက်သွယ်ရေးလမ်းမများ ပြီးစီး နေပြီဖြစ်သော်လည်း အဝေးပြေးလမ်းမကြီးတစ်ခု ဖြစ်သည့် မော်လမြိုင်ကျွန်း-လှိုင်းဘုန်း-ပြင်စလူ လမ်းမကြီးမှာ ဆိုင်ကယ်၊ ကားများ သွားလာ၍မရ သေးပေ။ လှိုင်းဘုန်း-ပြင်စလူလမ်းကို လမ်းချော ဖြစ်အောင် ဆောင်ရွက်ပေးစေလိုသောဆန္ဒ ဒေသခံ များတွင် ရှိနေကြသည်။
စာရေးသူတို့အဖွဲ့များ ညနေ ၃ နာရီတွင် လှိုင်းဘုန်းမှ မော်လမြိုင်ကျွန်းသို့ ပဲ့ထောင်ရေယာဉ် ဖြင့် ပြန်လာခဲ့ကြသည်။ လှိုင်းဘုန်းကျေးရွာကြီးသည် ပင်လယ်ပြင်အငွေ့အသက်များကို ခံစားနေရပြီး ပင်လယ်ပြင်၏ အလှအပများနှင့်အတူ ဖွံ့ဖြိုးတိုးတက် နေသော ကျေးရွာကြီးဖြစ်၍ ခရီးသွားပြည်သူများ အနေဖြင့် သွားရောက်လည်ပတ်သင့်သော နေရာ တစ်ခုလည်းဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရ ပါသည်။ ။
- Log in to post comments