
သတင်းအဖွဲ့
တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်သည့် မြန်မာနိုင်ငံတွင် ပြည်ထောင်စုကြီး အဓွန့်ရှည်ရန်၊ တိုင်းရင်းသားများ စည်းလုံးချစ်ခင်စွာ အတူတကွနေထိုင်နိုင်ရန် ငြိမ်းချမ်းရေး သည် မရှိမဖြစ်လိုအပ်လှသလို ဖက်ဒရယ်စနစ်ကို ကျင့်သုံးနိုင်ရန်အတွက်လည်း ကြိုးပမ်းလျက်ရှိသည်။ ထို့ကြောင့် ပြည်ထောင်စုနေ့ ဂုဏ်ပြုအထူးအစီအစဉ်အနေဖြင့် ခွင့်တူညီမျှ ဝါဒဖြူစင် ဖက်ဒရယ်လစ်ဇင်စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
အဆိုပါ ခွင့်တူညီမျှ ဝါဒဖြူစင် ဖက်ဒရယ်လစ်ဇင် စကားဝိုင်းဆွေးနွေးပွဲ (ပထမပိုင်း)တွင် ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့်ပတ်သက်၍ ရန်ကုန်တက္ကသိုလ်သမိုင်းဌာန ပါမောက္ခ (အငြိမ်းစား) ဒေါက်တာကျော်ဝင်းနှင့် ခေတ်ရနံ့မဂ္ဂဇင်း တာဝန်ခံ
အယ်ဒီတာ ပြည်သွေးနိုင်တို့က ဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေးခဲ့ကြသည်များကို ဖော်ပြလိုက်ရပါသည်-
ပြည်သွေးနိုင်။ ။ ကျွန်တော် ဒီနေ့ဆွေးနွေးမယ့်
ခေါင်းစဉ်ကတော့ ခွင့်တူညီမျှ ဝါဒဖြူစင် ဖက်ဒရယ်လစ်ဇင် ဆိုတဲ့ ခေါင်းစဉ်ပဲ ဖြစ်ပါတယ်။ အဓိက ဦးဆောင်ဆွေးနွေးပေးမယ့် ဆရာကြီးကတော့ ရန်ကုန်တက္ကသိုလ် အငြိမ်းစား သမိုင်းပါမောက္ခဖြစ်တဲ့ ဆရာကြီး ဒေါက်တာကျော်ဝင်း ဖြစ်ပါတယ်။ ဆရာကြီး ဟာဆိုရင် ကျော်ဝင်း(ရန်ကုန်တက္ကသိုလ်) ဆိုတဲ့ နာမည်နဲ့ လည်း စာတွေရေးသားနေပါတယ်။ အမျိုးသားစာပေဆု နဲ့ ထွန်းဖောင်ဒေးရှင်း စာပေဆုတွေကိုလည်း ရရှိထားတဲ့ ဆရာကြီးဖြစ်ပါတယ်။
ဆရာကြီးခင်ဗျာ၊ ကျွန်တော်တို့ ဒီနေ့ဆွေးနွေးမယ့် ခေါင်းစဉ်ကတော့ ခွင့်တူညီမျှ ဝါဒဖြူစင် ဖက်ဒရယ်လစ်ဇင် ဆိုတဲ့ ခေါင်းစဉ်ပဲဖြစ်ပါတယ်။ အဲဒီတော့ ခွင့်တူညီမျှ ဝါဒဖြူစင်ဆိုတာက ကျွန်တော်တို့ရဲ့ နိုင်ငံတော်သီချင်းရဲ့ စာသားတစ်ခု၊ စကားလုံးလေးတွေဖြစ်ပြီးတော့ အင်မတန် လည်း အဓိပ္ပာယ်ပြည့်ဝတဲ့ သဘောဆောင်ပါတယ်။ဒါကြောင့် ကျွန်တော်တို့ ဒီကနေ့ပေးထားတဲ့ ခေါင်းစဉ်လေးက လှလည်းလှပပြီးတော့ အဓိပ္ပာယ်လည်းပြည့်ဝတဲ့ ခေါင်းစဉ် လေးဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒီနေ့ အပိုင်းတစ်အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ စပြီးတော့ အပိုင်း တစ်ကို ဆွေးနွေးမှာဖြစ်ပါတယ်ခင်ဗျာ။
