
နေပြည်တော် မတ် ၃၁
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ ၂၀၂၁ အရ အကောင်အထည်ဖော်ဆောင်ရွက် ခဲ့သည့် ခရီးသွားလုပ်ငန်းဆိုင်ရာ သုတေသနစီမံကိန်း ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်သော် တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ)မှ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ၊ စာရင်းအင်းဆိုင်ရာ စံသတ်မှတ်ရေးလုပ်ငန်း အဖွဲ့ဝင် များ၊ စီမံကိန်းမှ မြန်မာနိုင်ငံသား ကျွမ်းကျင်ပညာရှင် များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ နေပြည်တော် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်း များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မန္တလာ တက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီ ကောလိပ်မှ ဆရာ ဆရာမများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်းများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ ၂၀၂၂ ဖြင့် “The Establishment of Bakery & Pastry Trainings for the Vulnerable Persons Project” စီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ်အတွက် စီမံကိန်း သုံးခုကိုလည်း အဆိုပြုထားပါကြောင်း၊ ၂၀၂၁ အထူး ရန်ပုံငွေအရ အကောင်အထည်ဖော်သော စီမံကိန်း ကာလအတွင်း စီမံကိန်း၏ ရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့ ကြောင်း၊ ဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်းနှင့် ပညာရေး နယ်ပယ်တို့မှ ဝန်ထမ်းများ၊ ဆရာ ဆရာမများကို သုတေသနစစ်တမ်းကောက်ယူခြင်း နည်းလမ်းများ ကို သင်ကြားပို့ချပေးနိုင်ခဲ့ကြောင်း၊ ခရီးသွားလုပ်ငန်း ဆိုင်ရာ သုတေသနတွေ့ရှိချက်များကို ပြည်သူလူထု အကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စီမံကိန်း ရလဒ်အနေဖြင့် ဝန်ကြီးဌာနတွင်း သုတေသနအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ခြင်း၊ လက်စွဲစာအုပ်၊ လုပ်ငန်းစီမံချက် များပါရှိသည့် စစ်တမ်းပြက္ခဒိန်၊ ခေတ်မီနည်းစနစ်များ အသုံးပြု၍ ခရီးသွားစစ်တမ်းများ ကောက်ယူခြင်း နှင့် အစီရင်ခံစာထုတ်ပြန်နိုင်ခြင်း၊ စီမံကိန်းရေရှည် တည်တံ့ရေးအတွက် ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ် နိုင်ခြင်း စသောအကျိုးကျေးဇူးများ ရရှိခဲ့ကြောင်း။
ထို့ပြင် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ၏ မြန်မာနိုင်ငံအတွင်း၌ သုံးစွဲခဲ့သောငွေကြေးပမာဏ နှင့် ပျမ်းမျှနေထိုင်သည့် ကာလတို့ကို သိရှိရပြီး မြန်မာနိုင်ငံသားများ၏ ပြည်ပသို့ခရီးသွားလာမှု၊ သုံးစွဲခဲ့သည့် ငွေကြေးပမာဏနှင့် ပျမ်းမျှနေထိုင် သည့်ကာလတို့ကိုလည်း သိရှိရကြောင်း၊ ပြည်တွင်း ခရီးသွားစစ်တမ်းအရ မြန်မာနိုင်ငံသားများအနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ ပုဂံ၊ တောင်ကြီး စသော မြို့ငါးမြို့သို့ အများဆုံးသွားရောက်လည်ပတ်ခဲ့ကာ ပျမ်းမျှ ရက်ပေါင်း ၁၀ ရက်ခန့် နေထိုင်ကြသည်ကို တွေ့ရှိရကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ တည်းခိုမှုစာရင်းကို နေ့စဉ်ပြုစုလျက်ရှိရာ ပိုမိုတိကျသေချာသော စာရင်း ရရှိရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းပါဝင်ပေးကြစေလိုကြောင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရန် စာရင်းအင်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆက်လက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ Minister Counselor က ဂုဏ်ပြု စကားပြောကြားပြီး မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ရုံးမှ ဒုတိယဥက္ကဋ္ဌက ဝမ်းမြောက်စကား ပြောကြားသည်။
ယင်းနောက် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းဆိုင်ရာ ရလဒ်များ၊ အတွေ့အကြုံများနှင့် ရှေ့လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြကာ ပြည်ထောင်စုဝန်ကြီး သည် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်