
ပဲခူး ဒီဇင်ဘာ ၂၆
ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့ တွင် ပဲခူးမြို့ ကမ္ဘောဇသာဒီ နန်းတော်သို့ လာရောက်လေ့လာ အပန်းဖြေကြသူများဖြင့်စည်ကားခဲ့ပြီး ကမ္ဘောဇသာဒီ နန်းတော် ဘမရာသဏ ပလ္လင်ဆောင်အနီး တွင် လာရောက်လေ့လာအပန်း ဖြေကြသည့် ပြည်သူများ အမှတ် တရဓာတ်ပုံရိုက်နိုင်ရန် ခရစ္စမတ် အထိမ်းအမှတ် ကျောက်တိုင် (Christmas Pillar) ပုံစံပြုလုပ် ပေးထားသည့်နေရာတွင် ပြည်သူ များ စိတ်အေးချမ်းပျော်ရွှင်စွာဖြင့် အမှတ်တရဓာတ်ပုံများရိုက်လျက် ရှိသည်ကိုလည်း တွေ့မြင်ရသည်။
“ခရစ္စမတ်ကျောက်တိုင်က ဒီဇင်ဘာ ၉ ရက်ကတည်းက ပြုလုပ်ပေးထားတာပါ။ ခရစ္စမတ် နေ့မတိုင်ခင်ကတည်းက လာရောက် အပန်းဖြေကြသူတွေ အမှတ်တရ ဓာတ်ပုံရိုက်ကြတယ်။ ခရစ္စမတ် နေ့ကတော့ လာရောက်ကြသူ တွေ ပိုများပါတယ်”ဟု တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ကမ္ဘောဇသာဒီ နန်းတော်သို့ လာရောက်လေ့လာ အပန်းဖြေကြ သူများသည် ဘမရာသဏပလ္လင် ဆောင်၊ ရွှေနန်းတော်ဆောင်၊ ပြတိုက်၊ ဘုရင့်နောင်မင်းတရား ကြီး၏ မိဖုရားခေါင် ခင်ခင်ကြီး၏ နန်းဆောင်၊ ကလျာဏီမင်းသမီးနန်းဆောင်တို့တွင် လေ့လာခြင်း၊ နန်းတော်အတွင်း ဈေးဆိုင်တန်းမှ အစားအသောက်များ ဝယ်ယူ စားသောက်ခြင်း၊ အမှတ်တရ ဓာတ်ပုံရိုက်ခြင်းတို့ဖြင့် အေးချမ်း စွာ အနားယူအပန်းဖြေခဲ့ကြသည်။ ရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ်မှ မိသားစုလိုက် လာရောက် လည်ပတ်သူ ဦးလှမြင့်က“နန်းတော် စဖွင့်တဲ့ အချိန်ကတည်းက ဝင်ရောက်လေ့လာ အပန်းဖြေ အနားယူနေတာ။ နန်းတော်ပိတ်မှ အေးအေးဆေးဆေး ပြန်ကြမယ်။ ကလေးတွေက ပြေးလိုက်လွှားလိုက် စားလိုက် ဓာတ်ပုံရိုက်လိုက်နဲ့ ပျော်နေကြတာ။ ဝိုင်ဖိုင်လည်းအခမဲ့ သုံးလို့ရတော့ ကလေးတွေက ဓာတ်ပုံရိုက်လိုက် လိုင်းတင်လိုက် နဲ့ လာရောက်ကြတဲ့ ပြည်သူတွေ စိုးရိမ်မှုမရှိ အေးချမ်းနေကြတာ ဝမ်းသာစရာပါပဲ”ဟု ပြောသည်။
မောင်ယဉ်ဦး