ပြည်သွေးနိုင်။ ။ အဲဒီတော့ဆရာကြီးကို ကျွန်တော်
ပထမဆုံး မေးမြန်းချင်တာကတော့ ဖက်ဒရယ်ဆိုတာ ဘာပါလဲခင်ဗျာ။ ဖက်ဒရယ်ရဲ့အဓိပ္ပာယ်နဲ့ ဖက်ဒရယ်ရဲ့ သဘောသဘာဝတွေကို စတင်ပြီးရှင်းပြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။
ရည်မှန်းချက်တူညီတဲ့ နိုင်ငံများရဲ့အစုအဖွဲ့
ဒေါက်တာကျော်ဝင်း။ ။ ဟုတ်ကဲ့ပါ။ ဖက်ဒရယ်ဆိုတဲ့
ဝေါဟာရက လက်တင် ဘာသာကလာတာဖြစ်ပါတယ်။ Foedus လို့ခေါ်ပါတယ်။ အဓိပ္ပာယ်က ရည်မှန်းချက်တူညီတဲ့ နိုင်ငံများရဲ့အစုအဖွဲ့ ပေါ့နော်။ အဲဒီတော့ ဖက်ဒရယ်ရဲ့ အဓိကက ဘာလဲဆို တော့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်များအကြားမှာ အာဏာခွဲဝေတဲ့အခါမှာ စနစ်တကျ ခွဲဝေပေးတဲ့အခါမှာ အဲဒီခွဲဝေမှုသည် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ခွဲဝေပေးတာဖြစ်ပါတယ်။
ဒီလိုပြည်နယ်နဲ့ ပြည်ထောင်စုရဲ့အကြားမှာ အာဏာခွဲဝေခြင်းဆိုတာက ဖက်ဒရယ်ပြည်ထောင်စုရဲ့ အနှစ်သာရပဲဖြစ်ပါတယ်။
ပြည်သွေးနိုင်။ ။ ဟုတ်ကဲ့ပါ ဆရာကြီးခင်ဗျာ၊
ကျွန်တော်တို့ အကြမ်းဖျင်းအားဖြင့် ပြောလေ့ရှိပါတယ်။ တစ်ပြည်ထောင်စနစ်၊ ပြည်ထောင်စု စနစ်ပေါ့၊ အဲဒီတော့ တစ်ပြည်ထောင်စနစ်နဲ့ ပြည်ထောင်စု စနစ်က ဘာကွာပါသလဲခင်ဗျာ။ အဲဒီတော့ တစ်ပြည်ထောင် စနစ်ဆိုတာ ဘယ်လိုစနစ်မျိုးလဲဆိုတာကိုလည်း ဆက်လက်ပြီးတော့ ရှင်းပြပေးပါအုံးခင်ဗျ။
ဒေါက်တာကျော်ဝင်း။ ။ ဟုတ်ကဲ့၊ နိုင်ငံတစ်ခုမှာ နိုင်ငံရဲ့
ဖွဲ့စည်းပုံကို ဆွဲတဲ့အခါမှာ ပုံစံနှစ်မျိုးရှိပါတယ်။ နံပါတ်တစ်ပုံစံကတော့ Unilateral လို့ခေါ်တဲ့ တစ်ပြည်ထောင်စနစ်ပေါ့နော်။ ဆိုတော့ အဲဒီ တစ်ပြည်ထောင်စနစ်ဆိုတာရဲ့ အနှစ်သာရကို ကြည့်မယ် ဆိုရင် အနှစ်သာရက အချက်နှစ်ချက်ရှိပါတယ်။ နံပါတ်တစ် အချက်က ဘာလဲဆိုတော့ ဗဟိုအစိုးရသည် အချုပ်အခြာ အာဏာပိုင်ဖြစ်တယ်။ ဒုတိယအချက်ကတော့ တစ်ပြည်ထောင်နိုင်ငံမှာ ဗဟိုအုပ်ချုပ်ရေးကလွဲလို့ ကျန်တဲ့ အုပ်ချုပ်ရေးအာဏာတွေမှာ မြင့်မားတဲ့အခွင့်အာဏာ မရှိပါဘူး။
