
ရန်ကုန် ဩဂုတ် ၂၅
ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားရ သော ပြည်တွင်းခရီးသွား လုပ်ငန်းများ ပြန်လည်လုပ်ကိုင် လည်ပတ်လာနိုင်စေ ရန်အတွက် သတ္တမအကြိမ်မြောက် ခရီးသွားလုပ်ငန်းဆိုင်ရာ ပြပွဲကို စက်တင်ဘာလအတွင်း ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းအနေဖြင့် နိုင်ငံအတွင်း ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ ပြပွဲများကို ပြုလုပ်ခဲ့ရာ ကိုဗစ်ကာလ မတိုင်မီက ခြောက်ကြိမ်မြောက်အထိ ကျင်းပနိုင်ခဲ့ပြီး လာမည့်စက်တင်ဘာလ တွင် သတ္တမအကြိမ်မြောက် ခရီးသွား လုပ်ငန်းဆိုင်ရာပြပွဲကို ကျင်းပရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် မြန်မာနိုင်ငံတွင် ခရီးသွား ပွင့်လင်းရာသီသည် အောက်တိုဘာတွင် စတင်သည့်အတွက် ခရီးသွားလုပ်ငန်း ကုမ္ပဏီများက စက်တင်ဘာမှ စတင်ကာ ပြည်တွင်း၊ ပြည်ပခရီးစဉ်များကို ပြသရောင်းချလေ့ရှိ ကြောင်း၊ ယခုကဲ့သို့ ခရီးသွားလုပ်ငန်း ဆိုင်ရာပြပွဲ ကျင်းပပြီး ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များကို တစ်စုတစ်ဝေးတည်း ပြသရောင်းချခြင်းဖြင့် ခရီးသွားပြည်သူ များအနေဖြင့် ခရီးစဉ်များကို ရွေးချယ် ဝယ်ယူရာတွင် ပိုမိုအဆင်ပြေ လွယ်ကူစေရန် ရည်မှန်းထားကြောင်း သိရသည်။
အဆိုပါ သတ္တမကြိမ်မြောက် ခရီးသွားလုပ်ငန်းဆိုင်ရာပြပွဲကို စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တွင် ရန်ကုန်မြို့ရှိ LOTTE HOTEL ၌ ကျင်းပရန် စီစဉ်ထား ပြီး မည်သူမဆို ဝင်ရောက်လေ့လာနိုင် ကြောင်း၊ ထိုပြပွဲတွင် ခရီးသွားပြည်သူများ က မိမိတို့ သွားရောက်လိုသော ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များကို လာရောက်လေ့လာကာ ဝယ်ယူနိုင်မည့် အပြင် အထူးအစီအစဉ်အနေဖြင့် ဈေးနှုန်းလျှော့ရောင်းသော ခရီးစဉ်များ ကိုလည်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးသွားလုပ်ငန်းဆိုင်ရာ ပြပွဲကို ကိုဗစ်-၁၉ နှင့်အတူယှဉ်တွဲ နေထိုင်၍ ခရီးသွားလိုအား ပြန်လည် တိုးတက်လာစေရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ပြီး ခရီးသွားကုမ္ပဏီများက ၎င်းတို့၏ ခရီးစဉ်များကို ပြသရောင်းချသွားမည်ဟု ဆိုသည်။
ခရီးသွားမည့်သူများအနေဖြင့် ခရီးသွားပြပွဲသို့ လာရောက်ခြင်းဖြင့် မည်သည့်နိုင်ငံသို့ ခရီးသွားနိုင်ပြီဟူသော သတင်းအချက်အလက်များ၊ ဗီဇာဆိုင်ရာ သတင်းအချက်အလက်များ၊ အခြား ကန့်သတ်ချက်နှင့်ဆိုင်သော သတင်း အချက်အလက်များကို သိရှိနိုင်မည် ဖြစ်ပြီး သက်ဆိုင်ရာလေကြောင်းလိုင်းများနှင့် ခရီးသွားကုမ္ပဏီများကလည်း ယင်းခရီးသွားပြပွဲအတွင်း လေယာဉ် လက်မှတ်နှင့် ခရီးစဉ်များကို အထူး ဈေးနှုန်းများဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
မျိုးမင်းသူရ