
ဟားခါး မေ ၁၃
ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၃)ကို မေ ၁၂ ရက် နံနက် ၁၀ နာရီခွဲက ဟားခါးမြို့ ပြည်နယ် အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။
ကူညီကယ်ဆယ်ရေးကြိုတင်ပြင်ဆင်
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့အကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းကို သက်ဆိုင်ရာ ဌာနမှ ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ သဘာဝဘေး အန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေး အတွက် ကြိုတင်ပြင်ဆင်မှု၊ ဖွဲ့စည်းမှုနှင့် လုပ်ငန်း တာဝန်များ မည်မျှအရေးကြီးသည်ကို သုံးသပ်ရန် လိုအပ်ကြောင်း၊ ကြိုတင်ပြင်ဆင်ထားရှိသည့် အစုအဖွဲ့အင်အားနှင့်စုစည်းမှုကို အကောင်းဆုံးပြင်ဆင် ရမည်ဖြစ်ကြောင်း၊ Disaster Management Centre ( DMC ) ကွပ်ကဲမှုဌာနကိုလည်း လူမှု ရေးရာ ဝန်ကြီးက ဦးစီး၍ ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ ကော်မတီဖွဲ့စည်းထားပေးပြီး ဖြစ်သော်လည်း အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ကော်မတီအသီးသီးကလည်း ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်အစီအမံများ ရေးဆွဲထားပြီးဖြစ်သဖြင့် လက်တွေ့ကျကျ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ လုပ်ငန်းများကို သတင်းပို့ရမည်ဖြစ်ကြောင်း၊ Resource နည်းခြင်း၊ များခြင်းသည်အရေးမကြီးဘဲ လုပ်ငန်းတာဝန်များကို မြန်ဆန်သွက်လက်စွာ ဆောင်ရွက်ရန်သာ လိုအပ်ကြောင်း၊ ယခုအချိန်သည် မုန်တိုင်းအရေးပေါ်ကာလဖြစ်သည့်အတွက် မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်၊ မည်ကဲ့သို့တိုင်ပင်၊ ကြံဆ ဆောင်ရွက်ရမည်ကိုပဲ စဉ်းစားဆွေးနွေးတင်ပြစေလို ကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ အနောက်မြောက်တိုင်း စစ်ဌာန ချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က ယခုအချိန်တွင် လုပ်ငန်းကော်မတီများအားလုံးက ရာနှုန်းပြည့်နီးပါး ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်ရမည့် အပြင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်စီမံထားရှိသည့်အတိုင်း ဆောင်ရွက်နိုင်ရန် အတွက် သရုပ်ပြလေ့ကျင့် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ကြိုတင်ပြင်ဆင်မှုအားကောင်းလေ ဆုံးရှုံး ပျက်စီးမှုနည်းလေဖြစ်မည်ဖြစ်ကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့်ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများဖြစ်ကြသည့် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ နယ်မြေခံတပ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ဇင် အေးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက မိုးများစွာရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပွားနိုင်သည့်အတွက် အန္တရာယ်ရှိနိုင်သည့်နေရာ များတွင်နေထိုင်သော ပြည်သူများအား ယာယီခိုလှုံ ရန် သတ်မှတ်နေရာများသို့ အမြန်ရွှေ့ပြောင်းရန် လိုအပ်ကြောင်း၊ မြို့နယ်အလိုက် ဒေသန္တရအမိန့် များ ထုတ်ပြန်ရမည်ဖြစ်ကြောင်း၊ မြို့နယ်အလိုက် စုဆောင်းထားရှိသည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိများကို သတ်မှတ်သည့် ယာယီခိုလှုံရာနေရာများသို့ တစ်ပတ် စာ ကြိုတင်ထုတ်ပေးထားရန်နှင့် ဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန်၊ Icon စက်များ တပ်ဆင်ပေး ရန်လိုကြောင်း အကြံပြုဆွေးနွေးတင်ပြသည်။
အကြံပြုဖြည့်စွက်ဆွေးနွေး
ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယတိုင်းမှူး နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အကြံပြုဖြည့်စွက် ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက် များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရ သည်။
ခရိုင် (ပြန်/ဆက်)