ပြည်သွေးနိုင်။ ။ တစ်ပြည်ထောင်စုစနစ်က ဆရာကြီး
ပြောသလိုဆိုရင် ဗဟိုအစိုးရမှာပဲ အာဏာရှိပြီး ကျန်တဲ့ပြည်နယ်အစိုးရတွေမှာက အာဏာမရှိ တဲ့သဘောပေါ့နော်၊ အဲဒီတော့ သူ့ရဲ့အဓိကအားနည်းချက် က ဘာပါလဲဆရာ။ တစ်ပြည်ထောင်စနစ်ရဲ့အားနည်းချက် က ဘာပါလဲဆရာ။
ဒေါက်တာကျော်ဝင်း။ ။ ဗဟိုရဲ့ချုပ်ကိုင်မှုက အလွန်ကို
တင်းကျပ်လွန်းပါတယ်။ အဲဒီ တော့ နိုင်ငံတစ်နိုင်ငံမှာ အခြေခံဥပဒေကို ဆွဲတဲ့အခါမှာ၊ အာဏာခွဲဝေတဲ့နေရာမှာ အရေးကြီးတဲ့ ဘာသာရပ်တွေကို ဗဟိုအစိုးရတချို့ကယူတယ်။ တချို့သော အကြောင်းအရာ တွေကိုတော့ ပြည်နယ်လွှဲပေးတာရှိတယ်။ အခု တစ်ပြည်ထောင်စနစ်မှာကတော့ ဒီလိုလွှဲပေးတာ မရှိဘူး။ မရှိတဲ့အခါကျတော့ ဥပမာအားဖြင့် သူက ဗဟိုချုပ်ကိုင်မှု စနစ် အားကြီးတဲ့အတွက်ကြောင့် တိုင်းရင်းသားလူမျိုးစုတွေများတဲ့၊ အကျိုးစီးပွားချင်းခြားနားတဲ့ လူတွေများတဲ့နိုင်ငံ မျိုးမှာ ဒီလို တစ်ပြည်ထောင်စနစ်ကို အာဏာရှင်ဆန်လွန်း တယ်လို့မြင်ပါတယ်။
ပြည်သွေးနိုင်။ ။ ဆရာကြီးက တစ်ပြည်ထောင်စနစ်ရဲ့
သဘောသဘာဝနဲ့ အနှစ်သာရတွေကို ပြောသွားပြီဖြစ်ပါတယ်။ စောစောကလည်း ကျွန်တော်တို့ ဖက်ဒရယ်ဆိုတာ ဘယ်ကနေစတင်တယ်၊ ဖက်ဒရယ်ရဲ့ သဘောတရားကို ဆရာကြီးရှင်းပြပြီးသွားပါပြီ။ အခု ဆက်လက်ပြီးတော့ ကျွန်တော်တို့ သိချင်တာကတော့ ဖက်ဒရယ်စနစ်ပေါ့နော်၊ ပြည်ထောင်စုစနစ်ရဲ့ စရိုက်လက္ခ ဏာတွေ၊ ပြည်ထောင်စုစနစ်ရဲ့ အားသာချက်တွေက ဘာတွေ လဲဆိုတာကိုလည်း ဆက်ပြီးတော့ ရှင်းပြပေးပါအုံး ခင်ဗျ။
အာဏာကို ခွဲဝေကျင့်သုံးတဲ့စနစ်
ဒေါက်တာကျော်ဝင်း။ ။ ကျွန်တော်တို့ ပြည်ထောင်စု
