
သံတွဲ နိုဝင်ဘာ ၇
ရခိုင်ပြည်နယ်၏ အဓိကခရီးစဉ် တစ်ခုဖြစ်သည့် ငပလီကမ်းခြေ တွင် ပြည်တွင်း ပြည်ပ ခရီး သွားဧည့်သည်များ အေးချမ်း သာယာစွာ လာရောက်အပန်းဖြေအနားယူနိုင်ကြောင်း အသိပေး နှိုးဆော်သည့်အနေဖြင့် ကျင်းပ ပြုလုပ်မည့် ငပလီဆောင်းဦး ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၆ ရက်က သံတွဲခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က ဆောင်းဦးပွဲတော်ကို ကျင်းပ မည့် အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီးနောက် သက်ဆိုင်ရာ ကော်မတီများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြ သည်။
အဆိုပါ ဆောင်းဦးပွဲတော် ငပလီကမ်းခြေတွင် ကျင်းပနိုင် ရေးနှင့် ပွဲတော်အတွင်း မီးပုံပွဲ၊ သဲသောင်ပြင်ကို ကစားပြိုင်ပွဲ များ၊ သဲပန်းချီပြပွဲ၊ စက်ဘီးစီးပွဲ၊ လွန်ဆွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ ညဈေးတန်း၊ ဈေးရောင်းပွဲတော်၊ တိုင်းရင်းသားရိုးရာ အစားအစာ အရောင်းဆိုင်များ၊ MSME အရောင်းဆိုင်ခန်းများ၊ စတိတ်ရှိုး နှင့် တိုင်းရင်းသားရိုးရာဝတ်စား ဆင်ယင်မှု ပြိုင်ပွဲများဖြင့် နိုဝင်ဘာ ၁၈ ရက်မှ ၂၇ရက်အထိ ၁၀ ရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း ဆောင်းဦးပွဲတော် ဖြစ်မြောက်ရေး ဦးစီးကော်မတီ ထံမှ သိရသည်။
နေမျိုးအောင်(ပြန်/ဆက်)