
နေပြည်တော် အောက်တိုဘာ ၂၄
အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း
“ဟမွန်း” (HAMOON) အခြေအနေ
ယနေ့ ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့ တွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း “ဟမွန်း” (HAMOON)သည် အရှေ့-အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ သံတွဲမြို့၏ အနောက်- အနောက်မြောက်ဘက် ရေမိုင် ၂၅၅ မိုင်ခန့်၊ စစ်တွေမြို့ ၏ အနောက် - အနောက်မြောက်ဘက် ရေမိုင် ၁၄၀ ခန့်၊ မောင်တောမြို့၏ အနောက်ဘက် ရေမိုင် ၁၀၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ဒီဂါမြို့၏ အရှေ့- အရှေ့တောင်ဘက် ရေမိုင် ၁၇၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခီပူပါရာမြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၈၀ ခန့်နှင့် စစ်တကောင်း မြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်သော်လည်း မြန်မာနိုင်ငံ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့သည် အားအလွန်ကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” ၏ အဝန်းအဝိုင်း အတွင်းသို့ ကျရောက်နေပါသဖြင့် အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” ၏ သက်ရောက်မှုကို ခံစားရနိုင်ပါသည်။
အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း “ဟမွန်း” သည် ညနေ ၅ နာရီခွဲတွင် မြောက် လတ္တီကျု ၂၀ ဒသမ ၇ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၀ ဒသမ ၅ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၈၅ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၇၅ မိုင်မှ မိုင် ၈၀ နှုန်းခန့် ဖြစ်သည်။
အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက်သုံးနာရီအတွင်း အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း “ဟမွန်း” အဖြစ်သို့ အားလျော့သွားနိုင်ကာ နောက် ၁၂ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့ တောင်ဘက်အနီးမှ ဆိုင်ကလုန်း မုန်တိုင်းအဆင့်ဖြင့် ဖြတ်ကျော်နိုင်ပြီး ကုန်းတွင်းမုန်တိုင်း ငယ်အဖြစ် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျား နိုင်သည်ဟု ခန့်မှန်းရသည်။
အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” ၏ အရှိန်ကြောင့် ယနေ့ညမှ ၂၆-၁၀-၂၀၂၃ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် နေပြည်တော်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်း လွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင်မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၁၀ ပေမှ ၁၃ ပေခန့် ရှိနိုင်သည်။
သို့ဖြစ်ပါ၍ အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း “ဟမွန်း” ၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ် ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်း ကောင်း၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်း ရေးနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှား နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
မိုး/ဇလ