စနစ်ကျတော့ ခုနက တစ်ပြည်ထောင်စနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ အဲဒီတော့ ပြည်ထောင်စုစနစ်မှာ ကြည့်မယ်ဆိုရင် ဒါက များသောအားဖြင့်တော့ ပြည်ထောင်စုစနစ် ဘယ်ကစလဲလို့ မေးရင် တကယ်တော့အတွေးအခေါ်ဟောင်းပဲ။ အမေရိကန် ပြည်ထောင်စုကနေ စပြီးတဲ့အခါမှာ အတွေးအခေါ်သစ်ကို စတည်ထောင်တယ်။ အဲဒီမှာ ပုဂ္ဂိုလ်နှစ်ယောက်ရှိတယ်။ မစ္စတာ ဟယ်မဲလ်တန် ဆိုတဲ့လူနဲ့ မဒီစင် ဆိုတဲ့ လူနှစ်ယောက် ပေါ့။ အဲဒီနှစ်ယောက်က ဖက်ဒရယ်လစ်ဆိုတဲ့စာအုပ်ကိုရေးတယ်။ ရေးတဲ့အခါမှာ အဲဒီအထဲမှာ သူကဘာပြောသလဲ ဆိုတဲ့အခါကျတော့ အဲဒီနိုင်ငံတစ်နိုင်ငံမှာ ဗဟိုချုပ်ကိုင်မှု နည်းတာနဲ့ ဗဟိုချုပ်ကိုင်မှုများတဲ့ကြားထဲမှာ Hybrid လို့ခေါ်တဲ့ ပေါင်းစပ်တဲ့ ပုံစံမျိုးတစ်ခုကို သူ့အနေနဲ့ ဆောင်ရွက်ချင်တယ်လို့ပြောပြီး ဒီအမေရိကန်ပြည်ထောင်စုရဲ့ Constitution ကို ဆွဲတဲ့အခါမှာ အဲဒါထည့်ထားတာဖြစ်ပါ တယ်။
အဲဒီတော့ ဆိုလိုတဲ့သဘောကတော့ ဗဟိုချုပ်ကိုင်မှု များတာနဲ့ ဗဟိုချုပ်ကိုင်မှုနည်းတဲ့ ကြားထဲမှာ ကြားချ ပြီးတဲ့အခါမှာ ခုနက အာဏာကို ခွဲဝေကျင့်သုံးတဲ့ စနစ်ပဲ။ အဲဒီ ခွဲဝေကျင့်သုံးတဲ့နေရာမှာ ခုနကပြောတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကတော့ အတိအကျ ခွဲဝေပေးဖို့ လိုပါတယ်။
ပြည်သွေးနိုင်။ ။ အဲဒီတော့ ဆရာကြီး ကျွန်တော်တို့
အခုဟာကတော့ ဖက်ဒရယ်စနစ်ကို ဆရာကြီး ရှင်းပြသွားတာပေါ့နော်။ အဲဒီတော့ ဖက်ဒရယ် ပြည်ထောင်စု၊ ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့အခါ၊ ဖွဲ့စည်း တဲ့အခါမှာ ဘယ်လို အခြေခံအချက်အလက်တွေအပေါ်မှာ မူတည်ပြီးတော့ ဖွဲ့စည်းသလဲ၊ ဒါမှမဟုတ်လို့ရှိရင်လည်း ဖက်ဒရယ်ရဲ့အမျိုးအစားတွေ ဘယ်နှမျိုးလောက်ရှိတယ်ဆို တာကို ထပ်ပြီးရှင်းပြပေးပါအုံးခင်ဗျ။
ဒေါက်တာကျော်ဝင်း။ ။ ဖက်ဒရယ်စနစ်မှာ အဓိက
အားဖြင့် ဗဟိုအစိုးရရှိမယ်။ နောက်တစ်ခါ Unit လို့ခေါ်တဲ့ ပြည်နယ်တွေရှိတယ်။ အဲဒီ ပြည်နယ်တွေမှာ ခုနကပြောတဲ့ အမေရိကန်ပြည်ထောင်စု ပုံစံမျိုးကို ကြည့်မယ်ဆိုရင်တော့ တချို့သော တစ်နိုင်ငံလုံး နဲ့ ဆိုင်တဲ့ သင့်လျော်တဲ့ အကြောင်းအရာတွေကို ဗဟိုအစိုးရ က နေပြီးတော့ ယူထားတာရှိတယ်။ တချို့သော ဘာသာရပ်တွေကိုတော့ ပြည်နယ်တွေကို လွှဲထားတယ်။ အဲဒီတော့ အဲဒီ တကယ်စစ်မှန်တဲ့ ပြည်ထောင်စုပုံစံပေါ့နော်၊ Extreme Type လို့ခေါ်တာပေါ့။ အဲဒီပုံစံမျိုးမှာ ကြည့်မယ် ဆိုရင်တော့ ခုနကပြောတဲ့ ကာကွယ်ရေးတို့၊ နိုင်ငံခြား ဆက်ဆံရေးတို့၊ ဘဏ္ဍာရေးတို့၊ ငွေဒင်္ဂါးသွန်းလုပ်မှုတို့ စတဲ့အကြောင်းအရာတွေကို ဖက်ဒရယ်အစိုးရက ကိုင်ထားတယ်။ ကျန်တဲ့ဟာတွေကျတော့ ခုနကပြည်နယ် တွေကို ပေးထားတာပေါ့။
လွှတ်တော်နှစ်ရပ်ထားတဲ့ စနစ်
နောက် ဖက်ဒရယ်စနစ် အစစ်ဖြစ်မယ်ဆိုရင် ဘာတွေလိုသလဲဆိုရင် အဓိကအားဖြင့်ကတော့ ဗဟို မှာလည်း လွှတ်တော်ရှိမယ်။ ပြည်နယ်မှာလည်း လွှတ်တော်ရှိမယ်။ ပြီးတဲ့အခါမှာ လွှတ်တော်က လွှတ်တော်နှစ်ရပ်ထားတာတွေ့ရတယ်။ လွှတ်တော် နှစ်ရပ်ထားတဲ့ စနစ်ပေါ့။ အဲဒါအပြင် ပြည်နယ်နဲ့ ဖက်ဒရယ်အစိုးရရဲ့ကြားထဲမှာ အခွင့်အာဏာတွေ ပေးရတဲ့ အခါမှာ ဒီအခွင့်အာဏာတွေက တစ်ခါတလေကျရင် အကျိုးစီးပွားချင်း ဆန့်ကျင်လာတာမျိုးတွေ ဖြစ်လာနိုင် တယ်။
အထူးအားဖြင့်ကတော့ ပဋိပက္ခအသွင်ဆောင်လာ တဲ့အခါမှာ အဲဒါကို ကြားဝင်ဖြေရှင်းပေးမယ့် တရားရုံး ချုပ်လိုပါတယ်။ အဲဒီတော့ အမေရိကန်ပြည်ထောင်စုက အဲဒီပုံစံတွေအများကြီးပဲ ပါလာတာတွေ့ရတယ်။ အဲဒီ တော့ အစကအမေရိကန်ပြည်ထောင်စုဟာ အင်္ဂလိပ်ရဲ့ ကိုလိုနီစနစ်ကိုဆန့်ကျင်တဲ့ ပြည်နယ် ၁၃ ခုကနေပြီး တော့ ပေါင်းထားတာ ဖြစ်ပါတယ်။ အဲဒီတော့ ဖက်ဒရယ် အစစ်မဟုတ်သေးဘူး၊ သူက Confederation လို့ ခေါ်တယ်။ Confederation အဆင့်မှာတော့ သူက လျော့ရဲတဲ့ပုံစံမျိုး ဖြစ်တာပေါ့နော်။
အဲဒီအခါမှာ ခုနကပြောတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲတဲ့သူတွေရော၊ ကျန်တဲ့နိုင်ငံရေးသမား တွေကနေ ကြံဆပြီးတဲ့အခါမှာ အမေရိကန်ပြည်ထောင်စု ကို ဖက်ဒရယ်ပုံစံအဖြစ်နဲ့ ကျင့်သုံးမယ်ဆိုတဲ့အခါမှာ ဆွဲလိုက်တာဖြစ်ပါတယ်။
အဲဒီလိုဆွဲတဲ့အခါမှာ အမေရိကန်ပြည်ထောင်စုဟာ ဖက်ဒရယ်ရဲ့အင်္ဂါရပ်တွေ အပြည့်အစုံပါဝင်တဲ့အတွက် ကြောင့် ကမ္ဘာပေါ်မှာ စံပြုလောက်တဲ့ ဖက်ဒရယ်စနစ်လို့ အများကနေပြီးတော့ ယုံကြည်ကြပါတယ်။
ပြည်သွေးနိုင်။ ။ ဟုတ်ကဲ့ ဆရာကြီး။ ဒါဆိုလောလောဆယ်ရှိနေတဲ့နိုင်ငံတွေထဲမှာတော့ အမေရိကန်ပြည်ထောင်စုက ဖက်ဒရယ် စစ်ပြီးတော့ ခေတ်သစ်ဖက်ဒရယ်နိုင်ငံအဖြစ် စံပြု လောက်တဲ့ နိုင်ငံဖြစ်တယ်ပေါ့နော်။ အဲဒီတော့ စောစောက ဆရာကြီးရှင်းပြသွားတဲ့ အထဲမှာတော့ ကျွန်တော်တို့ မျိုးစပ်ဖွဲ့စည်းတဲ့ ဖက်ဒရယ်ပုံစံပေါ့နော်၊ Hybrid ဖက်ဒရယ်အကြောင်းကို ဆရာကြီးပြောသွားတာ ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ဖက်ဒရယ်ပြည်ထောင်စုတွေဖွဲ့စည်းကြတဲ့အခါမှာ တချို့ကနယ်မြေ ပထဝီအနေအထားပေါ်မှာ၊ နယ်မြေဒေသပေါ်မှာ မူတည်ပြီးတော့ အခြေခံဖွဲ့စည်းတာလည်း ရှိပါတယ်။ နောက်တစ်ခုက လူမျိုးစုပေါ်မှာ အခြေခံပြီး ဖွဲ့စည်းတာ လည်း ရှိပါတယ်။ ဆရာကြီး အဲဒီအကြောင်းလေးတွေ ဆက်ပြီးရှင်းပြပေးပါဦး။
ဒေါက်တာကျော်ဝင်း။ ။ အဲဒီဖက်ဒရယ်ကို ခေတ်သစ်
နိုင်ငံရေးသိပ္ပံပညာရှင်တွေက ဖက်ဒရယ်ပုံစံကို သုံးမျိုးခွဲထားတယ်။ နံပါတ် (၁) ကတော့ နယ်မြေကို အခြေခံထားတဲ့ Territorial Federalism လို့ခေါ်တယ်။ အဲဒီအခါမှာ နယ်မြေကို အခြေခံထားပြီး တဲ့အခါမှာ ပြည်ထောင်စုကြီးကို ဖွဲ့စည်းလိုက်တယ်။ ဖွဲ့စည်းလိုက်တဲ့အခါမှာ အဲဒီနိုင်ငံမျိုးက ဘယ်လို နိုင်ငံမျိုးလဲဆိုတော့ အမေရိကန်ပြည်ထောင်စု ၊ ဘရာဇီး တို့၊ ဂျာမနီတို့ အဲဒီဟာတွေက နယ်မြေကို အခြေခံထားတဲ့ ပြည်ထောင်စုပုံစံမျိုး ဖြစ်ပါတယ်။
ဒုတိယ အမျိုးအစားကတော့ လူမျိုးစုကို အခြေခံထားတာပါ။ အဲဒါကို Ethnofederalism လို့ခေါ်တယ်။ အဲဒီလို နိုင်ငံတွေမှာကျတော့ လူမျိုးစု ကို အခြေခံထားတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ယခင်က ဆိုဗီယက်နိုင်ငံ၊ ပြီးရင် ယူဂိုစလားဗီးယားတို့၊
ချက်ကိုစလိုဗက်ကီးယားတို့ အဲဒီလိုနိုင်ငံမျိုးတွေကျတော့ လူမျိုးစုတွေရှိတဲ့အတွက်ကြောင့် လူမျိုးစုတွေကို အခြေခံထားပြီးတဲ့အခါမှာ ဖွဲ့ထားတဲ့ ဖက်ဒရယ်ပုံစံ ဖြစ်လို့ Ethnofederalism လူမျိုးစုကို အခြေခံထားတော့ ပြည်ထောင်စုပုံစံလို့ ခေါ်တာဖြစ်ပါတယ်။
Hybrid Federalism
အဲဒီနှစ်ခုကို ကြားချပြီးတဲ့အခါမှာ နောက်တစ်မျိုး နိုင်ငံရေးသိပ္ပံပညာရှင်တွေက ခေါ်တဲ့နာမည်ပေးတဲ့ ပုံစံကတော့ Hybrid Federalism လို့ခေါ်တယ်။ Hybrid Federalism ဆိုတာက နယ်မြေတွေ စုပေါင်းထားတာ လည်းပါတယ်။ လူမျိုးကို အခြေခံထားတာလည်းပါတယ်။ အဲဒီတော့ နှစ်မျိုးပေါင်းစပ်ထားတဲ့အတွက်ကြောင့် အဲဒီ Federalism ကို Hybrid Federalism လို့ခေါ်တယ်။ သာဓကဖြင့်ပြရမယ်ဆိုရင် အိန္ဒိယနိုင်ငံကို ပြလို့ရပါ တယ်။ အိန္ဒိယနိုင်ငံမှာ ပြည်နယ်ကို အခြေခံထားတဲ့ဟာ တွေရှိတယ်။
နယ်မြေကို အခြေခံထားတဲ့ဟာတွေရှိတယ်။ နောက် လူမျိုးစုကို အခြေခံထားတာရှိတယ်။ ဥပမာ အားဖြင့် လူမျိုးစုကို အခြေခံထားမယ်ဆိုရင် Nagaland တို့၊ Mizoram တို့ စတဲ့ဟာတွေက လူမျိုးစုကို အခြေခံထား တာ။ တချို့ကျတော့ နယ်မြေအခြေခံထားတာရှိတယ်။ ဒီနှစ်ခုကို ပေါင်းလိုက်တဲ့အတွက်ကြောင့် နိုင်ငံရေး သိပ္ပံပညာရှင်တွေက Hybrid Federalism လို့ခေါ်တာ ဖြစ်ပါတယ်။ အကြမ်းအားဖြင့်တော့ သုံးခုရှိတယ်လို့ ပြောလို့ရပါတယ်။
ပြည်သွေးနိုင်။ ။ အဲဒါဆိုရင် ဖက်ဒရယ်အခြေခံပြီး
ပြည်ထောင်စု ဖွဲ့စည်းမယ်ဆိုရင် အကြမ်းဖျင်း အမျိုးအစားသုံးမျိုးရှိတယ်။ ကျွန်တော်တို့ ရေ၊မြေအနေအထား ကိုယ့်နိုင်ငံ နောက်ခံအခြေအနေတွေနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်ပုံစံမျိုးကို ရွေးချယ်သင့်တာပေါ့နော်။ ဆက်ပြီးတော့ ရှင်းပြပေးစေချင်တာက တစ်ပြည်ထောင် စနစ်ရဲ့ အားနည်းချက်တွေကိုတော့ ပြောသွားပြီးပါပြီ။ တစ်ပြည်ထောင်စနစ်ဟာဆိုရင် ရေရှည်မှာတော့ ပြဿနာ တွေ အများကြီးရှိနိုင်တယ်။
ဗဟိုအစိုးရက အာဏာကို ချုပ်ကိုင်ထားတဲ့အတွက် ရေရှည်အတွက် မသင့်တော်ဘူးလို့ ဆရာကြီး ပြောသွားပါ တယ်။ ဖက်ဒရယ်မှာဆိုရင် အားသာချက်တွေလည်း တချို့ ပြောသွားပြီးပါပြီ။ ဥပမာအားဖြင့် ကွဲပြားခြားနားသော ယူနစ်များကို စုစည်းနိုင်စွမ်းရှိတယ်လို့ ဆရာကြီးရဲ့ ဒီမို ကရေစီဖက်ဒရယ်စာအုပ်မှာလည်း ရေးထားတာကို တွေ့ပါ တယ်။ ဖက်ဒရယ်စနစ်ရဲ့ အားသာချက် ဘာကြောင့် ဖက်ဒရယ်လစ်ဇင်ကို လေ့လာသင့်သလဲ။ ဘယ်လိုအားသာ ချက်တွေရှိတယ်ဆိုတာ ဆက်ပြီးရှင်းပြပေးပါဦး။
ဒေါက်တာကျော်ဝင်း။ ။ ဖက်ဒရယ်စနစ်က ကျွန်တော်တို့
အရွယ်အစား ကြီးမားတဲ့ နိုင်ငံတွေ၊ ပြီးတဲ့အခါမှာ လူမျိုးစု၊ ယဉ်ကျေးမှုချင်း ကွဲပြား ခြားနားတယ်။ ဘာသာစကား ကွဲပြားခြားနားတယ်။ အဲဒီလို လူမျိုးပေါင်းစုံနေထိုင်တဲ့၊ တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့ နိုင်ငံများဆိုရင်တော့ ဖက်ဒရယ်နဲ့ ပိုပြီးသင့်တော်တာဖြစ်ပါ တယ်။ ဗဟိုနဲ့ယူနစ်လို့ခေါ်တဲ့ ပြည်နယ်များအကြားမှာ ပေါင်းစည်းပေးဖို့ အကောင်းဆုံးသောနည်းလမ်းသည် ဖက်ဒရယ်နည်းလမ်းဖြစ်ပါတယ်။
အသင့်တော်ဆုံးဖြစ်
အဲဒီတော့ နိုင်ငံတစ်နိုင်ငံမှာ ကြည့်မယ်ဆိုရင် ခုနက ပြောတဲ့ မတူကွဲပြားခြားနားတဲ့အရာ ပေါင်းစည်းတဲ့နေရာမှာ ဒီဖက်ဒရယ်ပုံစံသည် အသင့်တော်ဆုံးဖြစ်ပါတယ်။ ဖက်ဒရယ်နိုင်ငံဆိုရင် ခုနကပြောတဲ့ နှစ်ဦးနှစ်ဖက် အလို အလျောက် ပူးပေါင်းချင်တဲ့ဆန္ဒရှိလို့ လာပြီးတော့ပူးပေါင်း တာဖြစ်တဲ့အတွက်ကြောင့် ပြည်နယ်တွေအနေနဲ့လည်း သူတို့ ပြည်ထောင်စုဖွဲ့မယ်ဆိုရင် သူတို့အတွက် ကာကွယ် ရေးအကျိုးရှိမယ်။ စီးပွားရေး အကျိုးတူပူးပေါင်းဆောင်ရွက် မှုတွေပေးနိုင်တဲ့အတွက်ကြောင့် ဖက်ဒရယ်စနစ်ကို လူကြိုက်များတာဖြစ်ပါတယ်။
ပြည်သွေးနိုင်။ ။ ဒါဆိုရင် ကျွန်တော်တို့လူမျိုး
တွေကွဲပြားမယ်။ ယဉ်ကျေးမှု ပေါင်းစုံရှိတဲ့နိုင်ငံ။ နယ်မြေကျယ်ပြန့်တဲ့နိုင်ငံဆိုရင် ဖက်ဒရယ်စနစ်ကို အထူးစဉ်းစားသင့်တယ်ဆိုတာ ဆရာကြီးပြောခဲ့တာဖြစ်ပါတယ်။ ခွင့်တူညီမျှ ဝါဒဖြူစင် ဖက်ဒရယ်လစ်ဇင်ဆိုတဲ့ အပိုင်း (၁) ကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အပိုင်း(၁)မှာတော့ ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းဆိုပြီးတော့ ဖက်ဒရယ်စနစ် ရဲ့ အခြေခံသဘောတရားတွေ ဖက်ဒရယ်စနစ်၊ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းမယ်ဆိုရင် ပုံစံ ဘယ်နှမျိုးရှိတယ်ဆိုတာ အဲဒါတွေကို တင်ပြသွားတာဖြစ် ပါတယ်။ ဒါ့အပြင် တစ်ပြည်ထောင်စနစ်နဲ့ ပြည်ထောင်စု စနစ်တို့ရဲ့ ကွဲပြားခြားနားမှု၊ အားနည်းချက်၊
အားသာချက်တွေကိုလည်း ဆွေးနွေးသွားတာဖြစ်ပါတယ်ခင်ဗျာ။